ရခိုင်အမျိုးသားပါတီ CEC အဖွဲ့ဝင် လစ်လပ်နေရာများအတွက် ပြန်လည်ရွေးချယ်မည် မဟုတ်သလို ၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် ပါတီညီလာခံ၌ လူဦးရေလျှော့ချ၍ ပြန်လည်ဖွဲ့စည်းရန်ရှိဟု ဆို

ရခိုင်အမျိုးသားပါတီ CEC အဖွဲ့ဝင် လစ်လပ်နေရာများအတွက် ပြန်လည်ရွေးချယ်မည် မဟုတ်သလို ၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် ပါတီညီလာခံ၌ လူဦးရေလျှော့ချ၍ ပြန်လည်ဖွဲ့စည်းရန်ရှိဟု ဆို
Published 20 June 2016

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) လစ်လပ်နေရာများအတွက် ပြန်လည်ရွေးချယ်မည် မဟုတ်သလို ၂၀၁၇ ခုနှစ်တွင်ပြုလုပ်မည် ပါတီညီလာခံ၌ ပါတီဗဟိုအား လူဦးရေလျှော့ချ၍ ပြန်လည်ဖွဲ့ စည်းရန်ရှိကြောင်း အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က The Daily Eleven ကို ပြောကြားသည်။ 
 
ရခိုင်အမျိုးသားပါတီကို ဦးအေးသာအောင် (လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ဒေါက်တာအေးမောင် (ယခင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့အား ပူးပေါင်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 
ပါတီ စတင်တည်ထောင်စဉ်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၇ ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကော်မတီဝင် ၃၁ ဦးသာရှိ၍ ခြောက်ဦး ပါဝင်ခြင်း မရှိတော့ကြောင်း သိရသည်။ 
 
ဦးထွန်းအောင်ကျော်က “ပါတီဗဟိုမှာတော့ တော်တော်လေး လစ်လပ်မှု ရှိပါတယ်။ နုတ်ထွက်သွားတဲ့ သူတွေ၊ ဆုံးသွားတဲ့သူတွေ နောက်ပါတီကနေ ထုတ်ပယ်ခံရတဲ့သူတွေ ရှိတယ်။ တစ်သီးပုဂ္ဂလတွေ ပြိုင်တဲ့သူတွေ၊ ပါတီရဲ့ စည်းကမ်းချက် ထုတ်ပြန်ထားတာကို တစ်သီးပုဂ္ဂလအနေနဲ့ ထွက်ပြီးပြိုင်တဲ့အတွက် အဲဒီလူတွေကို ပါတီကနေပြီးတော့ ထုတ်ပယ်ထားတာတွေ ရှိတယ်။ နောက်တစ်ချက် စည်းမျဉ်း၊ စည်းကမ်းတွေကို ဖောက်ဖျက်တဲ့အတွက် ထုတ်ပယ်ထားတဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ခြောက်ယောက်လောက် အတွက်နဲ့ကတော့ ကျွန်တော်တို့ အစားထိုးဖို့ မလိုဘူးလို့ ကျွန်တော်တို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက အဲဒီလိုပဲ နားလည်ထားတာတွေ ရှိတယ်။ အဲဒါကြောင့် ဗဟိုကော်မတီကတော့ လောလောဆယ် အစားထိုးဖို့၊ ရွေးချယ်ဖို့၊ ထည့်သွင်းဖို့အတွက် အစီအစဉ်မရှိဘူး”ဟု ပြောကြားသည်။
 
ဆက်လက်၍ ဦးထွန်းအောင်ကျော်က “ကျွန်တော်တို့မှာက ၂၀၁၇ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီရဲ့ ညီလာခံကြီး ပြုလုပ်တော့မယ်။ နောက်တစ်ခုက အခုလောလောဆယ်မှာ ကျွန်တော်တို့က ပါတီတစ်ခုမှာ အရမ်းကို များနေတယ်လို့ ကျွန်တော်တို့ ခံယူထားတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကတော့ ကျွန်တော်တို့က နှစ်ပါတီပေါင်းပြီးတော့ နေရာဒေသတွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာလည်း ခရိုင်လေးခု ရှိတယ်။ နောက်ပြီး ဒေသစွဲလေးတွေလည်း ရှိကြတဲ့အတွက် ဘယ်နေရာဆိုရင် မပါဘူးဆိုပြီး မဖြစ်ရလေအောင် ဒေသတွေက ထည့်သွင်းပြီးတော့ လုပ်ခဲ့ရတာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ၃၇ ယောက်ဆိုတာ လူအမြင်ကတော့ လွယ်လွယ်လေးထင်တာပေါ့။ ဒါပေမဲ့ အလုပ်လုပ်ကြတဲ့အခါမှာ အဲဒီလောက်လူတွေ စုံညီကြဖို့အတွက် ကျွန်တော်တို့က တော်တော်လေးကို အခက်အခဲ တွေ့ခဲ့ရတယ်။ ဗဟိုကော်မတီမှာဆိုရင် ၁၁၂ ယောက်တောင် ရှိတယ်ဗျ။  ဒါကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီအရေအတွက်တွေကို လျှော့ချသွားဖို့အတွက် ကျွန်တော်တို့ စဉ်းစားထားတာ ရှိတယ်။ ကျွန်တော်တို့က ပါတီ ဖွဲ့စည်းပုံကိုပါ ညီလာခံမှပဲ ပြင်နိုင်ခွင့် ရှိတယ်လေ။ စည်းကမ်းအရဆိုရင်။ ဒါကြောင့်လည်း ကျွန်တော်တို့ညီလာခံကို တင်သွင်းပြီးတော့ အရေအတွက်တွေ လျှော့ချမယ်”ဟု ပြောကြားသည်။

Most Read

Most Recent