အီးယူနှင့် အနောက်ဈေးကွက်သို့ ရေထွက်ကုန်များ တင်ပို့နိုင်ပြီ ဖြစ်သော်လည်း ဈေးကွက် အကြိုက်တွေ့မည့် ငါး၊ ပုစွန်များ ထုတ်လုပ်နိုင်ခြင်း မရှိသေး

အီးယူနှင့် အနောက်ဈေးကွက်သို့ ရေထွက်ကုန်များ တင်ပို့နိုင်ပြီ ဖြစ်သော်လည်း ဈေးကွက် အကြိုက်တွေ့မည့် ငါး၊ ပုစွန်များ ထုတ်လုပ်နိုင်ခြင်း မရှိသေး
Published 16 July 2016
မျိုးဇော်ဦး

အီးယူနိုင်ငံများနှင့် အနောက်နိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ပြီ ဖြစ်သော်လည်း ဈေးကွက် အကြိုက်တွေ့မည့် ငါး၊ ပုစွန်များကို လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်တင်ပို့နိုင်ခြင်း မရှိကြောင်းနှင့် အအေးခန်းစက်ရုံများ ပုံမှန်လည်ပတ်နိုင်ရန် ကုန်ကြမ်း ရှားပါးမှုက အဓိကပြဿနာ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် (MFF) တာဝန်ရှိသူများက ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံတွင် မွေးမြူ ထုတ်လုပ်နေသော ငါးမြစ်ချင်း၊ ငါးကြင်းကဲ့သို့ ပို့ကုန်များဖြင့် အီးယူနှင့် အနောက်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်နိုင်မည် မဟုတ်ကြောင်း MFF အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။“ဈေးကွက်က ကမ္ဘာ့ဈေးကွက် အားလုံးကို ပို့လို့ရနေပြီ။ ဒါပေမဲ့လည်း မြန်မာပြည်မှာ ပို့စရာ ပစ္စည်းက အရှေ့အလယ်ပိုင်းတို့၊ ဂျပန်တို့၊ တရုတ်တို့၊ ကိုရီးယားတို့၊ ဒီလောက်ပဲ ပို့နိုင်တဲ့ အနေအထားပဲ ရှိတယ်။ ဥရောပ ဈေးကွက်တို့၊ အမေရိကား ဈေးကွက်တို့ ပို့ခွင့်ရနေပြီ။ ဒါပေမဲ့ ပို့စရာပစ္စည်း မရှိဘူး ဖြစ်နေတာ။ နောက်ပြီး သူတို့စားတဲ့ ငါးမျိုးတွေ ပို့နိုင်ဖို့လည်း လိုတယ်။ ချမ်းသာတဲ့ အီးယူလို နိုင်ငံတွေက တီလားဗီးယားလို ငါးမျိုးတွေ စားတယ်။ တန်ဖိုးကြီးတဲ့ ရေချိုရေငန် ပုစွန်တွေ စားတယ်။ အရသာရှိပြီး တန်ဖိုးကြီးတဲ့ ငါးတွေစားတယ်။ ကျွန်တော်တို့က အဲဒီလို ငါးမျိုးတွေကို ပြောင်းပြီး တိုးချဲ့ထုတ်နိုင်အောင် ကြိုးစားရမှာ။ ကျွန်တော်တို့ လက်ရှိ မွေးနေတဲ့ ငါးမြစ်ချင်းလို ငါးကို အနောက်ဈေးကွက်တွေ မကြိုက်ဘူး” ဟု ၎င်းက ပြောကြားသည်။ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကြီး ရှိနေသော မြန်မာနိုင်ငံ အနေဖြင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများ ပိုင်ဆိုင်ထားကြောင်းနှင့် လက်ရှိ အချိန်သည် ပင်လယ်ငါး ဖမ်းဆီးရေးက အကန့်အသတ်များ ရှိလာပြီ ဖြစ်သောကြောင့် အစိုးရ အနေဖြင့် မွေးမြူရေးကို အားပေးကူညီသည့် မူဝါဒများကို ချမှတ်ပေးရန် လိုအပ်ကြောင်း ဦးဝင်းကြိုင်က ဆက်လက် ပြောကြားသည်။“ဖမ်းဆီးရေးကတော့ မတိုးတက်နိုင်တော့ဘူး။ အကန့်အသတ်တွေ ဖြစ်လာပြီ။ ထုတ်လုပ်မှုတွေ တိုးတက်လာအောင်က မွေးမြူရေးကို အားပေးကူညီတဲ့ မူဝါဒကို အားပေးဖို့က အဓိကပဲ။ အစိုးရက လုပ်ရမယ့် အပိုင်းတွေမှာ အခြေခံ အဆောက်အအုံပိုင်းတွေ ဖြစ်တဲ့ မွေးမြူထုတ်လုပ်ဖို့ နေရာတွေကို သတ်မှတ်ပေးဖို့ လိုတယ်။ အဲဒီနေရာတွေကို လမ်းပန်းဆက်သွယ်ရေးတွေ၊ လျှပ်စစ်မီး သွယ်တန်းပေးတာတွေ လုပ်ပေးဖို့ လိုတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်တဲ့ ဘဏ်စနစ်တွေနဲ့ ချိတ်ဆက်ပြီး အရင်းအနှီးရအောင် ဖြည့်ဆည်းပေးဖို့ လိုတယ်။ ထုတ်လုပ်လိုက်တဲ့ သားငါးတွေကို နိုင်ငံတကာ ဈေးကွက်တွေကို တင်ပို့ ရောင်းချနိင်အောင် အစိုးရဘက်က အားပေးတာတွေအပြင် သုတေသန လုပ်ငန်းတွေကိုလည်း အစိုးရက ဦးဆောင်လုပ်ပေးဖို့ လိုတယ်။ တီလားဗီးယားကို မွေးမယ်ဆိုရင် လက်ရှိ ကျွန်တော့်ဆီမှာ သားပေါက်စခန်းတွေ မရှိသေးဘူး” ဟု ၎င်းက ပြောကြားသည်။လက်ရှိတွင် ရေထွက်ကုန်ပစ္စည်း ပို့ကုန်များအတွက် ဈေးကွက် အခြေအနေ ကောင်းမွန်နေကြောင်းနှင့် အအေးခန်း စက်ရုံများ ပုံမှန် လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်း ရရှိရေးသည် အဓိက အခက်အခဲ ဖြစ်နေကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။