ကလေး၊ အိမ်၊ ကျောင်းနှင့် . . .

ကလေး၊ အိမ်၊ ကျောင်းနှင့် . . .
Published 9 June 2016
မောင်တင်ဦး (မြောင်းမြ)

■ ကလေး
မိခင်ဝမ်းမှ ကျွတ်လာတာနဲ့ ဘဝကို အငိုနဲ့ စတင်လိုက်တယ်။ အဆုတ်ထဲ လေဝင်လို့ ငိုလိုက်တဲ့ ငိုသံဟာ မိခင်၊ ဖခင်ရော ကြားရသူအပေါင်း မင်္ဂလာရှိစေတယ်။ သားလေး၊ သမီးလေး။ ရတနာလေးပေါ့။ ဒီကလေးဟာ မွေးစအရွယ် (Infancy) နဲ့တင် ပြီးဆုံးတာ မဟုတ်ဘူး။ ရှည်လျားဘဝခရီးကို တစ်နေ့ပြီးတစ်နေ့ လျှောက်လှမ်းရတော့မယ်။ ပုံမှန် (formal) ဖြတ်သန်းရမယ့် ဘဝက ကြိုတင် ပြဋ္ဌာန်း (Predetermination) ထားပြီးသား။
မူလတန်းကြိုကျောင်းတက်။ (Nursury) အသက်သုံးနှစ်မှ ငါးနှစ်။ သူငယ်တန်းတက် (Kindergarten)။ ထိုအတန်းများမှ ဆင့်ကဲဆင့်ကဲ ဆယ်တန်းအောင်၊ ဘွဲ့ရ၊ ပညာတတ်ကြီးဖြစ်။ ရာထူးတွေကြီးကြီးရ၊ ဒါက ကလေးမိခင်တွေရဲ့ အနာဂတ်ဘဝ။ ဘယ်မိဘကမှ လမ်းဘေး အမှိုက်ကောက်၊ ပညာမဲ့ဘဝကို မဖြစ်စေချင်ဘူး။ မိဘတွေရဲ့ စေတနာ။
ဒါပေမဲ့ လက်တွေ့ဘဝမှာ ဒုတိယတန်းနဲ့ ကျောင်းထွက်သူ။ လေးတန်းနဲ့ ကျောင်းထွက်သူ။ အဟောသိကံနှုန်း (drop-out rate) က များနေတယ်။
ဒီလိုဖြစ်နေရတဲ့ အကြောင်းများစွာ ထဲမှာ အကြောင်းတစ်ခုကို လတ်တလော ဖြေရှင်းပေးလိုက်တယ်။ အခမဲ့ပညာရေးဆိုတဲ့ ကုထုံးဖြစ်တယ်။ ဗလာစာအုပ်၊ ပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံစတဲ့ ကျောင်းတက်ဖို့လို အပ်ချက်တွေကို အခမဲ့ ထောက်ပံ့ခဲ့တယ်။ ယခင်လို ကျောင်းအပ်ခတွေ တစ်ပြားတစ်ချပ်မှ မပေးရတော့ဘူး။ ဒီလိုနဲ့ ဇွန်လ ၁ ရက်မှာ ကလေးတွေ ကျောင်းဝင်းထဲကို ရောက်လာပြီ။
■ အိမ်
ကလေးတိုင်းမှာ မိမိမိသားစုရှိရာ၊ နေထိုင်ရာ၊ အိပ်စက်ရာအိမ်ရှိတယ်။ အိမ်ဆိုလို့ ခြံဝင်း၊ အိပ်ခန်း၊ ဧည့်ခန်း၊ စာဖတ်ခန်း၊ ဘုရားခန်း၊ ရေချိုးခန်းတို့ကို သီးသီးသန့်သန့် ခန့်ခန့်ထည်ထည်ရှိနေတဲ့ အိမ်မျိုး ရှိနေနိုင်တယ်။ ဒါမှမဟုတ် ကြမ်းခုနစ်ချောင်း၊ အမိုးက ဓနိလေး ငါးပြစ်၊ အကာကထရံပေါက်မှ လေတဖြူးဖြူး၊ ဒီလိုမျိုးအိမ်။ အိပ်လည်းဒီနေရာ၊ စားလည်းဒီနေရာ၊ ထမင်းချက်လည်းဒီနေရာ၊ ဒီလိုမျိုးအိမ်လည်း ဖြစ်နေနိုင်တယ်။
အိမ်တွေမတူသလို၊ မိသားစုပုံစံတွေလည်း မတူပြန်ဘူး။ မိသားစုတွင်း ချစ်ခြင်းမေတ္တာ ပမာဏချင်း မတူကြဘူး။ ထို့အတူ မိဘတို့ရဲ့ ပညာတတ်မှု၊ မတတ်မှု သားသမီးအပေါ် အာရုံစိုက်မှု၊ မစိုက်မှု စတဲ့ လူမှုရေးပုံစံတွေလည်း ကွဲပြားနေပြန်တယ်။ ဒီလိုမတူညီတဲ့ နောက်ခံ အကြောင်းရင်းများကြားမှ နေထိုင်ကျင်လည်လာရတဲ့ ကလေးတစ်ယောက်ချင်းစီမှာ မတူညီတဲ့အပြုအမူ၊ အပြောအဆိုတွေ၊ စရိုက်တွေအမျိုးမျိုး ပုံစံဝင်နေမှာ အသေအချာပဲ။
မတူညီတဲ့အိမ်များမှ ခြားနားတဲ့ကလေးများ ကျောင်းတစ်ကျောင်းတည်းရဲ့ စာသင်ခန်းများဆီ စုဝေးရောက်ရှိလာကြပြီ။ ဒါကို ကျောင်းမှကြိုဆိုကြစို့။ ကျား၊ မ အဆင့်အတန်း၊ လူမျိုးဘာသာမရွေး လက်ကမ်း ကြိုဆိုကြရမယ်။ ဒါဟာကျောင်းရဲ့ဂုဏ်ပဲ၊ ကျောင်းရဲ့ ကြီးမားတဲ့ သိက္ခာပဲ။ အိမ်တိုင်းကကလေးတိုင်းရဲ့ နားခိုရာမဖြစ်ပေမယ့် ကျောင်းက ကလေးတိုင်းအတွက် နားခိုရာဖြစ်တယ်။ ကျောင်းဟာ ကလေးတိုင်းအတွက်ဖြစ်တယ်။
■ ကျောင်း
ကျောင်းဆိုတာ အရပ်ရပ်သော ကွဲပြားတဲ့ဒေသများမှ ကလေးများ စုဝေးရောက်ရှိ ပညာသင်ယူတဲ့ နေရာပဲ။ ပညာသင်ယူရုံသာမက မတူညီတဲ့ နှလုံးသားများရဲ့အချစ်ဖြစ်ထွန်းရာ နေရာလည်း ဖြစ်တယ်။ သူစိမ်းများဘဝမှ သူငယ်ချင်းအဖြစ် ပြောင်းလဲစေတဲ့ အဝန်းအဝိုင်းလည်း ဖြစ်တယ်။
■ ဆရာ၊ ဆရာမ
ကျောင်းဆိုတာ ရုပ်ဝတ္ထုဖြစ်တယ်။ ကျောင်းကို အသက်ဝင်စေသူတွေ ဆရာမတွေပဲဖြစ်တယ်။ သက်ရှိကလေးကို သက်ရှိဆရာမနဲ့ တွေ့ဆုံရာမှာ သက်ရှိဖြစ်စဉ်တွေကို မေ့လျော့ထားလို့ မဖြစ်ဘူး။ သက်ရှိဖြစ်စဉ်ဆိုတာဟာ နှစ်ဦးနှစ်ဖက် နားလည်မှုရှိခြင်း။ ကလေးတို့ရဲ့အရွယ်အလတ် အပိုင်းအခြားအလိုက် ရုပ်ပိုင်းဖွံ့ဖြိုးမှု (Physical Development)၊ စိတ်ပိုင်းဖွံ့ဖြိုးမှု (Mental Development) ကိုကောင်းစွာသိရှိခြင်း၊ ကလေးတစ်ဦးချင်းစီရဲ့ လူမှုရေးဘ၀ အခြေအနေကို နားလည်စာနာခြင်းတို့ဟာ ဆရာမတွေအတွက် အခြေခံလိုအပ်ချက် ဖြစ်တယ်။
ကျောင်းနေပျော်အောင် ဆရာမတွေက စီစဉ်ပေးရမယ်။ စိတ်ကို စိတ်နဲ့သင်ရမယ်။ အထီးကျန်နေတဲ့ ကလေးကို ကျောင်းအဖွဲ့အစည်းထဲမှာ ပါဝင် (participate) လာအောင် လုပ်ဆောင်ပေးရမယ်။ အားငယ်နေတဲ့ကလေးကို အားပေးရမယ်။ အပေါင်းအသင်းထဲမှာ မဝင်ဆံ့တဲ့ ကလေး ဝင်ဆံ့အောင် ဖန်တီးပေးရမယ်။ အိမ်နဲ့ကျောင်းရဲ့ မတူညီတဲ့ အပြောင်းအလဲကို ပါးနပ်စွာ ပေါင်းစပ် ညှိနှိုင်းပေးရမယ်။
ကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုဟာ အိမ်ဆိုတဲ့ ကမ္ဘာကျဉ်းလေးမှ ကျောင်းဆိုတဲ့ ပိုကျယ်တဲ့ ကမ္ဘာလေးထဲ ချင်းနင်းဝင်ရောက်လာတယ်။ မိဘရဲ့မိသားစုဘဝမှ ဒီ့ထက်ကျယ်ပြန့်တဲ့ သူငယ်ချင်း၊ ဆရာမတွေနဲ့ ထိတွေ့လာရတယ်။ ပတ်ဝန်းကျင်အသစ်၊ အတွေ့အကြုံအသစ်တွေနဲ့ ရင်ဆိုင်လာရတယ်။
အတွေ့အကြုံသစ်တိုင်းဟာ ကလေးတစ်ယောက်အတွက် အလွယ်တကူ ဖြတ်သန်းနိုင်တာ မဟုတ်ဘူး။ အချို့အတွေ့အကြုံ တွေက အိမ်နဲ့ဆင်တူလို့ ပြဿနာ မဟုတ်ပေမယ့် အချို့အတွေ့အကြုံတွေက အိမ်နဲ့ လုံးဝမတူတတ်ဘူး။ ဒီအခါကြောက်စိတ်နဲ့ ရင်ဆိုင်ရတယ်။ မျက်လုံးလေး ကလယ်ကလယ် နဲ့ ရင်ခုန်စွာ ရင်ဆိုင်ရတယ်။ ဒီအချိန်မှာ ဘေးနားက အားပေးမယ့်သူ၊ ဖေးမမယ့်သူ၊ ကူညီမယ့်သူ၊ လမ်းပြမယ့်သူတွေ လိုအပ်တယ်။ အားပေးနှစ်သိမ့်ပေးသူ ပိုလိုအပ်တယ်။
ကလေးတစ်ယောက်အတွက် ဘဝအစကောင်းဖို့၊ လာခြင်းကောင်းသော ကလေးများဖြစ်ဖို့၊ ရှည်လျားသော ဘဝခရီးအတွက် ပြင်ဆင်ပေးနိုင်တဲ့ လေ့ကျင့်ရေးကွင်းဖြစ်ဖို့ ကျောင်းကို ပြင်ဆင်ထားရမယ်။ တစ်ဦးချင်းစီရဲ့ ဘဝရှေ့ရေးကို တိုးဝင်ရဲအောင် စိတ်သတ္တိတွေ မွေးပေးနိုင်ရမယ်။ စာပေကို သင်ကြားပေးရုံသာမက စိတ်ကိုပါသင်ကြားပေးရမယ်။ ကလေးတွေကို မိမိလိုချင်တဲ့ ပုံသွင်းဖို့လုပ်ဆောင်တာထက် ကလေးတွေရဲ့ မူရင်းပုံကို ပေါ်အောင် ပြုစုပျိုးထောင်ပေးတာက ဒီမိုကရေစီပညာရေးအတွက် ပိုသင့်တော်တယ်။ သက်မဲ့ကို ပုံသွင်းရတာ မှန်ပေမယ့် သက်ရှိကို ပုံသွင်းလို့ မရနိုင်ဘူး။ သက်ရှိကို ပုံသွင်းရလွယ်ကူတယ်ဆိုရင် ကလေးတွေအားလုံး ပညာတတ် ဆရာဝန်တွေချည်းပဲ အားလုံးဖြစ်ကုန်မှာပေါ့။ ခုတော့ပညာရေးရည်မှန်းချက်ထဲ မပါတဲ့ စားပွဲထိုးတွေ၊ ပလတ်စတစ် ကောက်သူတွေ၊ လမ်းဘေးရောက် ကျပန်းအလုပ်သမားတွေ အများကြီးပဲ။
■ အနာဂတ်
ကလေးရဲ့ဘဝအစ စာသင်ကျောင်းလေးဟာ အနာဂတ်အတွက် အလွန်အရေးပါနေတယ်ဆိုတာ သဘောပေါက်ကြဖို့ ဖြစ်တယ်။ ကလေးဖြစ်လို့ ပေါ့ပေါ့တန်တန် မသင်သင့်ဘူး။ မူလတန်းဘဝမှ ဖြစ်ပျက်ခဲ့တဲ့ ပုံရိပ်ဟာ အသက် ကြီးရင့်လာလည်အထိ အမှတ်တရ ဖြစ်နေတတ်ကြတယ်။ ဘဝတစ်သက်တာ မမေ့စရာတွေပဲ။
ကလေးတစ်ယောက်အဖို့ အိမ် (မိသားစုဘဝ) မှ၊ ကျောင်း (လူ့အဖွဲ့အစည်း အသေးလေး) ကိုဖြတ်သန်းရင်း ပကတိအဖွဲ့အစည်း (ဘဝ) ထဲမှာ ဝင်ဆံ့ဖို့ ရုန်းကန် ကြိုးစားကြရမယ်။
အိမ်၊ ကျောင်း ဆိုတဲ့ ငယ်စဉ်ဘဝရဲ့ ဖြတ်သန်းရတဲ့ ပုံရိပ်ဟာ လူငယ်၊ လူကြီး ဘဝကို ဆက်လက် အရိပ်ထိုးနေတတ်တယ်။ ညံ့တဲ့လူဟာ ညံ့တဲ့ကလေးဘဝကို ဖြတ်သန်းခဲ့ရမှာ။ တော်တဲ့လူဟာ တော်တဲ့ကလေးဘဝကို ဖြတ်သန်းခဲ့ရမှာ။ ကျောင်းဟာ ဘဝသမိုင်းရဲ့ မှတ်တိုင် ဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးကတော့ လူကြီးဖြစ်လာမှာပဲ။ လူကြီးမဖြစ်မီ ကလေးဘဝကို မိဘ၊ ဆရာနှင့် တာဝန်ရှိသူများက မေတ္တာ၊ စေတနာ၊ တာဝန်တို့နှင့်အတူ ပျော်ရွှင်သော ကလေးဖြစ်အောင် ဝိုင်းဝန်း ပျိုးထောင်ကြရအောင်။ အဓိပ္ပာယ်ရှိတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ဖို့ သံယောဇဉ် ချည်နှောင်ထားသော အိမ်၊ ပျော်ရွှင်စရာများနှင့် ပညာရည် ပြည့်ဝနေသော ကျောင်းနှင့် တာဝန်သိ နိုင်ငံတော်မှ တာဝန်ရှိသူများက ပြုစုပေးခြင်းဖြင့် အိမ်၊ ကျောင်းနှင့် လာမည့်ဘဝများကို ဆက်စပ် ပေးနိုင်ကြပါရန် ဆန္ဒပြုရပါကြောင်း။