ကားပါကင်ပါမစ် ထုတ်ပေးမှုကို ခေတ္တ ရပ်ဆိုင်းကာ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံပြီး နောက်ပိုင်း ကားဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်နေပြီး အရောင်းအဝယ် အေး

ကားပါကင်ပါမစ် ထုတ်ပေးမှုကို ခေတ္တ ရပ်ဆိုင်းကာ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံပြီး နောက်ပိုင်း ကားဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်နေပြီး အရောင်းအဝယ် အေး
Published 18 June 2016

ကားပါကင်ပါမစ် ထုတ်ပေးခြင်းကို ခေတ္တ ရပ်ဆိုင်းကာ ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း စတင် သတ်မှတ်ခဲ့သည့် အချိန်မှ စပြီး ဈေးကွက်အတွင်း ကားဈေးနှုန်းများ ပိုမို မြင့်တက်လာရာ အရောင်းအဝယ်လည်း အေးလျက်ရှိကြောင်း motors.com.mm က ထုတ်ပြန်သည်။ပြီးခဲ့သည့် ဇွန် ၁၅ သို့မဟုတ် ၁၆ ရက်နေ့တွင် ပါကင်ပါမစ်နှင့် ပတ်သက်ပြီး မူဝါဒ တစ်ခုခု ထုတ်ပြန် ပြဋ္ဌာန်းပေးမည်ဟု လူအများ မျှော်လင့်ခဲ့ကြသော်လည်း ယခု အချိန်အထိ တိကျသော ပြဋ္ဌာန်းချက် ထွက်ပေါ်လာခြင်း မရှိသေးရာ လက်ရှိ စလစ်ကပ်ကားများသာ အရောင်းအဝယ် ဖြစ်နေပြီး ကျန်ကားများမှာ အရောင်းအဝယ် အေးနေကြောင်း သီရိမင်္ဂလာ ကားဈေးကွက် အတွင်းမှ ဝယ်ရောင်း တစ်ဦးထံက သိရသည်။စလစ်ကပ်ကားများ အရောင်းအဝယ် ရှိသည်ဟု ဆိုသော်လည်း ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းကြောင့် ကားဈေးနှုန်းများမှာ ပုံမှန်ထက် သိန်း ၂၀ မှ သိန်း ၄၀ ခန့်အထိ မြင့်တက်သွားသဖြင့် မျှော်မှန်းသလောက် အရောင်းအဝယ် မဖြစ်ဟုလည်း ၎င်းက ဆိုသည်။လက်ရှိ ကားဈေးကွက် အနေအထားနှင့် ပတ်သက်၍ motors.com.mm မှ လက်ထောက် ဒါရိုက်ဖြစ်သူ ကိုညိုသွေးက “ပါကင် ပါမစ်နဲ့ အခွန် ၁၅ ရာခိုင်နှုန်းကြောင့် ကားဈေးတွေက သိသိသာသာ ထိုးတက်လာပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ကားအများစုရဲ့ ဈေးက ကြိုက်ရောင်းကြိုက်ဝယ် အသွင်ဆောင်လာပြီး ရောင်းသူ ဝယ်သူ နှစ်ဖက်စလုံးက မူဝါဒ အပြောင်းအလဲကို စောင့်မျှော်နေကြတာကြောင့် အရောင်းအဝယ် အေးနေတယ်။ Consignment နဲ့ သွင်းထားတဲ့ ကားတွေကိုတောင် ပါကင်ပါမစ် မပေးတာကြောင့် Showroom တွေ အပါအဝင် Showroom တွေရဲ့ Consignment ကို အားကိုးပြီး ကားတင်သွင်းတဲ့ လူတွေပါ ဒုက္ခ ရောက်ကုန်ပါတယ်။ ကားဈေးကွက်ထဲက လူတွေကတော့ အနည်းဆုံး Consignment နဲ့ သွင်းထားတဲ့ ဖရီးပါမစ် ကားတွေအတွက် ပါကင်ပါမစ် ထုတ်ပေးသင့်တယ်လို့ ဆိုကြတယ်” ဟု ပြောကြားသည်။သီရိမင်္ဂလာ၊ ရှင်စောပုနှင့် လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်းရှိ ဝယ်ရောင်းများကလည်း တိကျ သေချာသော မူဝါဒတစ်ခု ထွက်လာရန် စောင့်မျှော်လျက် ရှိသည်ဟု ပြောကြားခဲ့ပြီး ကားဝယ်ရောင်း အချို့က ကားဈေးကွက် အနေအထားမှာ ၂၀၁၆ ခုနှစ်ကုန်အထိ ယခုအတိုင်း ဆက်သွားနေလောက်သည်ဟု ခန့်မှန်းထားကြောင်း motors.com.mm က ဖော်ပြထားသည်။လူစီးယာဉ်များနှင့် မော်တော်ယာဉ်ငယ်များကို ကားပါကင် ပါမစ် ထုတ်ပေးခြင်းကို လက်ရှိ အချိန်အထိ ရပ်ဆိုင်းထားသော်လည်း ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ယာဉ်များ၊ ဆောက်လုပ်ရေးနှင့် လယ်ယာလုပ်ငန်းခွင်သုံး ယာဉ်ယန္တရားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ကာပါကင် ထောက်ခံချက် ရယူရန် မလိုဘဲ ဇွန် ၁၅ ရက် နောက်ပိုင်းမှ စတင်ကာ တင်သွင်းခွင့် ပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent