ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက်၌ ဇွန် ၂၅ ရက် နံနက်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့ရှေ့တွင် ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၈ နာရီခွဲခန့်က စမ်းချောင်းမြို့နယ် လင်းလွန်းတောင် ရပ်ကွက် စစ်ကိုင်းလမ်းနှင့် ရွှေလောင်းလမ်းဆုံ နေရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာ တာဝန်ရှိသူများက ရေမြောင်း ပိတ်ဆို့သည့် ပြဿနာအား ဖြေရှင်းပေးရန် ရောက်ရှိလာပြီး စကားပြောနေစဉ် လင်းလွန်းတောင် ရပ်ကွက်နေ ဦးထွေးမြင့်ကို ၎င်း၏ အိမ်အနီးတွင် နေထိုင်သည့် သီဟ (ခ) သန့်စင်ဆိုသူက အနောက်ဘက်မှ ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။စမ်းချောင်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက “ရေမြောင်းပိတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေ ရောက်လာပြီး စကားပြောနေတဲ့ အချိန်မှာပဲ အဲဒီရပ်ကွက်နေသူ တစ်ဦးဖြစ်တဲ့ ဦးထွေးမြင့်ကို သီဟ (ခ) သန့်စင်က ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာပါ။ အခုထိ သူ့ကို ဖမ်းမမိသေးပါဘူး” ဟု ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက ပြောကြားသည်။မည်သည့် အတွက်ကြောင့် ထိုသို့ဓားဖြင့် ထိုးရသည်ကို မသိရှိရသေးဘဲ အသေးစိတ်ကို စစ်ဆေးနေဆဲဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ဓားဖြင့် ထိုးခံရသည့် ဦးထွေးမြင့်မှာ လည်ကုပ်တွင် ထိုးသွင်းဒဏ်ရာ ရရှိကာ ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင် ကုသထားပြီး အဆိုပါ အမှုကို စမ်းချောင်းမြို့မ ရဲစခန်းက (ပ)၂၁၀/၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ဇွန် ၂၄ ရက်ကလည်း စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ နေအိမ် ဖောက်ထွင်းခံရပြီး ကျူးလွန်သူက အသက် ၇၃ နှစ်အရွယ် အဘွားအိုကိုလည်း ဓားဖြင့်ထိုး၍ ထွက်ပြေးမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးပါ အဖွဲ့က ရေမြောင်းပိတ်သည့် ကိစ္စ ဆောင်ရွက်နေစဉ် ၎င်းတို့ရှေ့မှာပင် ဓားထိုးမှု ဖြစ်ပွား