ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’၊ မိုင်းလား ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး၊ ၂၁ ရာစု ပင်လုံညီလာခံအား ‘ဝ’နှင့် မိုင်းလားအဖွဲ့ ထောက်ခံကြိုဆိုပြီး မည်သို့ပူးပေါင်း ပါဝင်မည်ကို ငြိမ်းချမ်းရေး ကော်မရှင်နှင့် ယနေ့ ဆွေးနွေးမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’၊ မိုင်းလား ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး၊ ၂၁ ရာစု ပင်လုံညီလာခံအား ‘ဝ’နှင့် မိုင်းလားအဖွဲ့ ထောက်ခံကြိုဆိုပြီး မည်သို့ပူးပေါင်း ပါဝင်မည်ကို ငြိမ်းချမ်းရေး ကော်မရှင်နှင့် ယနေ့ ဆွေးနွေးမည်
Published 29 July 2016
နေရိုင်း၊ ဇေယျာထွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’၊ မိုင်းလား ခေါင်းဆောင်များသည် နေပြည်တော်တွင် ဇူလိုင် ၂၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ‘ဝ’ နှင့် မိုင်းလားအဖွဲ့က၂၁ ရာစုပင်လုံ ညီလာခံအား ထောက်ခံကြိုဆိုပြီး မည်ကဲ့သို့ ပူးပေါင်းပါဝင်မည်ကို ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဇူလိုင် ၃၀ ရက် (ယနေ့) တွင် အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ‘ဝ’ အထူး ဒေသ (၂)မှ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီဗဟို ပေါလစ်ဗျူရို အမြဲတမ်းကော်မတီ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် အဖွဲ့ဝင်များ၊ အထူးဒေသ (၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် အဖွဲ့ဝင်များအား ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးမိုးဇော်ဦးတို့ တက်ရောက်ကြသည်။
ဇူလိုင် ၂၉ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ‘ဝ’ အထူးဒေသ (၂)၊ မိုင်းလား အထူးဒေသ (၄) တို့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်းရေး ကော်မရှင်နှင့် အသေးစိတ် ဆက်လက်ဆွေးနွေးရန် ‘ဝ’ အထူးဒေသ (၂) နှင့် မိုင်းလား အထူးဒေသ (၄) တို့ သီးခြားတွေ့ဆုံ သွားမည်ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
‘‘အဓိကအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လက်ရှိ ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ချက်တွေကို ရှင်းပြတယ်။ အထူးဒေသ (၂) နဲ့ အထူးဒေသ (၄) ကတော့ တစ်လျှောက်လုံးမှာ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ရပ်တည်ချက်တွေ၊ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ချက်တွေ ရှင်းပြတယ်။ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်လို့ အထူးဒေသ (၂) ရော၊ အထူးဒေသ (၄) ရော နှစ်ဖွဲ့စလုံးကနေပြီးတော့ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဘယ်လိုပူးပေါင်း ပါဝင်မယ် ဆိုတာကို မနက်ဖြန်ငြိမ်းချမ်းရေး ကော်မရှင်နဲ့ဆက်ပြီး ဆွေးနွေးသွားမယ်။ အထူးဒေသ  (၄) နဲ့ ရန်ကုန်မှာ အသေးစိတ် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်။ မနက်ဖြန် ‘ဝ’ နဲ့ ငြိမ်းချမ်းရေး ကော်မရှင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး ဆွေးနွေးမယ်။ မိုင်းလားအဖွဲ့နဲ့ထပ်ပြီး ဆွေးနွေးမယ်’’ ဟု သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
‘ဝ’ အထူးဒေသ (၂) အနေဖြင့် မြန်မာနိုင်ငံ အတွင်းတွင်ရှိသည့် အစိတ်အပိုင်း တစ်ခုအဖြစ် ခံယူထားပြီး မြန်မာနိုင်ငံမှ ခွဲမထွက်ရန် အာမခံချက်အား ပြောကြားခဲ့ကြောင်း၊ ၂၁ ရာစု ပင်လုံအပေါ်တွင် ၎င်းတို့အနေဖြင့် မျှော်လင့်ချက် ကြီးကြီးမားမားထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တပ်မတော် အခန်းကဏ္ဍအား ဆွေးနွေးမှု မရှိကြောင်း၊ ပြည်နယ်တောင်းဆိုရေး ကိစ္စအား အဓိက မဆွေးနွေးကြောင်း၊ ပြည်နယ်ကိစ္စနှင့် တိုင်းရင်းသား အခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စများသည် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေးမူဝါဒအရ ဆွေးနွေးမည်ဖြစ်ကြောင်း  ဦးဇော်ဌေးက သတင်းမီဒီယာများအား ရှင်းလင်းပြောကြားသည်။
‘‘အထူးဒေသအဖွဲ့ (၂) က နားလည်မှု လွဲနေတာရှိတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့က ရွေးကောက်ပွဲ မအောင်နိုင်ခင် အတိုက်အခံအနေနဲ့ ပြောတာက တစ်ခုပေါ့။ ရွေးကောက်ပွဲ အောင်နိုင်ပြီးတော့ ပြောတာက အစိုးရဖြစ်လာတဲ့ အချိန်မှာ ပြောတာက တစ်ခုပေါ့။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ သူ့အနေနဲ့ အတိုက်အခံ ဘဝမှာပဲဖြစ်ဖြစ်၊ အာဏာရတဲ့ အချိန်မှာပဲဖြစ်ဖြစ် ပေးထားတဲ့ ကတိကို ဘယ်တော့မှ မဖောက်ဖျက်ဘူးပေါ့။ သဘောထား ပြောင်းတယ် ဆိုတာလည်း မရှိဘူးပေါ့။ အာမခံပြီး ပြောကြားတယ်’’ ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ဆက်လက်၍ “ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အရင်တုန်းက ပြောခဲ့တဲ့စကားနဲ့ ‘ဝ’ ကဆိုရင် နားလည်မှု လွဲတာပေါ့။ NCA နဲ့ပတ်သက်ပြီး ထိုးဖို့မထိုးဖို့ တစ်ချိန်တုန်းက ပြောခဲ့တာနဲ့ ပတ်သက်လို့ အခုပြောနေတဲ့ဟာနဲ့ ပတ်သက်ပြီး အခုသူတို့ နားလည်မှု လွဲနေတာ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောတာက မထိုးနဲ့လို့ မပြောဘူး။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သတိပြုပြီး ဆောင်ရွက်ဖို့။ NCA ထိုးခြင်း မထိုးခြင်းနဲ့ ပတ်သက်ပြီး ပြောခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘော သက်ရောက်မှာစိုးလို့ သူ့အနေနဲ့ သဘောထား မပေးခဲ့ဘူးလို့ ပြောခဲ့တယ်’’ ဟု သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
အစည်းအဝေးပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးပေါက်ယူယိနှင့် အဖွဲ့ဝင်များ၊ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ၎င်းနောက် အထူးဒေသ (၂)နှင့် အထူးဒေသ (၄) မိုင်းလား ကိုယ်စားလှယ် အဖွဲ့များက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ နေ့လယ်စာစားပွဲ အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ‘ဝ’ အထူးဒေသ (၂) နှင့် အထူးဒေသ (၄) မိုင်းလားမှ အဖွဲ့ဝင်များ၊ လူငယ်များနှင့် အမျိုးသမီးငယ်များ တစ်ရာကျော်အား တွေ့ဆုံသည်။
အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ရှမ်းပြည်နယ် အထူးဒေသ (၂) UWSA မှ ‘ဝ’အဖွဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သော အဖွဲ့နှင့် ရှမ်းပြည်နယ် အထူးဒေသ (၄) မှ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့တို့အား တွေ့ဆုံခဲ့ကြောင်း Senior General Min Aung Hlaing Facebook တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး UWSA ‘ဝ’ အဖွဲ့မှ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိနှင့် တာဝန်ရှိသူများ၊ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် တပ်မတော်အနေဖြင့် လမ်းခင်းလုပ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများဖြစ်သည့် တပ်မတော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင် တာဝန်ရှိမှု၊ တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလိုစိတ်ဖြင့် ဆောင်ရွက်နေမှု၊ လက်ရှိဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ စိတ်တူကိုယ်တူဖြင့် ညီအစ်ကို လုပ်ဖော်ကိုင်ဖက်များ အဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲလုပ်ဆောင်ရန် လိုအပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NDAA (မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် UWSA ‘ဝ’ အဖွဲ့မှ ဦးကျောက်ကော်အန်းတို့က သက်ဆိုင်ရာ နယ်မြေအလိုက် ငြိမ်းချမ်းရေးနှင့် ­ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှု အခြေအနေများ၊ ဒေသအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent