အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ငြိမ်းစုစီ ဥပဒေကြမ်းတို့အား လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုရန်ရှိ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ငြိမ်းစုစီ ဥပဒေကြမ်းတို့အား လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုရန်ရှိ
Published 27 June 2016

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြန်စမည့် လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြု သွားရန်ရှိကြောင်း သတင်းရရှိသည်။
ဒုတိယအကြိမ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ဇူလိုင် ၂၀ ရက် နောက် ပိုင်းတွင် ပြန်လည် ကျင်းပရန်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။
"ဒီတစ်ခါ ပြန်တက်လို့ရှိရင် ဆောင်ရွက်ရမယ့် ဥပဒေကြမ်း တချို့လည်း ရှိပါတယ်။ ဒါတွေကဘာလဲဆိုရင် ရပ်ကျေးအုပ် ချုပ်ရေးဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဒါတွေကို အပြီးသတ်ဖို့လည်း ဒီတစ်ခေါက် ဒုတိယပုံမှန် အစည်းအဝေး လုပ်လို့ရှိရင် ကျွန်တော်တို့ ဒါတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဇွန် ၂၃ ရက်တွင် တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် စတင် တင်သွင်းဆွေးနွေး အတည်ပြုခဲ့ပြီးနောက် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ကာ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ထားကြောင်း သတင်းရရှိသည်။
ထို့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော် ဒုတိယအကြိမ် ပုံမှန်သက်တမ်းအတွင်း အတည်ပြုရန်ရှိပြီး တရားဥပဒေ စိုးမိုးရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းရန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေအရ ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တရားစွဲဆို အရေးယူခဲ့သူ ကိုးဦး၊ ဝန်ထမ်း စည်းမျဉ်းအရအရေးယူသူ ၁၂၅ ဦး၊ စုံစမ်းဆဲ သုံးဦးနှင့်နိုင်ငံတော်ကို ကျပ်သိန်း ၁၀၀ ကျော် ပြန်ပေးသွင်းနိုင်ခဲ့သည့် အရေးယူမှုများသာ ဆောင်ရွက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အဂတိ လိုက်စားမှုညွှန်းကိန်း ထုတ်ပြန်သည့် Transparency International  ၏ သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံတွင် ၁၄၇ အဆင့်တွင်သာရှိပြီး အာရှအဆင့်တွင်သာမက အာဆီယံ အဆင့်တွင်လည်း မြန်မာနိုင်ငံ၏နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာ ရှိသည်။
ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့ထားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဇွန် ၁၀  ရက်တွင် လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။
"ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးစတဲ့ အချိန်ကျရင်တော့ ပြည်ထောင်စု အစိုးရအဖွဲ့ကနေပြီးတော့ စပြီးတော့ပေး ပို့လာတဲ့ ဥပဒေကြမ်းတွေကို ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေတဲ့ ပိုင်နက်ပင်လယ်ဇုန်များ ဥပဒေကြမ်း ဒါကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးဖို့ ရောက်ရှိပါပြီ။ နောက်တစ်ခါ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကနေပြီးတော့ တာဝန်ယူ စီမံခန့်ခွဲမှာဖြစ်တဲ့ အဓိက သက်ဆိုင်တာကတော့ ပြည်တွင်းအခွန်များ ဦးစီးဌာနက စီမံခန့်ခွဲမယ့် အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းလည်း ကျွန်တော်တို့ လွှတ်တော်ကို ရောက်ရှိနေပါပြီ။ ဒုတိယလွှတ်တော် မစတင်မီမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ဥပဒေကြမ်းတွေ ထပ်မံပေးပို့လာဦးမယ် သို့တည်းမဟုတ် လွှတ်တော်ကော်မတီတွေ ဒါမှမဟုတ်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီက ဥပဒေကြမ်းတွေ တင်သွင်းလာမယ်ဆိုရင် ကျွန်တော်တို့ ဒါတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြောကြားထားသည်။