တဝဂူ အညာဘုရားပွဲဓလေ့

တဝဂူ အညာဘုရားပွဲဓလေ့
Published 24 July 2016
ကိုနေ(မန်း)

ရှေးယခင် ကန်စွန်းနိမ့်ရွာ ယခုအခါ စစ်ကိုင်းကောင်းမှုတော် မြောက်လက်စာရေး အနောက်ရွာမှာ အင်းဝခေတ် ဘုရင်မင်းကြီးစွာစော်ကဲနဲ့ ထိုရွာသူ မိဖုရား စောဘေဇာတို့မှ မွေးဖွားခဲ့သော မင်းဆွေ(ခ) ဘုရင်မင်းခေါင် တည်ထားတော်မူသော ရှေးအခါ တဝဂူ၊ ယခုအခါ ဘုရားကြီးဟုခေါ်သော စေတီတော်ကြီး ရှိပါတယ်။ ထိုစေတီတော်ကြီးကို အဝရွှေနန်းတက်နှစ် (၇၆၃)ခုနှစ်မှာ ဘုရင်မင်းခေါင်က ဇာတိရွာမှာ တည်ထားခဲ့တာပါ။ ထိုရှေးဟောင်း သမိုင်းဝင်ဘုရားပွဲကို နှစ်စဉ်ကျင်းပမြဲအတိုင်း ဝါဆိုလပြည့်နေ့က အညာဆန်ဆန် ကျင်းပခဲ့ပါတယ်။■ တဝဂူဘုရားကျောက်စာဘုရားသမိုင်းကျောက်စာမှာ “ဘုန်းခြောက်ပါးသခင် ဘုရားရှင်၏ ကိုယ်စားတော် စားတန့်နား ကိန်းဝပ်တော်မူရာ ရှေးအခါ တဝဂူ ယခုအခါဘုရားကြီးဟု ခေါ်မည်တွင်သော စေတီတော်ကြီးကို အဝမြို့ဘုရင်မင်းကြီး စွာစော်ကဲ၊ မိဖုရားစောဘေဇာ၊ သားတော် မင်းဆွေ၊ မင်းသိဒ္ဓတ်၊ သမီးတော် သုပဘာဒေဝီတို့ဇာတ်ကြောင်းမှ မင်းဆွေသည် (၇၃၄)ခုနှစ် တွင် ဖွားမြင်၍ (၇၆၃)ခုနှစ်တွင် ၎င်းမြို့၌ သီရိတြိဘ၀ နာဒိတျနရပတိ ပဝရမဟာရာဇာဓိပတိ ရွှေနန်းကျော့ရှင် နရပတိမင်းခေါင် ဟူသောအမည်ဖြင့် ထီးနန်းတက်တော်မူရာ ၎င်းနှစ်တွင် ရှေးကန်စွန်းနိမ့်ရွာ၌ တည်ထားကိုး ကွယ်တော်မူသည်။ နောင်မင်းတုန်းမင်းလက်ထက်တွင် ရွာစားသခင် ထပ်မံပြင်ဆင်သည်။ ထို့နောက်တွင် စာရေးအနောက်ရွာမှ ရွာသူရွာသားများက (၁၃၁၃)ခုနှစ်တွင် ထပ်မံ ပြင်ဆင်သည်” လို့ဖော်ပြထားတယ်။ထိုဘုရားကြီးဝင်းနဲ့ တစ်ဆက်တည်း အရှေ့ဘက်မှာ အမေတို့ဘိုးဘွားများ ပြင်ဆင်ထားခဲ့တဲ့ ဆုတောင်းပြည့်စေတီရှိရာ ထိုစေတီမှာ အင်းဝဘုရင်မင်းခေါင်ခေတ်က တဝဂူ အရံဘုရားအဖြစ် မြေစိုက်တည်ထားခဲ့ပြီး  အမေတို့ အဖေ ဦးဆင်ရဲ့ အဖေ ဦးဘိုးစုရဲ့ အဖေ ဦးတရုတ်ကျော်ရဲ့ အဖေ ဦးဖြူသီးက ထပ်မံပြင်ဆင်ခဲ့ရာ (၁၃၆၅)ခုနှစ်၊ တန်ခူးလပြည့်နေ့မှာ ပြီးစီးအောင်မြင်ခဲ့ပါတယ်။ ဦးဘကြူး၊ ဒေါ်ခင်ဌေးမိသားစုမှ ထပ်မံပြင်ဆင်၍ ဘုရားပွဲတော်၊ ဗုဒ္ဓပူဇနိယပွဲတော် ပြုလုပ်ခဲ့ရာ (၁၄)နှစ်မြောက် ဘုရားပွဲတော် ပြုလုပ်ပြီးပါကြောင်း နောင်တွင်လည်း အသက်ထက်ဆုံး ဘုရားပွဲတော် ပြုလုပ်သွားမှာဖြစ်ကြောင်း ဆိုတယ်။ ဘုရားကြီး မြောက်ဘက်မုခ်ဦးနဲ့ လှေကား အလှူရှင်မှာ ရှေးယခင် မြေရှင်သူဌေးကြီး ဦးဆင်၊ ဒေါ်အိမ်ညွန့် ယခုခေတ် ပြန်လည် မွမ်းမံ ဦးဘကြူး+ဒေါ်ခင်ဌေး မိသားစုပါ။မန္တလေးမြို့မှ နိဗ္ဗာန်ကုန်သည် ဦးထွန်းရှိန်+ ဒေါ်ခွေးမိသားစုက အထက်ရွှေထီးထိ ရွှေသင်္ကန်း ကပ်ခဲ့တယ်။ လက်ရှိ တံခွန်တိုင်က ဦးဉာဏ်ထွန်း+ဒေါ်ဌေးအောင်၊ ရေစင် ဦးကံရေး+ဒေါ်ခွေးညွန့်၊ ကြေးခေါင်းလောင်း ဦး ဒေါင်းရွှေ+ဒေါ်အမာတို့ကောင်းမှုပါ။ဘုရားကြီး၏ မြောက်ဘက်တွင် မိဖုရား (စောဘေဇာ)ရဲ့ ဘုရားလေးလည်း ရှိတယ်။ သူ့ခင်ပွန်း အင်းဝဘုရင်ရှိရာ တောင်လှည့်ပြီး တည်ထားခဲ့တယ်။ ဘုရားကြီးရဲ့ အရှေ့တောင်ဘက်တွင် ရှေးက ရွာရင်းကျောင်းဆရာတော် ဦးသောမန တည်ထားတဲ့ စေတီတစ်ဆူလည်း ရှိတယ်။ ဒို့ဆုတောင်းပြည့်ရဲ့ တောင်ဘက်မှနေပြီး အရှေ့လှည့်ထားတဲ့ ဘုရားတစ်ဆူကတော့ အဘိုးဝမ်းကွဲ ဦးဘိုးတွင်က ပြုပြင်ထားခဲ့ရာ ယခုအခါမြေးဖြစ်သူ ဆရာမကြီး ဒေါ်မြဟန်က အမှူးပြု၍ ညီမတစ်စု တူရီးတစ်စု ထပ်မံ ပြုပြင်ထားကြသည်။ မိဖုရားမဘေဇာရဲ့ ဘုရားလေးကို ဒေါ်ချစ်ဥ၊ ဒေါ်မုန်းတို့က ပြုပြင်ထားတာပါ။ထိုရွာသား ဘုရင်မင်းခေါင် ၂၉ နှစ်မှာ ရှင်ဘုရင်ဖြစ်ပြီး သူ့အမေရွာ၊ သူ့အမေနေခဲ့တဲ့ ရပ်ကွက်ဘက်ကို လှည့်ပြီးတော့ တဝဂူဘုရားကြီးကို မြောက်ဘက် မျက်နှာမုခ်ဦးမှ လှည့်တည်ထားခြင်း ဖြစ်တယ်။ အရှေ့တောင်ထောင့်တွင် အင်္ဂါသားရဲ့ယတြာအဖြစ် ခြသေ့ၤနေရာကို လှပ်၍တည်ထားခြင်းဖြြစ်ပီး ထိုဘုရားကြီးပွဲကို နှစ်စဉ် ဝါဆိုလပြည့်နေ့တွင် ကျင်းပပူဇော်ခဲ့ကြပြီး (၃)ပွဲရဘုရားကြီးဖြစ်တယ်။ ကဆုန်လပြည့်မှာလည်း ညောင်ရေသွန်းပွဲ၊ ပဋ္ဌာန်းပွဲများ ကျင်းပပူဇော်ခဲ့ကြတယ်။ အမေတို့ငယ်စဉ်က ကထိန်နှစ်(၅၀)လောက်လည်း ခင်းခဲ့ကြ သေးတယ်။ ယခုအခါ ဘုရားကြီးပရိဝုဏ်အတွင်းမှာ ပလ္လင်များ ခင်းထားပြီး ပလ္လင် ဒကာများမှာ ဦးတုပ်+ဒေါ်လှလှ၊ ဦးချစ်ခင်+ ဒေါ်မြဝင်း၊ ဦးဝင်းအောင်+ဒေါ်တင်သိန်း၊ ဦးဉာဏ်စိန်+ဒေါ်ဘိုမေတို့က ပူဇော်လှူဒါန်းထားကြတယ်။ ဘုရားကြီးအနောက်ဘက်ရဲ့ စောင်းတန်းမှာ ဒေါ်သန်းကြည်၊ ဦးဘအုန်း၊ ဦးသန်းမောင်မောင် နှမတစ်စုက ဆောက်လုပ်လှူဒါန်းထားကြပါတယ်။ဘုရားကြီးဝင်းအတွင်း အနောက်ဘက်မှ အရှေ့လှည့်တည်ထားတဲ့ စေတီများမှာ ရှေးယခင်ဘိုးဘွားများ တည်ထားခဲ့ကြတာဖြစ်ပြီး ယခုခေတ်မှာတော့ ထပ်မံပြင်ဆင်ပူဇော်ကြသူ များမှာ (၁)ဒေါ်စန်းမိသားစု၊ (၂)ဦးချစ်စံ မိသားစု၊ (၃) ဦးဖိုးလှကြီးမိသားစု (၄) ဒေါ်ထားမိ မိသားစု၊ (၅) ဦးကျော်စိန်+ဒေါ်မိုးမိသားစုတို့မှ ပြန်လည်ပြုပြင်ပူဇော်ကြ ပါတယ်။။စေတီရံများမှာ ဦးဘကျော်မိသားစု၊ ဒေါ်ချစ်ဥ၊ ဒေါ်မိုးမ မိသားစုတို့မှ ပြင်ဆင်ပူဇော်ထားကြပါတယ်။ အမေ့ရဲ့ အဖေ၊အမေတို့ခေတ်တုန်းက ဘုရားကြီးပွဲရက်မှာဆိုရင် စာရေးတမံ ငွေဝတ္ထုလှူတဲ့အပြင် ပစ္စည်း၊ ဖန်ခွက်၊ ဆပ်ပြာ၊ ဖယောင်း၊ လက်ဖက်ခြောက်ထုပ်များ လောင်းလှူခဲ့တယ်။ ဘုရားပွဲလာ ဧည့်သည်တွေအတွက် ရိုးရာမုန့်ဖြစ်တဲ့ မုန့်ပေါက်ကြော်ကလည်း နှစ်ပြည်လောက် နှစ်တိုင်းကြော်ရတယ်။ ထိုမုန့်က မကြော်လို့မဖြစ်ဘူး။ ရှေးယခင်က ဆွမ်းအုပ်များ ပို့လာကြတယ်။စာရေးလေး ငါးရွာဘုရားကြီးက ဝါဦးဘုရားဖြစ်တော့ ကံကြီးကုန်း၊ ကျောက်ပနံ ရွာသစ်မှာရှိတဲ့ ဆွေမျိုးစု ၂၀ လောက်ကို ထမင်းကျွေးပြီး မုန့်ပေါက်ကြော်လည်း ပေးလွှွတ်ရတယ်လေ။ တို့ငယ်စဉ်တုန်းကဆိုရင် ဝါဆိုလဆုတ် ၁ ရက်မှာ ဝါဆိုသင်္ကန်း၊ ဝါဆို ပန်းများကို ကပ်လှူပွဲမှာ အရှေ့ရွာကိုတစ်ပတ်လှည့်ပြီး ဘုရားတက်ကြတာ။ ရွာက အတီးအဖွဲ့ကို ကောင်းစိန်တို့အဖွဲ့၊ ဒိုးအဖွဲ့၊ ခြောက်လုံးပတ်အဖွဲ့တွေနဲ့ တပျော်တပါး သွားလှူကြသေးတယ်။ အမေတို့ငယ်ငယ်က သူငယ်ချင်းများဖြစ်တဲ့ မသန်းရင် (ကွယ်လွန်)၊ မတင်ချစ် (ကွယ်လွန်)သူတို့နဲ့ လုံချည်အင်္ကျီ ဆင်တူချုပ်ဝတ်ခဲ့ကြတယ်။ ငယ်စဉ်ကလေးဘ၀ ညောင်ရေအိုးနဲ့ ပန်းနဲ့လည်းကိုင်ခဲ့ရတယ်။ အရွယ်ရောက်တော့ ရွှေသင်္ကန်း ကိုင်ရတယ်။ ယခင်တုန်းက ရွှေသင်္ကန်းကိုဖြန့်ပြီး လေးယောက်၊ လေးထောင့်က ကိုင်ပြီးလှည့်တာ။ တူညီဝတ်စုံ ဝမ်းဆက်ကလေးတွေနဲ့ပေါ့။ ယခုခေတ်မှာတော့ ကလပ်ပေါ်မှာရွှေသင်္ကန်းခေါက်တင်ပြီး တစ်ယောက်ချင်းကိုင်ရတာ ကွမ်းတောင်ကိုင်လို အလှဆုံးပေါ့။အမေတို့ ငယ်စဉ်က ဘုရားကြီးပွဲတော်မှာ ဆွမ်းခေါင်းကိုသွားပြီး အာရုဏ်ဆွမ်းသွားပို့ရတာ။ ထိုစဉ်က ဆွမ်းခေါင်းများမှာ (၁)ဦးဘသာ+ ဒေါ်စိန်နု၊ (၂)ဦးခ+ ဒေါ်ရှိန်၊(၃) ဦးလောဟံ၊ (၄) ဦးချစ် စံ၊(၅)ဦးညီ+  ဒေါ်ချစ်ပုံ၊ (၆)ဦးဘိုနီ+ ဒေါ်ကျောင်းအို၊ (၇)ဦးပိုက်+ ဒေါ်စိန်ပုတို့ဖြစ်ကြ၍ တို့အရှေ့ရပ် က ဆွမ်းခေါင်းမှာ အဖေရဲ့ အစ်မ အရင်းဖြစ်သူ ဦးဘသာ+ဒေါ် စိန်နုတို့ဖြစ်တယ်။ ထိုစဉ်က အရီးကြီးတို့အိမ်ကြီးမှာ ငါးခန်း၊ လေးခန်း၊ ဆင်ဝင်းသုံးလုံးနဲ့ အိမ် ကြီးဖြစ်ပြီး  ပတ်ဝန်းကျင်အိမ် ၅၀ ခန့်က ဆွမ်းအုပ်များဟာ အာရုံဆွမ်းကို လင်ပန်းများနှင့် မိမိတို့ချက်ပြုတ်တဲ့ ဟင်းများကို သူ့ထက်ငါ သွားရောက်ပို့လှူကြတယ်။ တစ်ခါတစ်ရံ ဆွမ်းပို့သူများ ပန်းကန်လုံးတွေ ဆင်တူဖြစ်နေကြတော့ ပြန်ယူတဲ့အချိန်မှာ ပန်းကန်ခြင်းမှား တတ်ကြတာကလည်း ခဏ ခဏပါ။ အဘွား ဒေါ်အိမ်ညွန့်ကတော့ သူများနဲ့မတူတဲ့ ပန်းကန်လုံးတွေကို ဝယ်ပြီးထားတာ။ အမေက ဈေးသည်ကြီးဆိုတော့ စိတ်ကြိုက် ပန်းကန်လုံးတွေ ဝယ်ထားတယ်။ ယခုအချိန်ထိ ပန်းကန်လုံးကြီးတွေရှိသေးတယ်။ အမေဝယ်ထားခဲ့တာ။ ဆွမ်းခေါင်းအိမ်က ဆွမ်းကပ်အကူ ခေါ်ထားတဲ့ ဦးရှိန်၊ ဦးဓာတ်အိုး၊ ဦးရွှေမြဦး ကျန်စတဲ့ လူကြီးတွေက သံဃာတော်တွေ ဆွမ်းကပ်ပြီးချိန်ဆိုရင် အိမ်ကြီးရဲ့ ပြတင်းပေါက်ကနေပြီး အာရုဏ်ပွဲများ ပြီးပါပြီဗျို့။ ပန်းကန်များလာယူကြပါလို့ အော်ခေါ်တာကတော့ ဦးရှိန်ရဲ့အသံက တစ်ရပ်လုံးကြားရတယ်။အမေ့ရဲ့အမေ ဘွားအိမ်ညွန့်ကတော့ နှစ်စဉ်အချိုပွဲလည်း သွားပြီးလှူတယ်။ ထိုစဉ်က အချိုပွဲကို အိမ်ရှင်ဆွမ်းခေါင်းက အကုန်အကျခံရတယ်လေ။ ဒီလိုနဲ့ကြာလာတော့ ဆွမ်းခေါင်းခေတ် ကုန်သွားပြီး (၁၃၂၈)ခုနှစ်လောက်ကစပြီး ပုဂ္ဂလိက ဆွမ်းဒကာတွေ ပေါ်ပေါက်လာခဲ့တယ်။ တစ်ဦးလျှင် ကျောင်းတိုက်တစ်တိုက်စီ ပင့်လျှောက်ကျွေးမွေး လှူဒါန်းခဲ့ကြတော့ တစ်ခါတစ်ရံလူဦးရေ များတော့ တစ်အိမ်လျှင် ငါးပါး၊ ခုနစ်ပါး၊  ၁၀ ပါးစီ မျှပြီးတော့ ပေးရတဲ့နှစ်လည်း ရှိတယ်။ နေ့ဆွမ်းကတော့ တစ်အိမ် ဆွမ်းတစ်အုပ် အိမ်စေ့ ဘုရားကြီး ဆွမ်းလောင်းဌာနကို သွားလှူကြတယ်။ ရွာဘုံအနေနဲ့လည်း ရွာကကောက်ခံရရှိတဲ့ ငွေနဲ့ယခင်ကတော့ ဆွမ်းတော်ကြီးခံတဲ့ ဓလေ့ရှိတယ်။ နောက်ပိုင်း အဘဦးဘဒင် မရှိကတည်းက ဆွမ်းတော်ကြီးမခံဘဲ ဘုရားကြီးထဲက ဓာတ်စက်နဲ့ အလှူခံကြတော့တယ်။ အလှူခံရတဲ့ နဝကမ္မငွေကို ကျောင်းတိုက်စေ့၊ သံဃာစေ့ လှူဒါန်းတယ်။ ငှက်ပျော၊ နာနတ်တွေလည်း ဝယ်လှူတယ်။ ကျန်တဲ့ရွာသူ၊ ရွာသားများမှာ မုန့်ဆီကြော်၊ မုန့်ဖက်ထုပ်စတဲ့ အခြောက်အခြမ်း ပစ္စည်းမျိုးစုံ လှူဒါန်းကြတယ်။ယခုအခါမှာတော့ ရဲလောင်း (ဆွမ်းလောင်း အာရုဏ်ခံ တန်ဆောင်းရှည်)ရဲ့ တောင်ဘက်ထိပ်မှာ ဇရပ်ကြီးတစ်လုံး လေးခန်း၊ သုံးခန်း၊ ဆောက်လုပ် လှူဒါန်း ထားတယ်လေ။ ဇရပ်ဒကာမတွေကတော့  မသီတာ၊ မဘီ၊ မရီ၊ မကြည် ညီအစ်မတစ်စုတို့က လှူဒါန်း ဆောက်လုပ်ထားပါတယ်။ ထိုဇရပ်တွင်းမှာ ဆွမ်း၊ ဆွမ်းဟင်းလက်ခံတဲ့ တောင်း၊ ဒန်အိုးများနဲ့ ဘုရားလူကြီးများမှာ ကိုမြသောင်း၊ ကိုကျော်အောင်၊ ကိုညွန့်ဌေးတို့ဖြစ်ကြပါတယ်။ သံဃာတော်ရှင်မြတ်တို့ သင်္ကန်းရုံတော်မူကြတာလည်း ထိုဇရပ်ထဲမှာပဲ ပြင်ဆင်ကြတယ်။ ပြီးမှ ရဲလောင်းလိုက် တန်းစီကြွရောက်ပြီး အလှူခံပုံဟာ ကြည်ညိုစရာပါ။ပရဟိတခေတ်မှာတော့ ရွာထဲမှာ လပြည့်လကွယ် ဘောဇနကုသလ ဆွမ်းလောင်းအသင်းလည်းရှိတယ်။ တစ်ရွာလုံးအလှူခံပြီး ဆွမ်း၊ ဆွမ်းဟင်းများကို ၁၅ ရက်၊ တစ်ပတ်လောက် လောင်းလှူကြတဲ့ အသင်းသူများမှာ မရီမော်၊ မသူဇာအစရှိတဲ့ ကလေးမတွေ ၁၅ ယောက်လောက် အသင်းဖွဲ့ထားတာရှိတယ်။ ဒီနှစ်ဘုရားကြီးပွဲ(၁၃၇၈ခုနှစ်) မှာ ဝါဆိုလပြည့်နေ့က ကျောင်းတိုက်က(၂၁)တိုက်၊ သံဃာတော်အပါး၂၃၀ ပင့် လျှောက်ပြီး အာရုဏ်ဆွမ်းဒကာများမှာ ဦးသန်းထွန်း+ဒေါ်နွယ်နွယ်မြင့်၊ ဦးမောင်လေး+ဒေါ်သောင်းကြွယ်တို့မှ ကျောင်းတိုက်တစ်တိုက်စီ တာဝန်ယူ လှူဒါန်းတယ်။ ကျန် ၁၉ တိုက်ကို ဦးမြိုင်+ဒေါ်တင်ဌေးမိသားစုမှ တာဝန်ယူကျွေးမွေးလှူဒါန်းကြပြီး။ နေ့ဆွမ်း မှာ ရွာသူရွာသားအများ တစ်ရွာလုံး ဆွမ်း တစ်အုပ်ပို့ကြရတယ်။ မုန့်ပေါက်ကြော်၊ မုန့်ဖက်ထုပ်၊ ဆပ်ပြာ၊ လက်ဖက်ခြောက်၊ သကြား၊ အချိုမှုန့်၊ ခေါက်ဆွဲခြောက်ထုပ် အစရှိတဲ့  ပစ္စည်းများလောင်းလှူကြပြီးလျှင် ရေစက်ချ ဆရာတော်ကြီး သက်တော်ရှည် ငါးလတ်တောရဆရာတော် ဦးလာဘအား ဝါဆိုသင်္ကန်း၊ ဆေး၊ ပစ္စည်းများကို မန္တလေးနေ ကိုသိန်းနိုင်+မလှလေးတို့က လှူဒါန်းပူဇော်ကြ၍ ကျန်ပစ္စည်းမျိုး နဝကမ္မငွေ အလှူဒါနများကို ရွာသူရွာသားအများက ပူဇော်၍ ရေစက်ချက် အမျှဝေကြပါကြောင်း။ဆွမ်းပို့လာသူ ဆွမ်းအုပ်များ အရှေ့ရွာ ကျောက်ပနံမှ ဆွမ်းအုပ်လူ ၅၀ ခန့် လာရောက်ကြတယ်။ သူတို့ကိုလည်း ထမင်းကျွေးပြီး စာရေးရွာမှာ အမျိုးသား၊ အမျိုးသမီးအဖွဲ့တွေက ရေခဲမုန့်နဲ့ ဧည့်ခံကျွေးမွေးခဲ့ကြတယ်။ စာရေးအရှေ့ရွာမှ အတိသိတလ အာရုဏ်တော် ဆွမ်းတော်ကြီးသားများ ၁၅ ယောက်ခန့် အုပ်ထိုးဆွမ်းတော် တင်လာကြတယ်။ နှစ်စဉ် လာနေကျပဲ။ နံနက် ၄ နာရီထိုးမှာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် တို့နှင့် မေတ္တသုတ်၊ ပရိတ်တော်တို့ကို ရွတ်ဖတ်ကြပြီး ဆွမ်းတော်များ လာရောက်တင်လှူခဲ့ကြတယ်။ အမျှများဝေကြတယ်လေ။ သူတို့အဖွဲ့ကိုလည်း ထမင်းများကျွေးပြီး ရေခဲမုန့်များနှင့် ဧည့်ခံခဲ့ကြတယ်။ဘုရားကြီးပရိဝုဏ်တွင်းမှာ ဘုရားကြီး အာရုံကန်ကြီးက ဘုရင်မင်းခေါင်လက်ထက် စာရေးတော်မင်းကြီးတု့ိလက်ထက် အာရုံကန်ကြီးက ကျွန်းသားသွပ်မိုးများနဲ့ ဘေးက အကာမပါဘဲနဲ့ အာရုံကန်ကြီးဖြစ်တယ်။ ယခုခေတ်တွင် ဦးသုတ+ဒေါ်သောင်းစိန်မိသားစုမှ  အုဋ္ဌ်တိုက် အာရုံကန်ကြီးနှင့် ပူဇော်ထားကြတယ်။ ဘုရားကြီးရဲ့ အရှေ့ဘက်တွင်လည်း ဦးဘိုး ထွန်း+ဒေါ်ပန်းအိမိသားစုမှ ဓမ္မာရုံနှင့်တကွ ဘုရားဆင်းတုတော်ကိုလည်း ထည့်သွင်း ပူဇော်ထားပြီး ဘုရားပွဲလည်း နှစ်စဉ်ပြုလုပ်ကြတယ်။ မြောက်ဘက် ၊ အရှေ့ဘက်မှလည်း သုံးခန်း၊ လေးခန်း ဓမ္မာရုံကြိးတစ်ခု စာရေးရွာသား မန္တလေးမှာနေသော ဦးစက်သိန်း+ဒေါ်ခင်သန်း မိသားစုတို့မှ ဆောက်လုပ်ပူဇော် ဘုရားဆင်းတုတော် တစ်ဆူ၊ ပန်ကာလျှပ်စစ်မီးများနှင့်အတူ ဆောက်လုပ်ပူဇော်ထားကြပါသည်။ ဘုရားကြီးဓမ္မာရုံတွင်း၌ တရားဟော ပလ္လင်တစ်ခုကိုလည်း ဦးဘကျော်+ ဒေါ်စိန်မေ မိသားစုမှ ပူဇော်လှူဒါန်းထားပါတယ်။

Most Read

Most Recent