ထမင်းဝိုင်း

ထမင်းဝိုင်း
Published 28 July 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
ကလေးဘဝတုန်းက အမေနှင့်အတူ တောထဲ ထမင်းထုပ်ပို့ လိုက်သွားခဲ့ဖူးသည်။ များသောအားဖြင့် ထမင်းထုပ်ပို့ပြီး အိမ်ကို တန်းပြန်လာခဲ့ကြသည်က များသည်။ ရံခါ အမေက အခင်းထဲဝင်ပြီး အလုပ်လုပ်နေပြီ ဆိုလျှင် မိမိက လူပိုသက်သက် ဖြစ်တော့သည်။ ထိုအခါမျိုး၌ ကန်သင်းရိုးမှာ မတ်တတ်ရပ်ရင်း လူကြီးတွေ အလုပ်လုပ် နေကြသည်ကို ငေးသည်။ ရံခါ အရိပ်ကောင်းသည့် သနပ်ပင်ရိပ်မှာ အဖေ့ပုဆိုး တစ်ထည်ခင်းပြီး စည်းစိမ် ယူနေလိုက်သည်။
အလုပ်နားချိန်မှာ လူကြီးတွေ ထမင်းစားကြတော့ အမေနှင့်မိမိက မစား။ ခုလေးတင်မှ အိမ်ကစားလာ ခဲ့သောကြောင့် ဖြစ်သည်။ ထမင်းထုပ်ကိုဖြေရင်း ‘‘ဗျိုး ကိုရင်ဘရီ၊ လာလေဗျာ ထမင်းစားကြစို့’’ ဟု အဖေက လှမ်းအော်လိုက်လျှင် ‘‘လာခဲ့မယ်ကိုရင်ရေ့ စားနှင့်စားနှင့်’’ ဟု တစ်ဖက်ကလည်း ပြန်အော်သည်။ လူကြီးတွေက တစ်ဦးကိုတစ်ဦး ‘ကိုရင်’ တပ်ပြီးခေါ်လေ့ရှိသည်။ အမေကလည်း အဖေ့ကို တစ်သက်လုံး ‘ကိုရင်ဘိုကြီး’ ဟုသာ ခေါ်ခဲ့သည်။ ယခု မိမိတို့အရပ်၌ ထိုခေါ်သံမျိုးကို မကြားရတော့။ တစ်ယောက် ယောက်ကများ ထိုပုံမျိုး ခေါ်လိုက်မည်ဆိုလျှင် ‘တောသံကြီးနဲ့ မခေါ်စမ်းပါနဲ့အေ’ ဟု အချို့က ဆိုကြမည်လား မဆိုနိုင်၊ ခေတ်အရွေ့က မြန်လွန်းသည်။
(၂)
ကန်သင်းရိုး ထမင်းဝိုင်းကလည်း စာဖွဲ့ယူရလောက်အောင် ရိုးစင်းသည်။ တိုက်ပန်းကန်ပြားမပါ။ စားပွဲ၊ ကုလားထိုင်မပါ၊ စားပွဲခင်းတို့ ဇွန်းခက်ရင်းတို့ဆိုတာ ဝေလာဝေး။ လက်သုတ်ပဝါမျှပင်မပါ။ စားပြီးတော့ ထမင်းထုပ် ထုပ်လာသည့် ပုဆိုးကို သုတ်လိုက်ကြသည်က များသည်။ အချို့ကလည်း ကိုယ့်ပုဆိုး ကိုယ် သုတ်လိုက်ကြသည်။ ထိုအဖြစ်က ပေါ့သေးသေးတော့ မဟုတ်၊ ‘အထက်ပိုင်းက မျက်နှာသုတ်ပဝါလေ၊ အောက်ပိုင်းကတော့ လက်သုတ်ပဝါ’ ဟု အငြိမ့်လူပြက်တွေ ပြက်လုံးထုတ်ရသည်အထိ တွင်ကျယ်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။
ဒီဘက်အခင်းက ထမင်းထုပ်ဖြေအံ့ ဆဲဆဲ၌ ဟိုဘက်အခင်းက လူတွေကလည်း ထမင်းထုပ်တွေဆွဲပြီး ချီတက်လာကြသည်။ ဆာကလည်း ဆာပြီဆိုတော့ အောင်သေအောင်သား စားကြမည့် စစ်သူကြီးများပမာ အားလုံးက မြူးထူးသွက်လက် နေကြသည်။ သီချင်းတကြော်ကြော်ဖြင့် လာသူကလာသည်။ လေတချွန်ချွန်ဖြင့် လာသူကလာသည်။ စကားတပြောပြောဖြင့် လာသူကလာသည်။ တောထဲတောင်ထဲမှာ ပြောကြသည့် စကားမို့လည်း တိုးတိုးတိတ်တိတ်ဟု တစ်ခွန်းမျှမရှိ။ အားလုံးက အော်ကြီးဟစ်ကျယ်ချည်း ဖြစ်သည်။
ထမင်းထုပ်ကိုဖြေပြီး စားကြတော့မည် ဆဲဆဲ ‘ဝူး’ ထိုးသံ တစ်ချက်ပေါ်လာသည်။ တောထဲ၌ တစ်ဦးကိုတစ်ဦး အချက်ပေးလိုလျှင် ‘ဝူး’ ဆိုပြီး လှမ်းအော်သည့် ဓလေ့က ဘိုးဘွားအမွေအနှစ် ဖြစ်ဟန်တူသည်။ ဒီဘက်က ‘ဝူး’ ပြန်ထိုးလိုက်တော့ ထိုတစ်ယောက်က ခေါင်းခုကိုဖြေပြီး ဝှေ့ယမ်းပြသည်။ ခဏစောင့်ကြဦးဆိုသည့် အဓိပ္ပာယ်။ ခပ်သွက်သွက် လျှောက်လာသူက အမေ့ညီမဝမ်းကွဲ အဒေါ်လှသီ။ ‘‘စားနေကြပြီလား၊ နွားချင်းသုပ်လာပို့တာ’’ ဟု ယာနှစ်ကွက်ကျော်လောက်မှ လှမ်းအော်သည်။ ‘‘ဟုတ်တယ်ဗျို့၊ မနေ့က အိမ်ကနွားမကြီးက သားကျလို့’’ ဟု ဦးလေးအောင်မောင်းက ဆိုလိုက်တော့ ‘‘သည်းခံစောင့်ဆိုင်းရတာ ပေါ့လေ’’ ဆိုသည့် အဓိပ္ပာယ်ဖြင့် ကြွေရည်သုတ် ဇလုံထဲမှ လက်ကို ပြန်ရုပ်သူကရုပ်သည်။
(၃)
မိမိတို့အရပ်၌ အသားငါး ဆိုသည်က စစ်ကိုင်း၊ မန္တလေးဘက် ကုန်စိမ်းရောင်းပြန် လာချိန်မျိုးကျမှ ကြုံရဆုံရသည့် ရှားပါး ဓာတ်စာတစ်မျိုးဖြစ်သည်။ ဘုရားပွဲ၊ ကျောင်း ပွဲ၊ အလှူမင်္ဂလာပွဲရှိချိန်မျိုးကျမှ စားရသောက် ရသည့် စားမြိန်စာဖြစ်သည်။ များသောအား ဖြင့် ဘဲဥ၊ ကြက်ဥ၊ အကြော်၊ အချက်လောက် ဆိုလျှင်ပင် ကောင်းလှပြီ။ ကိုယ့်အိမ်က နွားမ ကြီးက နွားလေးတစ်ကောင်မွေးပြီဆိုလျှင် သားကျကျချင်း အချင်းထုပ်ကို မလှမ်းမကမ်း မှ စောင့်ပြီး ကောက်ယူကြရသည်။ မြန်မြန် ကောက်လျှင်ကောက်၊ မကောက်လျှင် နွားမ ကြီးက ကောက်စားပစ်လိုက်သည်။ ထိုအချင်း ကိုပြုတ်၊ အလောတော်အတုံးလေးတွေလှီးပြီး ရှောက်ရွက်၊ နံနံပင်၊ ကြက်သွန်မြိတ် စသည်တို့ဖြင့် ရောကောသောကော လုပ်လိုက်တော့ ‘နွားချင်းသုပ်’ ဟု ဖြစ်ရသည်။
အဒေါ်လှသီ၏ နွားချင်းသုပ်ဇလုံကို ထမင်းဝိုင်းအလယ်မှာ နေရာပေးလိုက်သည်။ ဒီဝိုင်းမှာ သူက ရွှေမန်းတင်မောင်ကိုး။ မြူအိုးလေးများကို ပတ်ချာလှည့်တည်ပြီး ‘ဤသည့် စားဖွယ်၊ အမယ်မယ်ကို’ ရွယ်ကာရွယ်ကာ လွေးကြတော့သည်။ အချို့က တင်ပျဉ်ခွေ လျက်၊ အချို့က ဒူးတစ်ဖက်ထောင်လျက်။ အစ ပိုင်းကတော့ တို့ကနန်းဆိတ်ကနန်း။ အရှိန် ရလာချိန်၌ လက်ကသွက်လာပြီ။ ဇလုံကြီး ထဲကထမင်းတွေ ကုန်ခါနီးချိန်၌ မြူအိုးလေး တွေထဲက ခရမ်းချဉ်သီးအူပေါက်ချက်နှင့် ပဲရေပွကြော်လည်း ဇီဝိန်ကြွေလုပြီ။ စဉ့်ပန်း ကန်ထဲက ငရုတ်သီးကြော်ကတော့ တော်တော် အသက်ပြင်းသည်။ နွားချင်းသုပ်ဇလုံဖင်ကပ်ထဲ ထမင်းခဲ လက်သီးဆုပ်လောက်ကို ထည့်ပြီး လူးလိုက်ချိန်က ထမင်းဝိုင်း၏ ဇာတ်သိမ်းခန်း ဖြစ်တော့သည်။
ပြီးလျှင် ထုံးစံမပျက် လက်ဆေး၊ လက်သုတ်ပြီးနောက် သစ်တစ်ပင်ရင်းသို့ချဉ်းကာ ဆေးတစ်ဖွာဖြင့် မှေးသူကမှေးသည်။ ‘အခင်း ထဲ နွားဝင်တာ ခက်ရင်းနဲ့လှမ်းထိုးလိုက်လို့ သူကြီးအိမ် ရောက်ရသည့်ကိစ္စ’ ကို ပြောသူက ပြောသည်။ ‘ဗွေဆိုးပါတာ သေချာမကြည့်ဘဲ သွားလဲလိုက်တော့ ဒီကောင်ရှုံးတာပေါ့ကွာ’ ဟု ရွာတောင်ပိုင်းက နွားအလဲအထပ် ကိစ္စကို စားမြုံ့ပြန်သူကပြန်သည်။ မြူအိုးလေးတွေကို ဇလုံကြီးထဲပြန်ထည့်၊ ပုဆိုးပိုင်းဖြင့် ပြန်ထုပ်ပြီး ထမင်းဝိုင်းကို သိမ်းသူကသိမ်းသည်။
(၄)
ငယ်စဉ်ကတော့ ရာသီအလိုက်ပေါ်သည့် ကောက်ပဲသီးနှံတို့ကို စားသောက်ရင်း ကြီးပြင်းခဲ့ရသည်။ မိုးဦးကျ ရာသီမျိုး၌ အများဆုံး စားသောက်ခဲ့ရသည့် ဟင်းလျာက ဆူးပုပ်ရွက် အရည်သောက်တို့၊ မြေပဲညှောက်သုပ် တို့ဖြစ်သည်။ ရွာထိပ် တောင်တစ်ကြောမှ မှို ချိုး၊ မျှစ်ချိုး ချိုးလာပြီး ဟင်းတစ်အိုးတည် သူတို့လည်းရှိသည်။ ချဉ်ပေါင်ရွက်တို့၊ ခဝဲသီးတို့ ပေါ်ချိန်ရောက်ပြီဆိုလျှင်လည်း ကိုယ့်အခင်း ထဲကအသီးအနှံဖြင့်ပင် ဟင်းတစ်ခွက် နှစ်ခွက်ကတော့ ကိစ္စပြီးသည်။ လတ်လတ်ဆတ်ဆတ် ပြောင်းဖူးတွေချိုးပြီး ပြုတ်သည်၊ ဖုတ်သည်၊ ကြော်သည်၊ ချက်သည်။ ထောပတ်၊ ခရမ်းချဉ်ပေါ်သည့် ရာသီမျိုး၌ ပဲဟင်းနှင့် ခရမ်းချဉ် သီးချက်က ထမင်းဝိုင်းကို တစ်ဆောင်းတွင်းလုံး မင်းမူတော့သည်။ အားလုံးက ‘ဤ သည့်စားဖွယ်’ ချည်း။ ငရုတ်သီးတို့၊ ဘိလပ်သီး တို့လောက်ကတော့ ဘယ်သူ့အခင်း ဝင်ဆွတ် ဆွတ်၊ တစ်နပ်စာ လောက်ကတော့ဖြင့် မပြော မဆို ဝင်ဆွတ်လို့ရသည်။ ဖျင်လွယ်အိတ် တစ်လုံးလွယ်ပြီး ရွာစည်းရိုးတစ်ပတ် ပတ်မိကာမျှဖြင့် ညနေစာ အရည်သောက်တစ်ခွက် လောက်ကတော့ အဆင်ပြေသည်။
တောအလုပ်ပြီးချိန်၌ နွားစာစဉ်းသူက စဉ်းသည်။ ရေခပ်သူကခပ်သည်။ ကန်လေးကို ရေသွားချိုးသူက ချိုးသည်။ နေဝင်ရီတရော အချိန်ရောက်လျှင် မိသားစု ထမင်းဝိုင်းက စတော့သည်။ အငယ်ဆုံးဖြစ်သူ မိမိက ထမင်းဝိုင်းမှာလည်း ဗိုလ်ကျချင်သည်။ ‘ငရုတ်သီးက စပ်တယ်ဗျာ၊ မစားနိုင်ဘူး’ ဆိုလျှင် ‘နောက်နေ့ ကျ ငရုတ်သီး လျှော့ချက်ပေးမယ်’ ဟု အမေက ချော့သည်။ နောက်နေ့ကျတော့လည်း ငရုတ်သီးကစပ်မြဲ။ ထမင်းဝိုင်း၌ ငါးဟင်းပါလာလျှင်တော့ အမေက စိတ်ရှည်လက်ရှည် အရိုးထွင် ပေးလေ့ရှိသည်။ မိသားစု ထမင်းဝိုင်း ဆိုသော်လည်း အဖေ၊ အမေနှင့် မိမိတို့သာ အမြဲတမ်း မျက်နှာချင်းဆိုင် စားဖြစ်ကြသည်။ အစ်ကိုနှစ်ယောက်က ဝင်စားလေ့မရှိ။ ‘အလုပ်ကလက်စ မပြတ်သေးလို့၊ ဗိုက်မဆာသေးလို့’ စသည်ဖြင့် အကြောင်းတစ်ခုခု ပြကြစမြဲ။ ပြီးတော့မှ သူတို့ဘာသာ မီးဖိုချောင်ထဲဝင်၊ ပန်းကန်ထဲ ပုံပက်နယ်ဖတ်ပြီး စားကြသောက်ကြသည်။
(၅)
ကျောင်းနေသည့် အရွယ်ရောက်တော့ အရင်ကလို ယာခင်းထဲ မလိုက်ရတော့၊ ကလေးဘဝကလိုလည်း ဂျီကျခွင့် သိပ်မရတော့။ နေ့လယ်နေ့ခင်း ထမင်းစား လွှတ်ချိန်ရောက်လျှင် လွယ်အိတ်ကို စလွယ်သိုင်းပြီး အိမ်ကို သုတ်ခြေတင်ပြေးသည်။ ကိုယ့်ဘာသာ ထမင်းခူး၊ ဟင်းပုံပြီး မီးဖိုချောင်ထဲမှာပဲ လွေးရသည်။ အိုးထဲကဟင်းကို စိတ်တိုင်းမကျလျှင် မီးဖိုခန်းထောင့်ရှိ သံမှို၌ချိတ်ထားသည့် သံဆန်ခါ လှောင်အိမ်လေးကို မမီမကမ်းဖြင့် ဆွဲဖွင့်သည်။ ညနေခင်း ရောက်ချိန်၌ ‘ဟင်းတွေ လျော့နေပါလား’ ဟု အမေညည်းလျှင် မိမိက အသာငြိမ်နေလိုက်သည်။
ဟင်းအိုးထဲမှာ ဟင်းစဟင်းနမကျန်။ သံဆန်ခါ လှောင်အိမ်ထဲမှာလည်း ဘာဟင်းမှ မတွေ့သည့် အခါမျိုး၌ အိမ်စောင့်ကျန်ရစ်သည့် အမေကြီးဆီကိုသွားပြီး ဂြိုဟ်ထိုးသည်။ အမေကြီးက သူ့ဖန်ဘူးလေးဖွင့်ကာ ‘ဒါနဲ့စား လိုက်ငါ့မြေး’ ဆိုပြီး ထန်းလျက်ခဲ သုံးလေးလုံး ထုတ်ပေးသည်။ ထိုအခါမျိုး၌ ထမင်းကြမ်းခဲကို ထန်းလျက်ဖြင့်ဖက်ပြီး စားခဲ့ရသည်။ ရံခါ ငှက်ပျောသီးနှင့်တွဲပြီး စားခဲ့ရသည်။ ဒီလိုစား လို့ရတယ်လို့ ဘယ်သူတွေကများ ထွင်ခဲ့ပါလိမ့်။
(၆)
ရွာမှာ အလှူအတန်းရှိသည့် အခါမျိုး၌ ဘယ်အိမ်ကမှ ထမင်းမချက်ကြတော့။ တစ်ရွာလုံး အလှူအိမ်ကို သွားစားကြသည်။ ဝါးလုံးစိုက်ပြီး ဖျာကြမ်းများ ကာရံထားသော ခန်းမကို မိမိတို့အရပ်က ‘ကျွေးရုံ’ ဟုခေါ်သည်။သားပြွမ်းဟင်းတစ်ခွက်၊ သရက်သီးကုလား တည်တစ်ခွက်၊ ငရုတ်သီးတောင့်ကြော် တစ်ခွက်ဖြင့် တည်ခင်းဧည့်ခံသည့် အလှူထမင်း အလှူဟင်းကလည်း ထောင်းထည့်သလို ဗိုက်ထဲတန်းဝင်သည်။
ကျွေးရုံထမင်းဝိုင်းကတော့ လူကလည်း အမျိုးစုံသလို စရိုက်ကလည်းအမျိုးစုံသည်။ အနားမှာ အဖေလည်းမရှိ။ အမေလည်း မရှိ။ ‘ငရုတ်သီးက စပ်တယ်ဗျာ’ သွားပြောလို့မဖြစ်။ ကြိုက်လျှင်စား၊ မကြိုက်လျှင်ထားခဲ့။ ဒါပဲရှိသည်။ နောက်ပြီး လက်နှေးနေ၍လည်းမဖြစ်။ အရာရာ သွက်လက်ချက်ချာပါမှ တန်ကာကျသည့် ဌာနဖြစ်သည်။
(၇)
အရွယ်ရလာတော့ ထမင်းဝိုင်းမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ သူလိုကိုယ်လို ထမင်းဝိုင်း၊ သူ့ထက်ကဲသည့် ထမင်းဝိုင်း၊ ကိန်းကြီးခန်းကြီး နိုင်လှသည့် ထမင်းဝိုင်းစသည်ဖြင့်။ ကြုံရ သည့်ထမင်းဝိုင်းတွေက အမျိုးစုံ၊ အလွှာစုံ။ ဟင်းခွက်သုံးရာပြည့်မှ စားတော်ခေါ်သည့် ဘုရင်ကြီးများပင်ရှိကြောင်း ရာဇဝင်ကျမ်း များအဆိုအရ သိလာရသည်။ ဒီလောက်များသည့် ဟင်းလျာတွေကို တစ်ယောက်တည်း ဘယ်လိုများ စားမှာပါလိမ့်။ တွေးလို့ပင်မရနိုင်ခဲ့။
ထမင်းဝိုင်း တစ်ဝိုင်း၌ ဟင်းလျာကောင်းခြင်း၊ မကောင်းခြင်း၊ ဟင်းခွက်များခြင်း၊ မများခြင်းသည် ထမင်းဝိုင်း၏ အနှစ်သာရကို အဆုံးအဖြတ် ပေးနိုင်၏ဟု မိမိမမြင်မိပါ။ ခံတွင်း မြိန်၊ မမြိန်နှင့် စိတ်ကျေနပ်မှုရ၊ မရ ကိစ္စကသာလျှင် ထမင်းဝိုင်း၏ အနှစ်သာရကို အဆုံးအဖြတ် ပေးနိုင်စွမ်း၏ဟု မိမိက ဆင်ခြင်မိပါသည်။

Most Read

Most Recent