“ကိုဘသစ်ရေ အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲဆိုတာကို ကြားလိုက်ရတယ်”“မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာ နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲကို ဇူလိုင် ၂၉၊ ၃၀၊ ၃၁ ရက်တို့မှာ ကျင်းပတာကို ပြောတာပါပဲ”“အင်းအရင်က အနှစ် ၅၀ မှာ နိုင်ငံရေးဆိုတာကို လုံးဝမကြားချင်တဲ့ အစိုးရတွေ ရှိတယ်”“လူတွေလည်း ဒီလိုပါပဲ။ နိုင်ငံရေးအသံကို မကြားချင်ကြသူတွေ အများကြီးပဲ။ သခင်ပေါက်စ ထောင်ခြောက်လဆိုတဲ့ စကားရှိတယ်”“မှန်ပါတယ်၊ နိုင်ငံရေးဆိုတာကို ညစ်ပတ်တယ်ဆိုတဲ့ အယူအဆတွေ အများကြီး ရှိတယ်”“လူတွေရဲ့ အတ္တကိုပြောတာပါ။ နိုင်ငံရေး အာဏာရထားတဲ့လူတွေဟာ သူတစ်ပါးရဲ့ စကားကို အလေးထားရကောင်းမှန်း မသိကြဘူး။ သူတို့မှာ ဒီလိုအလေးထားဖို့ အချိန်မရတာလည်း ဖြစ်နိုင်တယ်။ သူတို့အနေနဲ့ အမှားတွေ လုပ်မိတယ်ဆိုလည်း ဘယ်တော့မှ ဝန်မခံတတ်ဘူး။ အာဏာရထားတဲ့ ဘယ်ခေါင်းဆောင်မှ ကျွန်တော်မှားသွားပါတယ်ဆိုပြီး မပြောဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့အလုပ် မဟုတ်ဘူး။ လူတွေက ညစ်ပတ်တာတွေကြောင့် နိုင်ငံရေးဆိုတဲ့စကား ညစ်နွမ်းရတယ်လို့ ဆိုတယ်”“ဟုတ်ပါတယ် နိုင်ငံရေးနဲ့ အကျင့်ပျက်ခြစားမှု (Corruption) ဆိုတာတွေ တွဲပါလာတတ်တယ်။ အထူးသဖြင့်အကြွင်းမဲ့ အာဏာရလာတဲ့အခါ အကျင့်ပျက်တော့တာပါပဲ။ ဒါကြောင့် ပါတီမှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဘယ်လောက်ကြာကြာ လုပ်ကြလုပ်ကြ လုပ်ခွင့်ရကြပေမယ့် သမ္မတလို နိုင်ငံအကြီးအကဲ ရာထူးကိုတော့ သက်တန်းနှစ်ကြိမ်ထက် မပိုသင့်ဘူးဆိုပြီး သတ်မှတ်တာ အာဏာရူးမှာ စိုးလို့ပဲတဲ့”“နိုင်ငံရေးနဲ့ စာပေဟာ တစ်တွဲတည်း အတူတကွရှိမရှိ သိချင်တယ် ကိုဘသစ်”“ဗိုလ်ချုပ်အောင်ဆန်းကတော့ လွတ်လပ်ရေးရရင် သူစာရေးဆရာ လုပ်မယ်လို့ ဆိုတယ်”“ခု စာရေးဆရာအချို့ဟာ စာရေးဆရာ ဖြစ်ပြီးမှ နိုင်ငံရေးလုပ်တာတွေ အများကြီးပဲ၊ သူတို့ဘာကြောင့် ဒီလိုဖြစ်တာလဲ”“တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ဖြစ်မှာပေါ့ဗျာ၊ တကယ်တော့ စာပေနဲ့ နိုင်ငံရေးဆိုတာ အတော်လေးကို နီးစပ်တယ်။ စာရေးဆရာတွေဟာ သတင်းဆောင်းပါးဖြစ်ဖြစ် ရသစာပေပဲဖြစ်ဖြစ် ဘာကိုရေးရေး နိုင်ငံရေးတွေ အတော်ပါတယ်။ အမြဲတမ်းလိုလို အစိုးရကို ဆန့်ကျင်ထောက်ပြတာတွေ ပါတယ်။ သရော်တယ်။ အစိုးရရဲ့ လိုအပ်ချက်တွေကို ပုံစံအမျိုးမျိုးနဲ့ရေးတယ်။ ဥပမာ သရော်စာတို့ ပြဇာတ်တို့ဟာ အင်မတန် ထင်ရှားတဲ့ နိုင်ငံရေးကို သရော်တဲ့ စာပေတွေပါတယ်။ ဝတ္ထုတွေလည်း ဒီအတိုင်းပဲလေ။ ဂေါ်ကီရဲ့ အမေတို့ သိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသားတို့ဟာ နိုင်ငံရေးကို အဓိက အခြေခံတယ်”“နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဝတ္ထုတွေ အတော်များတာပေါ့ ဟုတ်လား”“အများကြီးပါ။ ဒါကသဘောကို ပြောတာပါ။ တကယ်တော့ ဝတ္ထုကောင်းတွေ အားလုံးဟာ နိုင်ငံရေးစာပေတွေပါပဲ။ မာဂရက် မစ်ရှဲလ်ရဲ့ (Gone with The wind) တို့ကအစ စစ်ကိုင်းဦးဖိုးသင်းရဲ့ ဖာတစ်လုံးခေါင်းကျားတို့ အပါအဝင် စာအုပ်တွေ အားလုံးဟာ နိုင်ငံရေးကို တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေတာပါပဲ”“ဘာဖြစ်လို့လဲ”“လူဆိုတာ နိုင်ငံရေးသားကောင် (Political Animals) ပဲလေ။ လူတွေလုပ်တာ ကိုင်တာတွေ အားလုံးဟာ နိုင်ငံရေးကို ထင်ဟပ်လေတော့ တကယ်တမ်း စာအများစုဟာ နိုင်ငံရေးတွေ ပါနေတာပဲပေါ့”“ဒါဆိုရင် ကိုဘသစ်ကို မေးချင်တယ်။ ကိုဘသစ်က နိုင်ငံတကာ စာပေကို နှံ့စပ်တော့ နိုင်ငံတကာမှာကော နိုင်ငံရေးစာပေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာတွေရှိလား”“ဒီနှစ်မှာပဲ ကနေဒါနိုင်ငံ ဘိုးဂက်စ်စာပေပွဲတော် (Bogas Literature Festival) မှာ အိုလီဗာစီနီယာ (Olive Senior)က “စာပေဟာ နိုင်ငံရေးဖြစ်သင့်သလား” ဆိုပြီး ဆွေးနွေးသွားတာကို အင်တာနက်ပေါ်ကနေ နားထောင်လိုက်ရဖူးတယ်”“နိုင်ငံရေးစာပေနဲ့ ပတ်သက်တာတွေ ပြောသွားတာပေါ့ ဟုတ်လား”“သူပြောသွားတာကတော့ ပြည့်စုံပြီး သဘောကျစရာကောင်းတဲ့ အကြောင်းအရာတွေ အများကြီးပါတယ်။ ဒါပေမဲ့ သူက ယနေ့မှာ လူတိုင်းလို စာရေးဆရာဖြစ်လို့ ရနေတယ်။ အဓိကကတော့ တက္ကနိုလိုဂျီက သူတို့ကို တံခါးဖွင့်ထားပေးတယ်။ သူတို့အနေနဲ့ စာပေကို တန်ဖိုးထားဖို့ကို တင်ပြသွားတယ်”“အင်း၊ တန်ဖိုးရှိတဲ့ စာတွေဆိုတာကို ဘယ်လိုသတ်မှတ်လဲဆိုတာ အရေးကြီးသေးတယ်။ အရင်ခေတ်က ထီးဟန်နန်းဆန်တာတွေနဲ့ရေးမှ စာပေတန်ဖိုး ရှိသလို ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ မန္တလေးစာရေး ဆရာတွေရဲ့ စကားပြော စကားပြေတွေ ထွက်လာတယ်။ ပထမတော့ ဒါကိုတန်ဖိုးမရှိတဲ့ စာပေလို့ ယူဆတယ်။ ခုတော့ ဒါကိုလက်ခံလာတယ်။ “နိုင်ငံရေး စာပေအကြောင်း ပြန်ဆက်ရမယ်ဆိုရင် နိုင်ငံရေးနဲ့စာပေကို တသီးတသန့် ခွဲထုတ်ရင် ကောင်းမယ်ထင်တယ်”“စာပေကို ကျွန်တော်တို့က အနုပညာ (Art) လို့ခေါ်ကြသလို နိုင်ငံရေးဆိုတာလည်း အနုပညာ (Art) တစ်မျိုးပါပဲ။ နိုင်ငံရေး အနုပညာ (Art) ကို ဘယ်သူတွေက သုံးတာလဲ”“အိုလီဗာစီနီယာ (Olive Senior) ကတော့ နိုင်ငံရေးကို (The art of government) လို့ ခေါ်သွားပါတယ်။ အစိုးရက အဓိက သုံးတာပဲပေါ့။ အစိုးရသုံးတော့မှလည်း ထင်ရှားတာ ဖြစ်မှာပါပဲ”“အာဏာရှင်တွေကရော နိုင်ငံရေး အနုပညာကို သုံးတာပဲလား”“သူ့ကိုတော့ အနုပညာဆန်တယ်လို့ မပြောနိုင်ဘူး။ ဦးနေဝင်းပြောတဲ့ တုတ်တုတ်ချင်း ဓားဓားချင်းဆိုတာ အနုပညာလို့ ပြောရခက်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်ကိုသွားပြီး လွတ်လပ်ရေးတောင်းတော့ အကောင်းဆုံးကို မျှော်လင့်ထားပါ။ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါဆိုတာ အနုပညာပေါ့”“ဒါဆိုရင် ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကား ရှိတယ်။ ဒီမိုကရေစီစနစ်မှာ အမတ်လုပ်ချင်တဲ့ လူတွေဟာ အပင်ပန်း အဆင်းရဲခံနိုင်ရမယ်။ အစွမ်းကုန် အလုပ်လုပ်နိုင်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်တဲ့။ အဲဒါရော အနုပညာပါလား”“ဗိုလ်ချုပ်တို့လည်း ဒီလိုပြောခဲ့တာပဲ၊ ပြဲနေအောင် လုပ်မှဆိုတာမျိုး ပြောခဲ့ပါတယ်။ ဝစ်စတန်ချာချီဆိုလည်း ကျွန်တော်တို့ဟာ လေထဲမှာလည်းတိုက်မှာ မြေပြင်မှာလည်း တိုက်မယ် ဆိုတာမျိုး ပြောသွားတာပဲ။ ဒါတွေဟာ လိုအပ်ချက်တွေကို မြင်သာအောင်ပြောတော့ ကျွန်တော်က (Art) လို့ပဲ ထင်တယ်”“ရသစာပေတွေဟာ ဒီလိုနိုင်ငံရေးကို ထိရောက်အောင် ရေးနိုင်ပါ့မလား”“စာရေးဆရာတိုင်းဟာ နိုင်ငံရေးစာပေကို ရေးပါတယ်”“ကျွန်တော်မှတ်မိတယ်၊ အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာကို ထောက်ပြရမယ် ဆိုတာပေါ့။ မင်းတုန်းမင်းကြီး ပြောသလိုပါပဲ၊ ငါမှားငါ့ကိုရေး၊ ငါ့မိဖုရားမှား မိဖုရားကို ရေးဆိုတာမျိုးပေါ့”“မှန်ပါတယ်။ သတင်းသမားကတော့ အချက်အလက်တွေကိုပဲ အဓိကထားရေးတယ်။ ဒါပေမဲ့ ရသသမားကျတော့ ဇာတ်လမ်းကိုဆင်ပြီး လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်တယ်။ ကဗျာတို့ဝတ္ထုတို့ ပြဇာတ်တို့ဟာ ဒီနိုင်ငံရေးစာပေမှာ အတော်လေးကို ထိရောက်တာကို တွေ့ရတယ်”“ကိုဘသစ် ပြောမှပြဇာတ်ဆိုလို့ ပြောရဦးမယ်။ ဦးနုရဲ့ လူထုအောင်သံပြဇာတ်ဟာ ကွန်မြူနစ်တွေ အတော်လေး ကသိကအောင့် ဖြစ်ရတဲ့ ပြဇာတ်ပါပဲ။ လူတွေရဲ့ ရင်ထဲရောက်တာကိုး”“မှတ်မိတယ်၊ ကျောင်းဆရာဘိုးဆိတ်ဟာ ကွန်မြူနစ်ဗိုလ်ကို ပြန်ပြောလို့ အစည်းအဝေးမှာ သတ်ခံထိတာ ဆိုတာမျိုး၊ ကွန်မြူနစ်တွေက နွားဆွဲသွားလို့ ဗိုလ်ကြီးရယ်ကျွန်တော့် နွားလေးကို ချမ်းသာပေးပါ ဆိုတာမျိုးဟာ ကျွန်တော်တို့ ခေါင်းထဲကနေ မထွက်ဘူး”“ဒါတွေဟာ လူတွေရဲ့ ဖန်တီးမှု အနုပညာပါပဲ။ စာပေဟာ လူတွေရဲ့ ဘဝကို ထင်ဟပ်စေတဲ့အတွက် နိုင်ငံရေးကို အများကြီး အထောက်အကူပြုတာပါပဲ”ကိုဘသစ်က ကျွန်တော့်ကို စာပေအကြောင်း ရှင်းပြသည်။“ဒီနေရာမှာ အနောက်တိုင်းကတော့ စာပေဆိုတာ (literature) လိုခေါ်တယ်။ စာနဲ့ရေးထားတိုင်း (literature) လို့ မခေါ်ကြဘူး။ ဂျာနယ်လစ်ဇင် (journalism)၊ သမိုင်း (history)၊ နိုင်ငံရေးသိပ္ပံ (political science)၊ ကြော်ငြာ (advertising) ပါတီသဘောထား ကြေညာချက် (party propaganda) စတာတွေကို စာပေလို့ မခေါ်ဘူး။ အမှန်တော့ ကျွန်တော်တို့ အရေးအသား ပုံစံမတူတာကြောင့်သာ စာပေနဲ့ အခြားစာများ ကွာနေတာလည်း ရှိတတ်ပါတယ်”“ဘယ်လိုမျိုးလဲ”“ဥပမာ ဂျာနယ်လစ် တစ်ယောက်ဟာ အိမ်ရာတွေ ရှားပါးနေတဲ့အတွက် ပြည်သူတွေ အဆင်မပြေတာကို ရေးတယ်ဆိုပါစို့၊ သူဟာ အချက်နဲ့အလက်တွေ စုံညီစွာတင်ပြပြီး ဘယ်လိုရှားပါးတယ် ဆိုတာကို ရေးမှာပါပဲ။ အဲဒီအတွက် ဆန္ဒပြပွဲတွေ ဖြစ်လာတယ်ဆိုရင်လည်း ဂျာနယ်လစ်ကို အင်တာဗျူးတွေ လုပ်ပြီးတော့ ရေးမှာဖြစ်တယ်”“ဟုတ်ပါတယ်”“ရသဝတ္ထုရေးတဲ့ စာရေးဆရာ (Novelist) က ဒါကိုရေးရင်တော့ ဇာတ်ကောင် တစ်ယောက်ကို ဖန်တီးပြီး သူအဆင်မပြေတဲ့ အကြောင်းကို ရေးပြမယ်။ အိမ်မဲ့ရာမဲ့ဖြစ်လို့ မိန်းကလေးကို လက်မထပ်နိုင်တာမျိုးကို ရေးမယ်။ အခြားလူတွေရင်ထဲ ပိုပြီးထိသွားအောင် ဆိုရင် နှစ်ယောက်စလုံး မြစ်ထဲခုန်ချ အဆုံးစီရင်တာမျိုးတွေ ရေးမယ်။ ဒါပေမဲ့ သေကံမရောက် သက်မပျောက်လို့ ငါးဖမ်းလှေက ဆယ်ယူတာမျိုးတွေနဲ့ တန်ဆာ ဆင်ထားရင် လူတွေစွဲသွားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်လာနိုင်တယ်။ နှစ်ယောက်စလုံး သေသွားတယ် ဆိုရင်လည်း မြို့ပေါ်မှာ ဒါနဲ့ပတ်သက်ပြီး မြို့တော်ဝန်နဲ့ ခရိုနီများကို ဆန္ဒပြတာမျိုးတွေ ရေးလို့ရတယ်။ တကယ်တော့ ရည်ရွယ်ချက်တွေကတော့ အတူတူပါပဲ။ ဒါကို ကဗျာဆရာကလည်း ကဗျာဖွဲ့တာတွေ ရှိတတ်ပါတယ်”“ဒါဆိုရင် (Novelist) က ကုန်ကြမ်းတွေ အများကြီးပေါ့”“ဟုတ်တယ်။ တစ်ကမ္ဘာလုံးဟာ သူရဲ့ကုန်ကြမ်းပဲ၊ တော်တဲ့ စာရေးဆရာတွေဟာ သူတို့ရေးသမျှတွေမှာ လူတွေရဲ့ အကြောင်းတွေပါနေတော့ နိုင်ငံရေးကို ထင်ဟပ်လေ့ ရှိတာပဲပေါ့”“ဒီတော့ လူတွေရေးတဲ့ စာပေတွေ အားလုံးလိုလိုဟာ နိုင်ငံရေးစာပေတွေပါပဲလို့ သတ်မှတ်လို့ရတယ်ပေါ့ ဟုတ်လား ကိုဘသစ်”“ဟုတ်ပါတယ်။ ဒါပေမဲ့ စာရေးဆရာ (Novelist) အနေနဲ့ နိုင်ငံရေး စာပေသီးသန့် ရေးသူလည်းရှိသလို စာရေးရင်းနဲ့ နိုင်ငံရေးတွေ ပါသွားတာလည်း ရှိပါတယ်။ ဒုတိယ အမျိုးအစားက ပိုများပါတယ်။ အမှန်တော့ သူရဲ့ စိတ်စေတနာနဲ့ သူ့ကမ္ဘာကြီးမှာ ဖြစ်နေတာတွေကို သူရေးတဲ့အခါ သူရဲ့နိုင်ငံရေး အမြင်တွေ ပါလာမှာပါပဲ”“ဒါဆိုရင် ဝတ္ထုကောင်းမှန်သမျှ နိုင်ငံရေးစာပေလို့ သတ်မှတ်မလား”“ကျွန်တော်ပြောတာဟာ အစွန်းတစ်ဖက်ကိုတော့ ရောက်ချင်ရောက်နေမှာပါ။ ဒါပေမဲ့ နိုင်ငံရေး စာပေစာတမ်းဖတ်တယ်ဆိုတာ ယနေ့ဒီမိုကရေစီခေတ်မှာ သံချောင်းခေါက်တပ်လှန့် နှိုးဆော်လိုက်တာပဲလို့ ပြောချင်ပါတယ်”“အမှောင်ပျောက်လို့ အလင်းခေတ်ကို ရောက်တော့မှာကို ရည်ညွှန်းတာပဲပေါ့”










