ရက် ၁၀၀ နဲ့ ပြဿနာများ

ရက် ၁၀၀ နဲ့ ပြဿနာများ
Published 7 June 2016
ကိုသိန်း (ကျောက်ကြီး)

ယခုတလော မီးတွေ မကြာခဏ ပျက်နေတာနဲ့ ပတ်သက်လို့ သူ့ရဲ့ စီးပွားရေး ကိစ္စက လွဲပြီး ဘယ်အရေး၊ ဘယ်ကိစ္စကိုမှ ထဲထဲဝင်ဝင် မပါချင်တဲ့ ဇနီးဖြစ်သူက မပြောစဖူး ပြောလာပါတယ်။ “ရှင်တို့ အစိုးရသစ်က ရက် ၁၀၀ အတွင်းမှာ ပြဿနာ ပေါင်းစုံကို ဖြေရှင်း ပေးနိုင်၊ မပေးနိုင်တော့ မသိဘူး။ လောလောဆယ်မှာတော့ စီးပွားရေးက ရှာလို့ဖွေလို့ မကောင်း၊ မီးက မမှန်၊ အိမ်မှာ တစ်ယောက်တည်း မနေရဲလို့ တံခါးပိတ်ပြီး နေရတဲ့ ဒုက္ခ၊ ရေက ရှား၊ ကုန်ဈေးနှုန်းက မကျ၊ ယာဉ်ကြောတွေက ကျပ်တဲ့ အပြင် ကျောင်းဝတ်စုံနဲ့ ကလေးတွေ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ရတာနဲ့ ရာသီဥတုက နေ့ပူ၊ ညပူ၊ ကျွန်မတော့ ရူးချင်စိတ်တောင် ပေါက်လာပြီလို့” သူလက်ရှိ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အနေအထားတွေကို ရင်ဖွင့် ပြောဆိုလာပါတယ်။“မင်းကလည်းကွာ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်ချင်လို့ ရမလား၊ လက်ဖက်ကောင်း စားချင်ရင်တော့ ပလောင်တောင်တက်နှေးတာ ဗွေယူလို့ ဘယ်ရမလဲ။ ခဏတော့ သည်းခံ စောင့်ရမှာပေါ့။ ဘယ်အရာမှ ချက်ချင်း လက်ငင်း အဆင်ပြေ ချောမွေ့အောင် လုပ်ဖို့ဆိုတာ လွယ်တာ မှတ်လို့၊ ဝေဖန်တာက လွယ်ပါတယ်။ လက်တွေ့ လုပ်ဖို့ ဆိုတာက ခက်တယ်၊ အခု မကြာခဏ မီးတွေ ပျက်နေတယ် ဆိုတာလည်း ဖောက်ပြန်နေတဲ့ ရာသီဥတုရယ်၊ ဝန်နဲ့ အားနဲ့ မမျှတာရယ်၊ လျှပ်စစ် ဓာတ်အားတွေ ပို့လွှတ်ဖို့ လည်ပတ်နေရတဲ့ up to date မဖြစ်တော့တဲ့ စက်ပစ္စည်းတွေနဲ့ လူတွေကြောင့်လည်း ဖြစ်ချင် ဖြစ်မှာပေါ့လို့” ဇနီး ဖြစ်သူကို ပြန်ပြောလိုက်ပါတယ်။ဒီနေ့ ဒီအချိန်မှာ မင်းမဲ့စရိုက် ဆန်ဆန် လုယက်၊ လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းယူ၊ အနိုင်ကျင့်၊ ပြန်ပေးဆွဲ၊ အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေဟာ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းချင်ကြတဲ့ ပြည်သူတွေ အတွက် စိုးရိမ် ပူပန်မှုတွေ တိုးစေပါတယ်။မိမိ အိမ်မှာတောင် တစ်ဦး တစ်ယောက်တည်း မနေရဲတော့ ဒုက္ခတွေ၊ ကိုယ့်ပစ္စည်းနဲ့ကိုယ် အပြင်ကို တစ်ယောက်တည်း မသွားရဲတဲ့ ဒုက္ခ၊ သက်ကြီး ရွယ်အိုနဲ့ အရွယ်ကောင်း သမီးပျိုတွေ အချိန်မတော် အပြင်ကို မထွက်ရဲတဲ့ ဒုက္ခတွေ အပြင် ဥပဒေမဲ့ ကျူးလွန်နေသူကို အချိန်နဲ့ တစ်ပြေးညီ မဖမ်းဆီး၊ မဖော်ထုတ်နိုင်တာတွေ၊ ပြစ်မှုနဲ့ ပြစ်ဒဏ် ချမှတ်ရာမှာလည်း တရားစီရင်ရေးရဲ့ အားနည်းချက် ချွတ်ယွင်းချက်တွေဟာ လက်ရှိ တရားဥပဒေ စိုးမိုးရေးကို ထောက်ပြစရာတွေ ဖြစ်စေပါတယ်။ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင် ရှိနေတာ မှန်ပေမယ့် ယခု လတ်တလော ဖြစ်ပျက်နေတဲ့ မှုခင်းတွေက ရဲတပ်ဖွဲ့ဝင်တွေ အင်အား ဖြည့်တင်းဖို့ လိုအပ်နေသေးတယ် ဆိုတဲ့ အချက်တွေ ရာဇဝတ်မှု ကျူးလွန်သူတွေကို မှတ်လောက်သားလောက်တဲ့ ပြစ်ဒဏ် စီရင်ချက် ချမှတ်ဖို့ လိုတယ်ဆိုတဲ့ အချက်တွေ ဆိုးခိုး၊ လုယက်၊ နာမည်ဆိုးနဲ့ ကျော်ကြားနေသူတွေ၊ ရာဇဝတ်မှုနဲ့ ထောင်ထွက်လာသူတွေ အပြင်မှာ အဖွဲ့လိုက် လှုပ်ရှားမှုတွေ ရှိနေသေးတယ် ဆိုတဲ့ အချက်တွေကို မီးမောင်း ထိုးပြနေတာ ဖြစ်ပါတယ်။“ပုဒ်မလေး ပေးမှ လုပ်” လို့ ပြောနေကြတဲ့ စကားလိုပဲ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အကျင့်ပျက် ခြစားမှုတွေကို ဝန်ကြီးဌာန အသီးသီးမှာ ချက်ချင်း လက်ငင်း ပပျောက်သွားဖို့ ဆိုတဲ့ အချက်ဟာ လက်ရှိ အစိုးရသစ်အတွက် အဓိက စိန်ခေါ်နေတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ ပေးတဲ့သူ ရှိရင် ယူတဲ့သူလည်း ရှိနေမှာ ဖြစ်ပါတယ်။ နည်းတာနဲ့ များတာပဲ ကွာသွားပါလိမ့်မယ်။ကျွန်တော်တို့ ပြည်သူ တစ်ဦးချင်းစီရဲ့ စည်းကမ်း လိုက်နာမှု၊ မိမိကိုယ်ကိုယ် အားကိုးမှု၊ သူများတွေ အပေါ် မှီခိုချင်တဲ့ အကျင့်ဆိုးတွေ ဖျောက်ဖျက်ဖို့လည်း လိုပါတယ်။ အလုပ်ကိစ္စတွေကြောင့် ရုံးဌာန အသီးသီးနဲ့ ဆက်ဆံကြရတဲ့အခါ အချိန် မပေးနိုင်လို့ပါ။ မအားလပ်လို့ပါ ဆရာရယ်၊ ကြည့်လုပ်ပေးပါ ဆိုတာတွေကလည်း အကျင့်ပျက် ခြစားမှုတွေကို အားပေးရာ ရောက်စေပါတယ်။ပြည်သူ တစ်ဦးချင်းစီကလည်း ကိုယ့်အား ကိုယ်ကိုးမယ်။ ဝန်ထမ်းတွေကလည်း အကျင့်ဟောင်းတွေ ပြင်ပြီး နိုင်ငံဝန်ထမ်း ဆိုတဲ့ အသိစိတ်ဓာတ် အပြည့်အဝနဲ့ ပေးမှ မဟုတ်ဘဲ မပေးလည်း ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ ပြည်သူ့ အကျိုးကို သယ်ပိုးမယ် ဆိုရင် အကျင့်ပျက် ခြစားမှုတွေ တဖြည်းဖြည်း လျော့နည်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ် ဆိုတဲ့ အချက်ကို အလေးအနက်ထားကာ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံး အကောင်အထည် ဖော်ပေးသွားရမှာ ဖြစ်ပါတယ်။တစ်လောက ကိစ္စတစ်ခုနဲ့ တက္ကစီ ငှားစီးတော့ ယာဉ်မောင်း ဖြစ်သူက ယာဉ်ကြောတွေ ကျပ်နေတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါတယ်။ ယခုလို ယာဉ်ကြောတွေ ကျပ်နေတာဟာ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်တွေ၊ ယာဉ်ကြော နှစ်ထပ်ရပ်နေတာတွေကို အချိန်နဲ့ တစ်ပြေးညီ မရှင်းပေးနိုင်တာတွေ၊ ယာဉ်ထိန်းရဲအင်အား မလုံလောက်မှုတွေ၊ မထသ လိုင်းပေါင်းစုံမှာ ယာဉ်ပိုင်ရှင် အများစုက ခေါက်ရေ များများရရေး ဒရိုင်ဘာနဲ့ စပယ်ယာကို တွန်းအားပေးပြီး ယာဉ်လိုင်း တစ်လိုင်းနဲ့ တစ်လိုင်း အပြိုင်အဆိုင် အလုအယက် စည်းကမ်းမဲ့ မောင်းနှင်ပြီး ဝင်ငွေ ရှာနေကြတာတွေ၊ မထသ ဗဟိုရဲ့ ကြပ်မတ်မှု အားနည်းချက်တွေ အပြင် အဓိက အချက်ကတော့ ယာဉ်လိုင်းပေါင်းစုံ ဆူးလေဘုရားကို ဗဟိုပြုတဲ့ အချက်ဟာ အဓိက ကျတယ်လို့ ပြောပါတယ်။လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်ဘက်က လာတဲ့ ယာဉ်လိုင်းတွေဟာ လှည်းတန်းမှာ ဂိတ်ဆုံးသင့်ပြီး လှည်းတန်း ဆူးလေ တစ်ဆင့်ကားတွေကို BRT လို ယာဉ်မျိုးတွေနဲ့ စီစဉ်ပေးဖို့ လိုပါကြောင်း၊ ဒါ့အပြင် တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ သင်္ဃန်းကျွန်း၊ ပုလဲမြို့သစ်ဘက်က လာတဲ့ ယာဉ်လိုင်းတွေကို တာမွေဘက်မှာ ဂိတ်ဆုံးစေကာ၊ တာမွေ ဆူးလေ တစ်ဆင့်ကားတွေကိုလည်း BRT ယာဉ်မျိုးတွေနဲ့ စီစဉ်ပေးနိုင်ရင် မြို့လယ်မှာ လိုင်းကားတွေ ယခုလို စုပုံ တိုးဝှေ့တဲ့ အနေအထားတွေ၊ ယာဉ်ကြော ကျပ်တည်းမှုတွေ လျော့ပါးသွားနိုင်တယ်လို့ ပြောပြသွားတဲ့ သူ့အမြင်ဟာ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရေးအတွက် အထောက်အကူ ပြုနိုင်တယ်လို့ ထင်မြင်မိပါတယ်။အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်းမှာ ကျူးကျော် ပြဿနာဟာလည်း အဓိက ဖြေရှင်းပေးရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ ကျူးကျော် ပြဿနာကို ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ ကျူးကျော် နေသူတွေနဲ့ ရာဇဝင် နောက်ကြောင်းကို ဂဃနဏ မှတ်တမ်းတင် စာရင်းပြုစုဖို့ လိုပါတာယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံ့တေး၊ လှိုင်သာယာ၊ လှည်းကူး၊ သန်လျင်မြို့နယ်တွေမှာ ကျူးကျော်နေသူတွေကို စာရင်းပြုစု စစ်တမ်းကောက်မယ်ဆိုရင် နေစရာ မရှိလို့ အမှန်တကယ် ကျူးကျော်နေသူတွေနဲ့ နေထိုင်စရာ ရှိရဲ့သားနဲ့ အချောင်သမား နေစရာ ရောင်းစားနေတဲ့ ကျူးကျော် နေထိုင်သူတွေ ရှိနေတယ်ဆိုတဲ့ အချက်တွေ ပေါ်လွင်လာမှာ ဖြစ်ပါတယ်။ အချောင်သမား၊ ကျူးကျော်သူတွေကို မှတ်သားလောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့ လိုသလို နေစရာ အမှန်တကယ် မရှိတဲ့ သူတွေကို နေရာထိုင်ခင်း စီစဉ်ပေးဖို့လည်း လိုမှာ ဖြစ်ပါတယ်။  ယခုလည်း လှည်းကူးမြို့နယ်၊ သာယာကုန်း ကျေးရွာနဲ့ ကျောက်အိုင်ကျေးရွာ အစပ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် သုံးနဲ့ မိုင်တိုင် ငါးအကြား လမ်းဘေး မြေကွက်လပ် ရတနာအောင် ကျေးရွာ စီမံကိန်း နေရာတွေမှာ နောက်တစ်ဖန် ပြန်လည် ဝင်ရောက်ကာ အိမ်ရာဆောက်လုပ် ကျူးကျော်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အလားတူ ဖြစ်စဉ်မျိုးတွေ နေရာဒေသ အသီးသီးမှာ ဖြစ်ပေါ်လာပါက အင်အားသုံး ဖြေရှင်းမှုတွေ ပြုလုပ်ရရင် အစိုးရသစ်ရဲ့ ပုံရိပ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ရက် ၁၀၀ အတွင်း အစိုးရသစ် အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရမယ့် အဓိက အချက်တွေ အနက် ဖော်ပြပါ အချက်များ အပါအဝင် အလုပ်ရှင် အလုပ်သမား ပြဿနာ၊ ရေရှည် စီမံကိန်း ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အသာထားလို့ မိုးကျခါနီးချိန် ရောက်ရှိနေမှုကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် ပြည်သူတွေရဲ့ စားဝတ်နေရေး၊ နေရပ်ပြန်လည် နေထိုင်ရေး ပြဿနာ၊ လတ်တလော ကြုံတွေ့နေရတဲ့ သဘာ၀ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း၊ စားဝတ်နေရေး ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးသွားဖို့လည်း လိုပါတယ်။ပြည်သူ အများစု စီးပွားရေး ချွတ်ခြုံကျနေပြီး အဘက်ဘက်က ယိုယွင်း ပျက်စီးနေတဲ့ တိုင်းပြည် နာလန် ပြန်ထူရေး အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းဟာ ပြည်သူတွေ လတ်တလော ကြုံတွေ့ ခံစားနေရတဲ့ ပြဿနာအချို့ကို ပြေလည်စေမှာ ဖြစ်ပေမယ့် “ဆင့်ပါးစပ် နှမ်းပက်” ဆိုတဲ့ အဖြစ်မျိုး ရှိနေဦးမှာ ဖြစ်ပါတယ်။လာမည့် ငါးနှစ်အတွင်း ယခင် အစိုးရဟောင်း ထားခဲ့တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို အရင် အစိုးရရဲ့ ကျန်ရှိခဲ့တဲ့ လူဟောင်းတွေ အကျင့်ဟောင်းတွေနဲ့ ဖြေရှင်းသွားဖို့ ဆိုတာကလည်း ခက်ခဲနေဦးမယ့် အနေအထားတစ်ရပ် ဖြစ်နေသေးတယ်။ ခေါင်းဆောင်တွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ အကောင်အထည် ဖော်ကြရမယ့် ဝန်ထမ်းတွေ ခေါက်ရိုး မပျက်သေးရင် အစိုးရသစ် အတွက် အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေဦးမှာ ဖြစ်ပါတယ်။မည်သို့ပင် ဆိုစေကာမူ ရက် ၁၀၀ အတွင်း ပြဿနာအချို့နဲ့ လာမယ့် ငါးနှစ်တာ ကာလအတွင်း ရင်ဆိုင် ကြုံတွေ့လာမယ့် ပြဿနာ အရပ်ရပ်ကို ပြည်သူ အများစုရဲ့ ပူးပေါင်း ပါဝင်မှု၊ ခေါက်ရိုး ကျိုးနေတဲ့ ယခင် အစိုးရဟောင်း ဝန်ထမ်း အများစုရဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးများ ပြောင်းလဲလာနိုင်မှု၊ အစိုးရသစ်ရဲ့ တိကျ ပြတ်သားတဲ့ လမ်းညွှန်မှု၊ နိုင်ငံတကာရဲ့ အထောက်အပံ့၊ အထူးသဖြင့် တရားဥပဒေ စိုးမိုးရေး အားကောင်းလာနိုင်မှုတွေ အပေါ်မှာ မူတည်နေမှာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။