လေယာဉ်ပေါ်ရှိ ခရီးဆောင်အိတ်များထဲမှ ဒေါ်လာများ ခိုးယူသည်ဟုဆိုကာ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည့် တရုတ်နိုင်ငံသားနှစ်ဦးအား ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ကြောင်း သိရသည်။ထိုနေ့ရုံးချိန်းတွင် အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်မှ ရဲအရာရှိတစ်ဦးအား တရားလိုပြသက်သေအဖြစ် စတင်စစ်ဆေးမည် ဖြစ်သော်လည်း စွပ်စွဲခံရသူ တရုတ်နိုင်ငံသားနှစ်ဦး၏ရှေ့နေ မလာသဖြင့် တရားသူကြီးက ရုံးချိန်းကို ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ကမာရွတ်မြို့နယ်နေ ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဒိုဟာမြို့မှ ရန်ကုန်မြို့သို့ ကာတာလေကြောင်းလိုင်းဖြင့် ပြန်လာစဉ် ၎င်း၏ဘေးချင်းကပ် ထိုင်ခုံရှိ တရုတ်နိုင်ငံသား တစ်ဦးက ခရီးဆောင်အိတ်များကို စောင်ဖြင့်ကာ၍ စမ်းသပ်ခြင်း၊ ဇစ်ဖွင့်ခြင်းများ ပြုလုပ်နေသဖြင့် စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။ထိုသို့စောင့်ကြည့်နေစဉ် တရုတ်နိုင်ငံသားမှာ အခြားတရုတ်နိုင်ငံသားတစ်ဦးနှင့်အတူ အိတ်တစ်လုံးကိုယူ၍ လေယာဉ်သန့်စင်ခန်းဘက်သို့ ထွက်သွားသဖြင့် ၎င်းတို့နောက်သို့လိုက်၍ ကြည့်ရှုရာ တရုတ်နိုင်ငံသားနှစ်ဦး ယူဆောင်သွားသည့်အိတ်မှာ ၎င်း၏အိတ်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီး မေးမြန်းရာ ၎င်းတို့မှာ အိတ်မှားပြီးယူသွားခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံသားနှစ်ဦးက ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံသားနှစ်ဦးက ထိုသို့ပြောသဖြင့် ၎င်းတို့၏အိတ်နှင့် ဦး.... (၄၆ နှစ်) ၏အိတ်တို့ကို တိုက်ဆိုင်စစ်ဆေးရာ တူညီမှု မရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဦး .... (၄၆ နှစ်) ၏ အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။ယင်းကဲ့သို့ ဦး....(၄၆ နှစ်) ၏အိတ်နှင့် တရုတ်နိုင်ငံသားနှစ်ဦး၏အိတ်ကို တိုက်ဆိုင်စစ်ဆေးနေစဉ် လေယာဉ်ပေါ်၌ လိုက်ပါလာသည့် အခြားခရီးသည် တစ်ဦးမှလည်း ၎င်း၏လက်ဆွဲအိတ်အတွင်းမှ အမေရိကန် ဒေါ်လာအချို့နှင့် ကာတာငွေအချို့ ပျောက်ဆုံးနေသည်ဟု ပြောဆိုသဖြင့် ဒေါ်လာနှင့် ခရီးဆောင်အိတ်များ ခိုးယူသည်ဟုဆိုသော တရုတ်နိုင်ငံသား Mr. Huang Ying (၃၀နှစ်) နှင့် Mr.Yang Tao (၃၀ နှစ်) တို့အား ဦး.... က မင်္ဂလာဒုံ မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ ရဲစခန်းက (ပ)၅၃၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ၎င်းတို့နှစ်ဦးအနက် တစ်ဦးအား ခိုးမှုပုဒ်မ ၃၇၉၊ ကျန်တစ်ဦးအား ခိုးမှု၊ အားပေးကူညီမှုပုဒ်မ ၃၇၉/၁၁၄ ဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ဇူလိုင် ၁၅ ရက်က တရားစွဲဆိုခဲ့သည်။
လေယာဉ်ပေါ်ရှိ ခရီးဆောင်အိတ်များထဲမှ ဒေါ်လာများ ခိုးယူခဲ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် တရုတ်နိုင်ငံသားနှစ်ဦးအား စတင်ရုံးထုတ်