၂၀၁၆ ခုနှစ် မေလအတွင်း ငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ ၉၅ ရာခိုင်နှုန်း ရှိပြီး ယခင်လထက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့

၂၀၁၆ ခုနှစ် မေလအတွင်း ငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ ၉၅ ရာခိုင်နှုန်း ရှိပြီး ယခင်လထက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့
Published 22 June 2016
မင်းသီဟဇော်

၂၀၁၆ ခုနှစ် မေလအတွင်း တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုှုနှုန်းမှာ ၁၁ ဒသမ ၉၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၆ ခုနှစ် မေလအတွက် စားသုံးသူဈေးဆနှုန်းမှာ ၂၂၀ ဒသမ ၄၅ ရှိပြီး ၂၀၁၅ ခုနှစ် မေလတွင် ၁၉၇ ဒသမ ၉၃ နှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် မြင့်တက်လာကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် မေလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၉၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် မြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုသို့ မြင့်တက်ရခြင်းမှာ မေလအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်း ဈေးနှုန်းများသည် ယခင်နှစ် အလားတူ ကာလကထက် သိသိသာသာ မြင့်တက်ခဲ့သောကြောင့် ဖြစ်ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က သုံးသပ်ထားသည်။တစ်နိုင်ငံလုံးအတွက် ၂၀၀၆ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ ဈေးဆနှုန်းအပေါ် အခြေခံ၍ တွက်ချက်ထားသော ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ် မေလအထိ တစ်နှစ်ပျမ်းမျှ (+) ၁၁ ဒသမ ၉၅ ရှိ၍ ဧပြီလအထိ တစ်နှစ်ပျမ်းမျှ (+) ၁၁ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် မြင့်တက်လာကြောင်းနှင့် ၂၀၁၆ ခုနှစ် မေလနှင့် ၂၀၁၅ ခုနှစ် မေလချင်း နှိုင်းယှဉ်ပါက နှစ်အလိုက် ပြောင်းလဲမှု (Year on Year Inflation) မှာ ၁၁ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။၂၀၁၆ ခုနှစ် မေလအတွင်း ချင်းပြည်နယ်သည် ၂၇ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး ကယားပြည်နယ်သည် ၂၀ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံးဖြစ်ကာ ရခိုင်ပြည်နယ်သည် ၂၀ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံး အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။၂၀၁၆ ခုနှစ် မေလအတွင်း ချင်းပြည်နယ် ဟားခါးမြို့တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၈ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် မေလအတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မေလအတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀ ဒသမ ၄၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၆  ခုနှစ် မေလအတွင်း မြစ်ကြီးနား၊ ဘားအံနှင့် ပြည်မြို့များသည် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း အနိမ့်ဆုံး မြို့များဖြစ်ကြောင်း သိရသည်။လက်ရှိ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည် ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။ငွေကြေး ဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများ အပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။ငွေကြေး ဖောင်းပွမှုနှုန်းသည် ပထမ ကာလတို ငါးနှစ် စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေး မူဝါဒ၊ ငွေကြေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများ အပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ တစ်နှစ် ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ် အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အစားအစာ ဈေးနှုန်းများ တက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဒုတိယ ကာလတို ငါးနှစ် စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent