တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်း လုံခြုံရေးနှင့် တရုတ်-အမေရိကန် အားပြိုင်မှု

တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်း လုံခြုံရေးနှင့် တရုတ်-အမေရိကန် အားပြိုင်မှု
Published 6 June 2016
နရီမင်း

ဇွန် ၄ ရက်တွင် အမေရိကန်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ဆောင်ချက်များအပေါ် ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံအပေါ် ဖိအား တိုးမြှင့်ခဲ့သည်။ အမေရိကန် ထိပ်တန်းကာကွယ်ရေးအရာရှိများက အမေရိကန်၏ စစ်ရေးအရ အထက်စီးရှိနေမှုကို ဖော်ပြလိုက်ခြင်းနှင့်အတူ လာမည့် ဆယ်စုနှစ်များအတွက် အမေရိကန်သည် အာရှလုံခြုံရေးနှင့် ပတ်သက်၍ အဓိက အာမခံနိုင်သူအဖြစ် ရှိနေဆဲဖြစ်ကြောင်း ကတိပြု ပြောကြားလိုက်သည်။
 
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက အာရှပစိဖိတ်ရေးရာနှင့် ပတ်သက်၍ အမေရိကန်၏ ချဉ်းကပ်ပုံသည် တာဝန်ယူမှု၊ အင်အားရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ရန်လိုသော အပြုအမူနှင့် ပတ်သက်၍လည်း တရုတ်ကို သတိပေးလိုက်သည်။
 
အငြင်းပွားနေသည့် ရေပြင်ပိုင်နက်အတွင်းရှိ ကျွန်းငယ်ဖြစ်သော စကားဘိုရိုကို ပြန်လည် သိမ်းပိုက်သည့် တရုတ်၏ မည်သည့် လုပ်ဆောင်ချက်မဆို အကျိုးဆက်များ ရှိလာလိမ့်မည်ဟု ကာတာက ပြောကြားခဲ့သည်။
 
“ဒီဖွံ့ဖြိုးရေးက ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ အမေရိကန်ကရော ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေကရော အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်လာမှာမို့ပါ။ ဒီလိုလုပ်တာတွေက တင်းမာမှုတွေ မြင့်မားလာစေရုံသာမက တရုတ်ကိုလည်း အထီးကျန်စေပါတယ်”ဟု တရုတ်စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများပါ တက်ရောက်သည့် စင်ကာပူတွင် ကျင်းပသော ရှန်ဂရီလာဒိုင်ယာလော့ဟု ခေါ်သည့် လုံခြုံ ရေးဖိုရမ်တစ်ခုတွင် စကားဘိုရိုကျွန်းငယ်နှင့် ပတ်သက်၍ မေးမြန်းရာ၌ ကာတာက ဖြေကြားခဲ့သည်။ 
 
“အမေရိကန်ဟာ စစ်အင်အား အကြီးဆုံးနိုင်ငံအဖြစ် ရှိနေဦးမှာဖြစ်ပြီး လာမယ့် ဆယ်စုနှစ်တွေမှာ ဒီဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိက အရေးပါသူအဖြစ် ရှိနေဦးမှာပါ။ ဒါနဲ့ပတ်သက်ပြီး သံသယဝင်စရာ မရှိပါဘူး”ဟုလည်း ကာတာက ပြောကြားခဲ့သည်။
 
တောင်တရုတ်ပင်လယ်အရေးသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား အကြီးမားဆုံး ထိပ်တိုက်တွေ့ဆုံမှု တစ်ရပ် ဖြစ်လာသည်။ အမေရိကန်သည် သမ္မတ ဘာရက်အိုဘားမား၏ စီမံကိန်းအောက်တွင် အာရှ-ပစိဖိတ်ဒေသအပေါ် အာရုံစိုက်မှု တိုးမြှင့်လာခဲ့ပြီး တရုတ်က ဒေသတွင်း၌ စီးပွားရေးအရ၊ နိုင်ငံရေးအရနှင့် စစ်အင်အားအရ ပြိုင်ဘက်မဲ့စွာ ထောင်တက်လာခဲ့သည်။
 
သို့သော် ကာတာက သူသည် မူဝါဒကို အခြေခံသော အာရှအတွက် လုံခြုံရေးကွန်ရက် တစ်ရပ်၌ ပူးပေါင်းပါဝင်ရန် တရုတ်ကို ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
“တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အပြုသဘောဆောင်ပြီး မူဝါဒကို အခြေခံတဲ့ အနာဂတ်တစ်ရပ်ကို အာမခံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရှေ့ဆက်ပြီး စဉ်းစားရမယ်”ဟုလည်း ကာတာက ပြောကြားခဲ့ပြီး သူအဆိုပြုသော ကွန်ရက်သည် ရုရှား၏ စိုးရိမ်ဖွယ်ရာ လုပ်ရပ်များကို ကာကွယ်ရန်နှင့် ရာသီဥတု ပြောင်းလဲခြင်းနှင့်ပတ်သက်၍ မဟာဗျူဟာ မြောက်သက်ရောက်မှု ကြီးထွားလာရန်တို့ အတွက်လည်း အထောက်အကူ ပြုနိုင်လိမ့်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
 
ဖိုရမ်သို့ တက်ရောက်သော တရုတ်ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယခေါင်းဆောင်က အမေရိကန်အနေဖြင့် ဒေသတွင်း၌ ရန်လိုသော စစ်ရေးလေ့ကျင့်မှုများနှင့် ကင်းလှည့်မှုများကို လျှော့ချသင့်ကြောင်းနှင့် တရုတ်ကို အထီးကျန်စေရန် ကြိုးပမ်းမှု မှန်သမျှသည် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
 
“ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံလုံခြုံရေး အကျိုးစီးပွားအတွက် အချိန်ကျပါပြီ။ ဘက်ခွဲခြားနေတဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို နိုင်ငံတော်တော်များများက သဘောမတူပါဘူး။ အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေရဲ့ အသံတွေကိုလည်း နားထောင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး ဂွမ်ယုဖေးက ပြောကြားခဲ့သည်။
 
အခြား အာရှခေါင်းဆောင်များက တောင်တရုတ်ပင်လယ်အတွင်း အနေအထားကို ဒေသတွင်း စိုးရိမ်စရာအဖြစ် ရှုမြင်ကြသည်။
 
“ဒီဒေသအတွင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရှိခဲ့တဲ့ ဝေမျှခံစားခဲ့တဲ့ အကျိုးစီးပွားတွေနဲ့ ရှင်သန်နေတဲ့ ဖွံ့ဖြိုးမှုှုနှုန်းတွေအပေါ် ကျွန်တော်တို့ထဲက တစ်ဦးဦးရဲ့ ရန်လိုတဲ့ အပြုအမူ ဒါမှမဟုတ် လုပ်ရပ်တွေက အန္တရာယ် ကျရောက်လာစေနိုင်တယ်ဆိုတာ ဒေသတွင်းက နိုင်ငံအားလုံး သိမြင်ဖို့ လိုအပ်ပါတယ်”ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး မာနိုဟာပါရီကာက ဖိုရမ်၌ ပြောကြားခဲ့သည်။
 
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက တောင်တရုတ်ပင်လယ်အတွင်း တစ်ဖက်သတ်ဆန်သော၊ အန္တရာယ်ကြီးသော၊ အနိုင်ကျင့်သော လုပ်ရပ်များကို ကိုင်တွယ်ရန်အတွက် မိမိတို့၏ လုံခြုံရေးစွမ်းရည်ကို တည်ဆောက်ရန် အရှေ့တောင်အာရှနိုင်ငံများကို ဂျပန်နိုင်ငံက ကူညီသွားမည်ဟု ပြောကြားခဲ့သည်။
 
“တောင်တရုတ် ပင်လယ်အတွင်းမှာ မြေပိုင်ဆိုင်မှုတွေကို အကြီးအကျယ် အလျင်အမြန် သိမ်းယူမှု၊ အခြေစိုက်စခန်းတွေ တည်ဆောက်နေမှုနဲ့ ဒါတွေကို စစ်ရေး ရည်ရွယ်ချက်တွေအတွက် အသုံးချမှုတွေအတွက် ကျွန်တော်တို့မှာ သက်သေတွေ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံမှ မသက်ဆိုင်တဲ့ ပြင်ပကလူ ဆိုတာ မရှိပါဘူး”ဟု နာကာတာနီက ပြောကြားခဲ့သည်။
 
ယင်းကို တရုတ်ကိုယ်စားလှယ် တစ်ဦးက ဂျပန်နိုင်ငံအနေဖြင့် ပြဿနာများကို ကြားဝင် စွက်ဖက်မှုမလုပ်ရန်နှင့် မီးမမွှေးရန် ဂရုစိုက်သင့်ကြောင်း ပြန်လည် ချေပခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်နှင့် ဂျပန်တို့၏ မှတ်ချက်များနှင့် ပတ်သက်၍လည်း ပြန်လည်ချေပခဲ့သည်။
 
“ဒေသတွင်း အပြင်ဘက်က နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ကတိတွေ တည်သင့်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှု အကြောင်းအရာတွေနဲ့ ပတ်သက်ရင် စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ မှတ်ချက်တွေ မပေးသင့်ပါဘူး”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။
 
တစ်နှစ်လျှင် ဒေါ်လာထရီလျံပေါင်းများစွာ တန်ဖိုးရှိသော ကုန်သွယ်ရေးလမ်းကြောင်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းသွားရပြီး တောင်တရုတ်ပင်လယ်သည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ငါးဖမ်းလုပ်ငန်းတို့အတွက် ကြွယ်ဝသော အရင်းအမြစ်များ တည်ရှိသည်။ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ ယင်းနယ်မြေအတွင်း ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အပြင် တင်းမာမှုများ မြင့်တက်လာခြင်းက ဒေသတွင်း၌ လုံခြုံရေးအတွက် ငွေကြေးသုံးစွဲမှုများ မြင့်တက်အောင် လှုံ့ဆော်ပေးခဲ့သည်။
 
“အနာဂတ်မှာ တရုတ်က ဘယ်လောက်ထိ အင်အားကြီးထွားလာမလဲ ဆိုတာ မသိနိုင်မှုက အခုနဲ့ အနာဂတ်မှာ စစ်ရေးပြိုင်ဆိုင်မှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး အဓိကမောင်းနှင်နေတဲ့ အငြင်းပွားဖွယ်ရာ အဓိက စိုးရိမ်စရာ ဖြစ်နေပါတယ်”ဟု မလေးရှားကာကွယ်ရေးဝန်ကြီး ဟီရှမ်းမူဒင်ဟူစိန်က ပြောကြားခဲ့သည်။
 
“ဆယ်စုနှစ်တွေအတွင်း တချို့ဝေဖန်သူတွေက ဒီဒေသတွင်းကနေ အမေရိကန်ဟာ ဆုတ်ခွာတော့မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ကာတာက ပြောကြားခဲ့သည်။
 
“ဒါက ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်နေထိုင်ပြီး ကမ္ဘာ့စီးပွားရေးရဲ့ ထက်ဝက်လောက်ရှိတဲ့ ဒီဒေသဟာ အမေရိကန်ကိုယ်တိုင်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် အကျိုးဆက်တွေ အများဆုံးပေးနိုင်ဆဲမို့ပါ”ဟု ကာတာက ပြောကြားခဲ့သည်။
 
အမေရိကန်တပ်များအနေဖြင့် အာရှမှ ဆုတ်ခွာသင့်ကြောင်း အကြံပြုချက်များ အပါအဝင် ရီပက်ဘလီကင်သမ္မတလောင်းဖြစ်လာရန် နီးစပ်နေသော ဒေါ်နယ်ထရန့်၏ “အမေရိကန်အရေးသာ ပထမ”မူဝါဒများကို တုံ့ပြန်သည့်အနေဖြင့် ကာတာက ဒေသတွင်းနှင့် ဆက်လက်ပူူးပေါင်း ဆောင်ရွက်ကာ အပြန်အလှန် ထောက်ပံ့ကူညီသွားရန်ကို အထူးပြု ပြောကြားခဲ့ပုံရသည်။