တိုင်းရင်းသားများအနေဖြင့် ခွဲထွက်ရေးကို ချန်ထားပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စသည့် အဓိကအချက် သုံးချက်ကို တောင်းဆို တိုက်ပွဲဝင်လျက်ရှိရာ မရမချင်း လက်တွဲဆောင်ရွက်ရန် မိုင်ဂျာယန် အစည်းအဝေး တတိယနေ့ သဘာပတိ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ CNF ဒုတိယဥက္ကဋ္ဌဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တိုက်တွန်းပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၂၈ ရက်က ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပရာ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရာ အစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ရခြင်းမှာ မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံအတွက် ပြင်ဆင်ရန်ဖြစ်ကြောင်း၊ ပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် မတ်လတွင် တစ်ကြိမ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီတွင် တစ်ကြိမ် နှစ်ကြိမ်တိုင် ကျင်းပပြီး ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းစာချုပ်ကြီးချုပ်ဆိုပြီး နိုင်ငံတော်တစ်ခု မွေးဖွားပေးခဲ့ပြီး ပြည်ထောင်စုကြီး ပေါ်ပေါက်ပြီး ဖြစ်သော်လည်း လက်ရှိတွင် ၂၁ ရာစု ပင်လုံကိုထပ်ပြီး ကျင်းပရန် လိုအပ်နေခြင်းမှာ မေးခွန်းကြီး ဖြစ်နေကြောင်း ၎င်းက ဆိုသည်။ဒေါက်တာဆလိုင်းလျန်မှုန်းက “ဒါဟာ မေးခွန်းအကြီးကြီးဖြစ်ပါတယ်။ သမိုင်းဝင် မေးခွန်းကြီး ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးကသော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း၊ လွှတ်တော်ကသော်လည်းကောင်း၊ တပ်မတော်က သော်လည်းကောင်း၊ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး အသီးသီးက သော်လည်းကောင်း ဖြေဆိုရမယ့် အဖြေ ဖြစ်ပါတယ်။ အဲဒီအဖြေကြီးက ကျွန်တော်တို့ရဲ့အနာဂတ်ကို၊ ကျွန်တော်တို့အားလုံးရဲ့ အနာဂတ် ကံကြမ္မာကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ဆိုတော့ ၂၁ ရာစု ပင်လုံစာချုပ်ကြီး၊ ဒါမှမဟုတ် ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပဖို့ လိုတယ်ဆိုတာ ပထမအကြိမ်၊ ဒုတိယအကြိမ် ပင်လုံညီလာခံတွေနဲ့အတူ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်မှာ ချုပ်ဆိုတဲ့ ပင်လုံစာချုပ်ကြီးကို ယနေ့အထိ ပြည့်စုံစွာ၊ လုံလောက်စွာ အကောင်အထည် မဖော်နိုင်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်” ဟု ပြောကြားသည်။ပင်လုံစာချုပ် အကောင်အထည် မဖော်နိုင်၍ မြန်မာနိုင်ငံသည် နှစ်ပေါင်းခြောက် ဆယ်ကျော်ကြာ ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရကြောင်း၊ ပြည်တွင်းစစ်တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ စတေးခဲ့ရပြီးဆုံးရှုံးမှု ပေါင်းများစွာရှိခဲ့ကြောင်း ၎င်းကဆိုသည်။ပင်လုံစာချုပ်သည် ချင်း၊ ကချင်၊ ရှမ်း နှင့် ဗမာ ခေါင်းဆောင်များ ပူးပေါင်းပြီး လွတ်လပ်ရေးရယူရန် ပူးပေါင်းမည်ဆိုသည့် စာချုပ်ဖြစ်ကြောင်း သို့ရာတွင် ပင်လုံစာချုပ်တွင် မည်ကဲ့သို့ ပူးပေါင်းမည်။ ချင်း၊ ကချင်၊ ရှမ်းများ၏ အနာဂတ် မည်ကဲ့သို့ ဖြစ်လာမည်ဆိုသည့် အသေးစိတ် ဖော်ပြချက်မရှိကြောင်း၊ ပင်လုံစာချုပ်၏ အပိုဒ် ၅ တွင် ချင်း၊ ကချင်၊ ရှမ်းတို့က မိမိတို့ နေရပ်အသီးသီးတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့် အဝရှိရမည်ဆိုပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တစ်ခုကိုပဲ ဖော်ပြထားကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မည်ကဲ့သို့ အကောင်အထည် ဖော်မည် အသစ်ထူထောင်မည့် ပြည်ထောင်စုကို မည်ကဲ့သို့ ဖွဲ့စည်းမည်ဆိုသည့်အချက် ပင်လုံစာချုပ်တွင် မပါခဲ့၍ ပင်လုံစာချုပ်မှာပင် နယ်ခြားဒေသ စုံစမ်းရေး ကော်မတီသို့ တည်းမ ဟုတ် တောင်တန်းဒေသ စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။ဒေါက်တာဆလိုင်းလျန်မှုန်းက “အဲဒီ ကော်မတီကြီးထဲမှာ ကျွန်တော်တို့ချင်း၊ ကချင်နဲ့ ရှမ်းက ပူးပေါင်းပြီးတော့ အဆိုတင်သွင်း ချက်ခုနစ်ချက်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ အဆိုတင်သွင်းချက် ခုနစ်ချက်ဟာ ကျွန်တော်တို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် အနှစ်သာရသုံးခုကို ကျွန်တော်တို့ ထုတ်ယူနိုင်ပါတယ်။ အဲဒီ အနှစ်သာရ သုံးခုက ဘာလဲဆိုတော့ နံပါတ် ၁ အမျိုးသား တန်းတူရေး၊ ဒီ ပြည်ထောင်စုကြီးထဲမှာ ကျွန်တော်တို့ ပါလာခဲ့လို့ရှိရင် လူမျိုးရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ တန်းတူရည်တူ အခွင့်အရေး ရှိရမယ်ဆိုတဲ့ဟာ ပါပါတယ်။ နံပါတ် ၂ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်ဆိုတာ ပါပါတယ်။ ကျွန်တော်တို့က ဒီပြည်ထောင်စု မပေါ်ခင်ကတည်းက လွတ်လပ်တဲ့ လူမျိုးတွေဖြစ်တဲ့အတွက် လွတ်လပ်တဲ့ ပြည်ထောင်တွေ ဖြစ်တဲ့အတွက်၊ ဗြိတိသျှမလာခင်တုန်းက သီးခြားအုပ်ချုပ်ပြီးတော့၊ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်တဲ့လူမျိုးတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ်သောအခါမှ မဆုံးရှုံးရဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ နံပါတ် ၃ အ ချက်က ဒီပြည်ထောင်စုထဲမှာ ကျွန်တော်တို့သွားမယ်။ အဆင်မပြေလို့ ကျွန်တော်တို့ မနှစ်သက်တော့ဘူးဆိုရင် အချိန်မရွေး ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိရမယ်ဆိုတဲ့အချက်။ အဲဒီသုံးချက်ဟာ အရေးအကြီးဆုံး အချက်တွေ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့် အတွက်ကြောင့် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ဆောင်ရွက်ရမည့် ကိစ္စများကို ဖဆပလ ခေါင်းဆောင်ကြီးများက မေ့လိုက်ကြကြောင်း၊ တောင်တန်းသားများ ပြည်နယ်သားများက ပင်လုံစာချုပ်ကို သစ္စာမဖောက်ခဲ့ကြောင်း၊ ၁၉၄၇ ခုနစ် ဖွဲ့စည်းပုံသည် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေသာဖြစ်သည်ဆိုပြီး ခံယူခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဖဆပလခေါင်းဆောင် ပြည်ထောင်စုအစိုးရက အမျိုးမျိုးခြယ်လှယ်ပြီး ကျင့်သုံးသည့်အခါ ယင်းကို ပြင်ဆင်နိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ၁၉၆၁ ဇွန်လတွင် တောင်ကြီးညီလာခံ ကျင်းပခဲ့ပြီး ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ကဲ့သို့ ပြင်ဆင် ပြဋ္ဌာန်း ရမည်ဆိုသည့် အချက်ကို တင်သွင်းခဲ့သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။“ယနေ့အထိ ပြည်ထောင်စုမှာနေပြီးတော့ ပင်လုံမှာ ကျွန်တော်တို့ ထားရှိခဲ့တဲ့ ကတိအတိုင်း တောင်တန်းဒေသ စုံစမ်းရေးကော်မတီမှာ ကျွန်တော်တို့ တောင်းဆိုတဲ့ အတိုင်း တောင်ကြီးညီလာခံကနေ ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့အတိုင်း ကျွန်တော်တို့ လိုချင်သောအရာကို ဆက်ပြီးတော့တောင်းဆို တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဒီမှာအရေးကြီးတဲ့ အချက်တစ်ချက်ကို ထပ်ပြီးတော့ တင်ပြလိုပါတယ်။ တောင်ကြီးညီလာခံဟာ Supreme Coulcil of United Hill People က တောင်းဆိုတဲ့ အချက်တစ်ချက်ကို ချန်ထားခဲ့ပါတယ်။ အဲဒီအချက်ကတော့ ခွဲထွက်ရေးပဲ ဖြစ်ပါတယ်။ ခွဲထွက်ရေးကို ချန်ထားပြီးတော့မှ ကျန်တဲ့အချက်ငါးချက်ကို တောင်းဆိုတာ ဖြစ်ပါတယ်။ ယနေ့ အထိ ဒီတောင်းဆိုချက်ကို ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်” ဟုဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။ဆက်လက်၍ ၎င်းက “အဲဒါကြောင့် ဒါတွေကိုခြုံပြီးတော့ ပြောရမယ်ဆိုရင် ယနေ့ ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ကျွန်တော်တို့ ပြင်ဆင်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပြင်ဆင်ချက်က ဒီတောင်းဆိုချက် ပင်လုံကတည်းက ယနေ့အထိ ကျွန်တော်တို့ အဆက်ဆက်သော တောင်းဆိုချက်ထဲက အဓိက အရေးကြီးဆုံးဖြစ်တဲ့ သုံးချက်ကို ဆက်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ အဲဒီသုံးချက်ကတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဖြစ်ပါတယ်။ အဲဒီသုံးချက်အခွင့်အရေးသုံးရပ်ကို ကျွန်တော်တို့က စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ပဲ ထူထောင်လို့ရမယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ ထို့အတွက်ကြောင့် အခုကတည်းက ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြည်ထောင်စုကြီး တစ်ခုလုံး ကမ္ဘာကြီးကိုရော ကျွန်တော်တို့ ကြေညာချင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ တိုက်ပွဲကျွန်တော်တို့ ဆင်နွှဲတဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ ဒီသုံးချက်ကို မရမချင်း ဆက်လက်တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ဒီသုံးချက်ကို ရရှိနိုင်ဖို့ ဒီမိုကရေစီရေး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးကို ရရှိတဲ့ စစ်မှန်သော ဖက်ဒရယ် ထူထောင်နိုင်တဲ့အထိ ကျွန်တော်တို့ အားလုံး လက်တွဲပြီးတော့ တိုက်ပွဲဝင်သွားကြမယ် ဖြစ်ကြောင်း တိုက်တွန်းပါတယ်” ဟု ဆိုသည်။တောင်ကြီးညီလာခံက တင်သွင်းသည့် အရေးကြီးသည့် ဆုံးဖြတ်ချက်ငါးချက်မှာ ပြည်မကို ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရန်၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ်များသာ စေလွှတ်ရေး၊ ပြည်နယ်များက မိမိတို့ဆန္ဒအလျောက် လွှဲအပ်ထားသော အာဏာများကို ပြည်ထောင်စု ဗဟိုအစိုးရထံသို့ ကန့်သတ်၍ ကျန်ရှိသော အာဏာများကို ပြည်နယ်များထံတွင် ထားရှိရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို နိုင်ငံရေးအာဏာသုံးရပ်စလုံး အပ်နှင်းပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ခြင်း မရှိစေဘဲ လွတ်လပ်စွာ ရေးသားပြဋ္ဌာန်းခွင့် ရှိရမည်ဆိုသည် အချက်များဖြစ်ကြောင်း သိရသည်။တောင်ကြီးညီလာခံ၏ တောင်းဆိုမှုကို မပေးလို၍ စစ်အာဏာသိမ်းမှု လုပ်ဆောင်ခဲ့ကြပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့ကြောင်း၊ ၁၉၄၇ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခြင်းသည် ပင်လုံစာချုပ်ကိုလည်း ဖောက်ဖျက်ခြင်းနှင့် အတူတူဖြစ်ကြောင်း ၎င်းက ပြောကြားသည်။















