ဝါဆိုဝါခေါင် ရေဖောင်ဖောင်

ဝါဆိုဝါခေါင် ရေဖောင်ဖောင်
Published 30 July 2016
မောင်ဆွေဝင်း (ပဲခူး)

မုတ်သုံလေ အားကောင်းတာရယ်၊ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုတွေရယ်ကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံတစ်ဝန်း မိုးများမှုတွေ ရှိနေတာ တွေ့ရပါတယ်။ ဘယ်လောက်များသလဲဆိုရင် တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ အထိပါ။ ခုလို ပုံမှန်မဟုတ်ဘဲ ရာသီဥတုတွေ ဖောက်ပြန်နေတယ်ဆိုတာ လူသားတွေကြောင့်လို့ သိပ္ပံပညာရှင်တွေက ဝန်ခံလိုက်ရပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတော့ ကမ္ဘာ့ရာသီဥတုဟာ ပုံမှန်ပါပဲ။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေဟာ ရာသီဥတုကို အခြေပြုပြီး “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” “နယုန်မိုးသေး မြက်သားမွေး”၊ “တော်သလင်း နေပုစွန်သေ” စတဲ့ ဆိုရိုးစကားတွေက ပုံမှန် လည်ပတ်နေတဲ့ ရာသီဥတုကို ရည်ညွှန်းပြီး ပြောဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီလို အခြေအနေမျိုးတွေ မဟုတ်တော့ပါဘူး။ ကမ္ဘာပေါ်မှာ လူဦးရေက တရိပ်ရိပ်တက်လာတာ။ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထုတ်လွှတ်မှုတွေ တအားများလာတာတွေဟာ ရာသီဥတုနဲ့ ပတ်သက်လို့ ဘယ်လိုမှ မှန်းဆလို့ မရတဲ့ အခြေအနေတွေနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ရင်ဆိုင်နေကြရပါပြီ။ ဒီအထဲမှာမှ ရေကောင်းရေသန့်ရဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် အရေးကြီး ကိစ္စဖြစ်နေပါတယ်။ အနာဂတ်ဆိုလို့ အခုလက်ရှိ အချိန်တွေမှာရော ရေချိုရေသန့်တွေ လုံလောက်မှု ရှိနေပြီလားလို့ မေးလာခဲ့ရင်တော့ ခေါင်းခါပြရမှာပါ။ ကမ္ဘာပေါ်မှာ ရေတွေ အလျှံပယ်ရှိနေတယ် ဆိုပေမယ့် လူသားတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေကတော့ ကြာလေရှားလေ ဖြစ်နေပါတယ်။ သိပ္ပံပညာရှင်တွေကလည်း ရေချိုရရှိရေးအတွက် နည်းအမျိုးမျိုးနဲ့ ကြံဆနေတယ်ဆိုတာ သတင်းတွေမှာ ဖတ်နေရပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ရေချို (Fresh Water) လိုအပ်ချက်တွေ အဆမတန် လိုအပ်လာတာကြောင့် သီလဝါ အထူးစီးပွားရေးဇုန်ကို တစ်ရက် ရေဂါလန်သန်း ၃၀၀ ပေးနိုင်ဖို့ ပဲခူးမြစ်မှ ရေငန်ကို ရေချိုအဖြစ် သန့်စင်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဦးစီးဌာနက လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ လူဦးရေက တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေတာကြောင့် ရေချိုပေးဝေရမှုကို တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ မြေအောက်ရေကို လက်နှိပ်တွင်းတွေက တစ်ဆင့် သုံးစွဲနေကြရဆဲဖြစ်တာကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ တစ်ဖက်ကလည်း ရေချိုသုံးစွဲမှုမှာ အလေအလွင့်က ရာခိုင်နှုန်း ၃၀ ရှိနေတယ်ဆိုတဲ့ သတင်းတစ်ရပ်ကြောင့် ရေချိုတွေ နှမြောစရာ ကောင်းလွန်းနေပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်ကတော့ ၂၀၅၀ ပြည့်နှစ်ရောက်ရင် လက်နှိပ်တွင်းတွေကို အကုန်ပိတ်ပစ်မှသာ မြေကျွံကျမှု အန္တရာယ်က ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ သိရတယ်။“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဆိုတဲ့ စကားသိပ်မှန်မှန်း တကယ် ရေဆာတဲ့အခါ လူတိုင်းခံစားဖူးကြမှာပါ။ ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံရဲ့ ရေချိုပိုင်ဆိုင်မှု ပမာဏဟာ တဖြည်းဖြည်း လျော့နည်းလာနေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေသလဲ ဆိုတာကို ပညာရှင်တွေက သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ မြို့ပြတည်ဆောက်မှုတွေ များပြားလာခြင်း၊ မြေအောက်ရေ ဆုတ်ယုတ်မှု ပိုလာခြင်း၊ သစ်တောတွေ ပြုန်းတီးမှုများလာခြင်းနဲ့ ရာသီဥတုပုံမှန် မဟုတ်ဘဲ ဖောက်ပြန်လာခြင်းတွေကြောင့်လို့ သုံးသပ် ပြောဆိုထားပါတယ်။ တကယ်တော့ ရေချိုကို လွယ်လွယ်ကူကူနဲ့ ရနိုင်တာက မိုးရေပါပဲ။ ဒါပေမဲ့ မုတ်သုံအဝင်နောက်ကျ၊ အထွက်စောတာတွေ များလာတဲ့အတွက် မိုးရေကို လုံလုံလောက်လောက် မရကြတာတွေ ရှိသလို မိုးများပြီး ရေကြီးရေလျှံဖြစ်မှုတွေလည်း ဒီကနေ့ လက်ငင်း ကြုံတွေ့နေရပြန်ပါတယ်။ဟိုတစ်ချိန်တုန်းကတော့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတာ သင့်တင့်မျှတတဲ့ ရာသီဥတု အခြေအနေကို တင်စားပြောကြတာ ဖြစ်ပါတယ်။ “တိမ်တမန်” သီချင်းထဲက စာသားတွေကို ကြည့်ရင်ပဲ ဝါဆိုဝါခေါင် ရေဖောင်ဖောင် ကိစ္စကို ချင့်ချိန်သုံးသပ်နိုင်ပါလိမ့်မယ်။ အဲဒီသီချင်းစာသားထဲမှာ “ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှ မရွာစေချင်ပါပေ။ ဆည်မြောင်း ချောင်းကန်အသစ်တစ်ဖန် တိုးအောင်” ဆိုတာ ကြားရပါလိမ့်မယ်။ ဆိုချင်တာကတော့ ရွာတော့ ရွာပါ။ ဒါပေမဲ့ ရေကြီးရေလျှံအထိတော့ မရွာလိုက်ပါနဲ့လို့ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီနေ့မှာတော့ မိုးက တစ်နေရာမှာ တအားရွာ တစ်နေရာမှာ လုံးဝမရွာဖြစ်နေတော့ လူသားတွေ ဒုက္ခပင်လယ်ဝေနေရတာ သတင်းတွေက ပြောပြနေတာပါ။ ဒုတိယအကြိမ် ရေထိပ်သီး ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တာကြည့်ရင်ပဲ ရေချိုကိစ္စ ဘယ်လောက်အထိ အရေးကြီးနေပြီလဲဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက နှစ်စဉ် မတ်လ ၂၂ ရက်ကို ကမ္ဘာ့ရေနေ့ (World Water Day) အဖြစ် သတ်မှတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တမ်း လေ့လာကြည့်ရင် ကမ္ဘာ့မျက်နှာပြင်ရဲ့ ရာခိုင်နှုန်း ၇၀ ကျော်ဟာ ရေတွေဖြစ်နေတာမို့ ရေတွေအလျှံအပယ် ပေါများနေတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ ဖောင်စီးရင်း ရေငတ်ဆိုတာလို လူသားအားလုံးအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းတဲ့ရေကတော့ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာနေတာပါ။သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်လေ့လာမှုများအရ ကမ္ဘာပေါ်မှာ ရေထုပမာဏ ကုဗမီတာ သန်း ၁၄၀၀ ကျော် ရှိနေပေမယ့် ရေချိုကတော့ အဲဒီပမာဏရဲ့ သုံးရာခိုင်နှုန်းလောက်ပဲ ရှိသတဲ့။ အဲဒီရေချို ဆိုတာတွေကလည်း တောင်နဲ့မြောက် ဝင်ရိုးစွန်းတွေမှာပဲ အများဆုံး စုဝေး တည်ရှိနေတယ်လို့ ဆိုထားပြန်တာကြောင့် ရေချိုရရှိမှုဆိုတာ လိုက်လေဝေးလေ ဆိုတာလို ဖြစ်နေတော့တာပါ။ လူသားတွေဟာ မြေအောက်ရေကို ရေတွင်းတူးခြင်း၊ စက်ရေတွင်းတူးခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုနေကြပါတယ်။ မြေအောက်ရေဟာ သန့်ရှင်းတဲ့ သောက်သုံးရေ ဖြစ်တယ်လို့ မဆိုသာပေမယ့် မြစ်ရေ၊ ချောင်းရေ၊ ကန်ရေနဲ့ စိမ့်စမ်းရေတွေထက်တော့ သန့်ရှင်းမှု ပိုပါတယ်။ရေချိုဟာ လူသားတွေ သောက်သုံးဖို့ တစ်ခုတည်းအတွက် လိုအပ်တာ မဟုတ်ပါဘူး။ စက်မှုလက်မှု ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့်လည်း နည်းပညာတွေ တိုးတက်လာနေတဲ့ ဒီနေ့ခေတ်ကာလမှာ အလျှံပယ် ဖြစ်နေတဲ့ ရေငန်တွေကို ရေချိုဖြစ်အောင် အမျိုးမျိုး ဖန်တီးနေကြတာ ဖြစ်ပါတယ်။ ရေချိုကို ရွှေလို တန်ဖိုးထားကြရမယ့်အစား လူတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် အလဟဿဆုံး ရှုံးမှုတွေ ရှိနေတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖြန့်ဝေပေးနေတဲ့ သောက်သုံးရေဂါလန်သန်း ၁၆၀ ကျော်ထဲက ၆၄ သန်းလောက်ဟာ နေ့စဉ်လေ့လွင့် ပြုန်းတီးနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့က ၂၀၁၃ ခုနှစ်က သတင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီနေ့ဆိုရင်တော့ ဒီထက်များနေမလားပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ ရေပို့တဲ့ ပိုက်ပေါက်မှုတွေ ရှိနေတယ်။ ရေယိုစိမ့်မှုတွေ ရှိနေတယ်။ တရားမဝင် ရေသွယ်မှုတွေ ရှိနေတယ်ဆိုတာ တွေ့ရတယ်။“အနာသိ ဆေးရှိ” ဆိုတဲ့စကားလိုပဲ ဒီလိုချို့ယွင်းချက်တွေကို သက်ဆိုင်ရာက အမြန်ဆုံး ပြုပြင်သွားရမှာ ဖြစ်ပါတယ်။ လူနေမှုဘ၀ မြှင့်တင်မယ်လို့ ပြောနေကြတဲ့နေရာမှာ ရေချိုကိစ္စ အဆင်မပြေရင် အဆင့်မြင့်တယ်လို့ ဘယ်လိုမှပြောလို့ မရပါနိုင်ပါဘူး။ တစ်လောက ကျွန်တော့်မိတ်ဆွေတစ်ယောက်က ရေချိုကောင်းကောင်း မရနိုင်တဲ့ နေရာမျိုးကို အိမ်လခ ဘယ်လောက်နည်းနည်း မငှားခဲ့ဘူးလို့ ပြောတာကြားလိုက်ရတယ်။ ကွယ်လွန်သူ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက “ရေပြဿနာ ဖြေရှင်းပေးနိုင်တဲ့ ပုဂ္ဂိုလ်ကို နိုဘယ်ဆုပေးခဲ့ရင် နှစ်ဆုပေးရမှာပါ။ တစ်ဆုက ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး ကျန်တစ်ဆုက သိပ္ပံပညာရပ်အတွက် ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ရေချိုရဲ့အရေးကြီးပုံကို ဖော်ညွှန်းခဲ့တာပါ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်မှာ ရေတွေလိုတာထက် လျှံနေတယ်။ ဒါပေမဲ့ အနာဂတ်မှာ ရေချိုပြည့်ဝကုံလုံဖို့ကတော့ အလေးအနက် စဉ်းစားပြီး စနစ်တကျ ကြိုတင် ပြင်ဆင်ထားကြရမှာ အသေအချာပါပဲ။

Most Read

Most Recent