စိန်၊ ရွှေ၊ ရေနံစိမ်း စသည့် ကန့်သတ်ပို့ကုန် ၁၂ မျိုးအနက် အချို့ပို့ကုန်များ ပြည်ပတင်ပို့ခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြထား

စိန်၊ ရွှေ၊ ရေနံစိမ်း စသည့် ကန့်သတ်ပို့ကုန် ၁၂ မျိုးအနက် အချို့ပို့ကုန်များ ပြည်ပတင်ပို့ခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြထား
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 24 June 2016
နီလာ

မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့မှုကို ကန့်သတ်ထားသည့် စိန်၊ ရွှေ၊ ရေနံစိမ်း စသည့် ကန့်သတ်ပို့ကုန် ၁၂ မျိုးအနက် အချို့ပို့ကုန် များကို ပြည်ပသို့ တင်ပို့ခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
"ကန့်သတ်ထားတဲ့ ပို့ကုန် ၁၂ မျိုးထဲ ကနေ အချို့ပို့ကုန်တွေကို အစိုးရအဖွဲ့ကို တင်ပြပြီးတော့ ဖြေလျှော့ဖို့ စတင်ဆောင်ရွက် နေပါပြီ။ အစိုးရအဖွဲ့က ခွင့်ပြုချက်ရရင် မကြာခင်မှာ ထုတ်ပြန်ပေးသွားမယ်။ ကန့် သတ်ပို့ကုန် ၁၂ မျိုးက ပန်းနှမ်းဆီ၊ မုန်ညှင်း၊ မုန်ညှင်းဆီ၊ နေကြာ၊ နေကြာဆီ၊ ဆီကြိတ်ဖတ်၊ ရွှေ၊ စိန်၊ ရေနံ၊ ရေနံစိမ်း၊ ဆင်စွယ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များ၊ ပုစွန်ခွဲ၊ လက်နက်ခဲယမ်းမီးကျောက်၊ ရှေးဟောင်း ပစ္စည်း စသည်တို့ဖြစ်ပါတယ်" ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
"အဲဒီ ၁၂ မျိုးထဲက တချို့အမည်ကိုလျှော့ဖို့ ဘာမှလိုအပ်ချက်မရှိဘဲ တောက်လျှောက် တင်ပို့ခွင့်ပြုဖို့ ဆောင်ရွက်နေပြီ။ အဲဒါကလည်း မကြာမီ တရားဝင်အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးသွားဖို့ရှိတယ်။ အဓိကက ပို့ကုန်တိုးမြှင့်ဖို့ပါ" ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် လက်ရှိအစိုးရသစ် ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်သုံးဆ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိအချိန်၌ ကဏ္ဍအလိုက် နှစ်အလိုက် တိုးမြှင့်တင်ပို့မည့် ပို့ကုန်များနှင့် ပတ်သက်ပြီး စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ပို့ကုန်တိုးချဲ့ မြှင့်တင်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းစားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများ အတွက် လိုအပ်သည့် အရေးကြီးကုန်စည်များ ဖူလုံရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးကို ဦးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၁၆ ခုနှစ် ဧပြီ ၂၃ ရက် ရန်ကုန်မြို့ရှိ UMFCCI တွင်ကျင်းပသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
နှစ်အလိုက် ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရာ၌ အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်အနေအထားနှင့် လိုအပ်ချက်ကို မြန်မာနိုင်ငံမှ တင်ပို့နိုင်ရေးအတွက် ကဏ္ဍအလိုက် ဌာနဆိုင်ရာများနှင့် ဆွေးနွေးလျက်ရှိသည်။