ရထားပို့ဆောင်ရေးကဏ္ဍ တကယ်ပြောင်းလဲနိုင်မလား

ရထားပို့ဆောင်ရေးကဏ္ဍ တကယ်ပြောင်းလဲနိုင်မလား
Published 5 June 2016
ကျော်ထင်

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရထားပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း သိသာစွာ ပြောင်းလဲမှု မတွေ့ခဲ့ရပေ။ အထူးသဖြင့် စီးပွားရေးမြို့တော် ရန်ကုန်၏ မြို့ပတ်ရထားကဏ္ဍတွင် အပြောင်းအလဲ လွန်စွာနည်းပါးခဲ့သည်။
ဗြိတိသျှခေတ်ကတည်းက ခေတ်အဆက်ဆက် နှစ်ပေါင်း ၁၀၀ ကျော် ရုန်းကန်လာခဲ့သော မီးရထားကဏ္ဍဟာ အနာဂတ် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါလာမယ့် ကဏ္ဍတစ်ခု ဖြစ်တယ်လို့ ပညာရှင်များက မှတ်ချက်ပေးနေကြသည်။ လူဦးရေတိုးနှုန်း မြင့်မားလာတဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် နှစ်အနည်းငယ်အတွင်း လူဦးရေ အထူထပ်ဆုံး မြို့ကြီးများစာရင်းတွင် ဦးဆောင်နေတဲ့ မဟာရန်ကုန်မြို့ကြီးတွေမှာ ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အနာဂတ်အတွက် ထွန်းလင်းလာမည့် ကြယ်တစ်ပွင့် ဖြစ်နေပါသည်။
မြို့ပတ်ရထား၏ သမိုင်းကြောင်းကို ပြန်လေ့လာကြည့်ပါက ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူ အများဆက်သွယ် သွားလာရာတွင် လွယ်ကူသက်သာစေရန်၊ ရန်ကုန်မြို့ပတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီကပင်  ရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသဖြင့် ထိုစီမံကိန်းကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အိမ်စောင့်အစိုးရလက်ထက်တွင် မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၉ ခုနှစ် မတ် ၁၉ ရက်တွင် ပြီးစီးအောင် ဆောင်ရွက်ခဲ့သည်။
လက်ရှိ ရန်ကုန်မြို့တွင် မြို့ပတ်ရထားစီးနင်းသူ တစ်ရာခိုင်နှုန်းသာရှိပြီး ရန်ကုန်မြို့နေ လူဦးရေ၏ တစ်ရာခိုင်နှုန်းသာ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါစာရင်းအရ ရန်ကုန်မြို့တွင် မြို့ ပတ်ရထားစီးနင်းသူ  နည်းပါးနေသော်လည်း ဘတ်စ်ကားစီးနင်းသူ ၈၅ ရာခိုင်နှုန်းခန့်ရှိနေရာ အဆိုပါကဏ္ဍနှစ်ခုကြားတွင် ကွာဟချက် များစွာရှိနေသည်။ ယင်းသို့ ကွာဟချက်များ စွာရှိနေခြင်းမှာ ရထားပို့ဆောင်ရေးကဏ္ဍ၏ အားနည်းချက်များကြောင့် ဖြစ်သည်။  မြို့ပတ်ရထား အချိန်မမှန်ခြင်း၊ ခေါက်ရေများ လျော့သွားခြင်း စသော ပြဿနာများကို ယခင်အစိုးရလက်ထက်က များစွာကြုံတွေ့ခဲ့ရသည်။
ယခင်အစိုးရလက်ထက် ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲများကြောင့် လမ်း၊ ကားပါကင် အဆင်သင့် မဖြစ်သေးဘဲ ရန်ကုန် မြို့သို့ ကားအစီးရေ မြောက်မြားစွာဝင် ရောက်လာခဲ့သည်။ ထို့ပြင် ဈေးကွက်စီးပွား ရေးစနစ်အရ ဘတ်စ်ကားလမ်းကြောင်း တစ်ခုပေါ်တွင် လိုင်းတူ ယာဉ်လိုင်း အများအပြားကို ပြေးဆွဲခွင့် ပြုထားသောကြောင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာခဲ့သည်။
ထိုသို့ ယာဉ်ကြောပိတ်ဆို့မှုများကြောင့်  ဘတ်စ်ကားအစား ရန်ကုန်မြို့ပတ်ရထားကဏ္ဍကို အားထားစီးနင်းသူ အနည်းငယ် မြင့်တက်လာခဲ့သည်။ ယခင်သောင်းဂဏန်း စွန်းစွန်းလေးမှ ရထားစီးနင်းသူ ခုနစ်သောင်းခန့်အထိ မြင့်တက်လာခဲ့သည်။ သို့ဖြစ်ရာ မြို့ပတ်ရထားကဏ္ဍကို တစ်ရက်လျှင် လူဦးရေ တစ်သိန်းကျော်အထိ စီးနင်းလာအောင် ဂျပန်နိုင်ငံ၏အကူအညီဖြင့် လုပ်ဆောင်နိုင်မည်ဟု ယခင်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။
သို့ဖြစ်ရာ ယခုအစိုးရ လက်ထက်အနေဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် မြို့ပတ်ရထားကဏ္ဍကို အလေးပေး စဉ်းစားရမည် ဖြစ်သည်။ မြို့ပတ်ရထားကို အားထားစီးနင်းသူ များပြားလာအောင် အချိန်မှန်၊ အခေါက်ရေ ပြည့်မီစွာ ပြေးဆွဲခြင်း၊ ယခုထက် ဝန်ဆောင်မှု ကောင်းမွန်စွာ ပြေးဆွဲခြင်း၊ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင် ဖြန့်ကြက်ခြင်းတို့ဖြင့် ရထားစီးခရီးသည်များ ပိုမိုလာအောင် ဆွဲဆောင်သင့်သည်။
ယင်းသို့ ဆွဲဆောင်နိုင်မည်ဆိုပါက ရန်ကုန်မြို့ပတ်ရထားကို အားထားစီးနင်းသူ များပြားလာမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကဲ့သို့ ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်သည့် စနစ်များပါ လုပ်ဆောင်နိုင်မည်ဆိုပါက ရထားကဏ္ဍမှာ ထိပ်ဆုံးသို့ ရောက်သွားနိုင်သည်။
“ရန်ကုန်မြို့ရဲ့ ယာဉ်ကြောရှင်းလင်းရေးအတွက် မြို့ပတ်ရထားကဏ္ဍကို အဆင့်မြှင့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ နှစ်ပေါင်းများစွာ ရထားရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းလာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ရထားလမ်းပိုင်းတွေမှာ မီးအချက်ပြမမှန်ဘူး။ ရောင်ပြန်တွေ ကွာနေတယ်။ ဒါကြောင့် အန္တရာယ်ရှိတယ်လို့ ရထားမောင်းတဲ့သူတွေက ပြောပါတယ်။ ရထားကဏ္ဍမှာ စနစ်တကျနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိဘူး။ အခုဆို မြို့ပတ်ရထား စီးနင်းသူက တစ်ရာခိုင်နှုန်းပဲရှိတယ်။ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့ ရထားက အကောင်းဆုံးပဲ။ ရထားဘူတာတွေ သန့်ရှင်းရေးလုပ်ရမယ်။ ရထားအချိန်မှန်အောင်၊ လူထုယုံကြည်မှု ရလာအောင် အစိုးရအနေနဲ့ လုပ်ပေးရမယ်။ ရထားကဏ္ဍကို ကျကျနနလေး လုပ်ပေးစေချင်တယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
“ရထားက လုပ်မယ်ဆိုရင် လွယ်ကူထိရောက်ဆုံးပါ။ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း လျှော့ချနိုင်မယ်။ ဘာပြန်စဉ်းစားရမလဲဆိုတော့ လက်ရှိရထားတွေကို ၁၀ မိနစ်ခြား တစ်ခါလောက် နိုင်ငံခြားမှာလိုပဲ ပြေးဆွဲချင်တာ။ ဒါပေမဲ့ အဲဒီမှာ တစ်ခုသွားတွေ့တာက ရထားလမ်းတွေကိုဖြတ်ထားတဲ့ ကားလမ်းတွေရှိတယ်။ အဲဒီတော့ ရထားလာရင် ကားလမ်းတွေ ပိတ်မယ်။ ဒါကိုလည်း ထည့်စဉ်းစားပြီး ဘယ်လိုဖြေရှင်းမလဲပေါ့။ ဒါကိုလည်း သက်ဆိုင်ရာနဲ့ ဆွေးနွေး တိုင်ပင်နေတာရှိပါတယ်”ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
ရထားကဏ္ဍ အဆင့်မြှင့်တင်ရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းများတွင် အသုံးပြုနေသော အရည်အသွေးနိမ့်သည့် တရုတ်စက်ခေါင်းများကိုလည်း လဲလှယ်သင့်ပြီး ဂျပန်ကဲ့သို့ နိုင်ငံများမှ တွဲများကို ဝယ်ယူသင့်ပြီး ရထား၏ လုံခြုံစိတ်ချမှုအပိုင်း မြှင့်တင်နိုင်ရန် ဖြစ်သည်ဟု သုံးသပ်နေကြသည်။
“ကျွန်တော်တို့ဆီမှာ အရည်အသွေးနိမ့်တဲ့ တရုတ်စက်ခေါင်းတွေ အဲဒါတွေကို သုံးမယ့် ဝယ်မယ့်အစား ဂျပန်ကတွဲတွေ ဝယ်သင့်တယ်။ အရည်အသွေးမြင့်တဲ့ တွဲတွေ ဝယ်သင့်တာပေါ့။ ဒါမှလည်း စိတ်ချမှုရှိနိုင်မယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က သုံးသပ်သည်။
အလားတူ မြို့ပတ်ရထားကဏ္ဍတွင် ရထားလမ်းပိုင်းများ ကြံ့ခိုင်မှုအားနည်းခြင်း၊ မြို့ပတ်လမ်းပိုင်းတွင် သန့်ရှင်းမှုအားနည်းခြင်းများလည်း ရှိနေရာ ယခုနောက်ပိုင်း နိုင်ငံခြားသားများလည်း မြို့ပတ်ရထား စီးနင်းမှု များပြားလာခြင်းကြောင့် ၎င်းတို့မှာ ပြုပြင်စရာ အချက်များဖြစ်နေသည်။
ထို့ပြင် မီးရထားဝန်ထမ်းများနှင့် ပတ်သက်၍လည်း ပြုပြင်စရာများရှိနေပြီး ရထားပို့ဆောင်ရေးကဏ္ဍတွင် အထောက်အပံ့ပေးနေသော ရထားစက်မောင်းလုပ်သားများ၏ ဘဝချို့တဲ့မှုများကိုလည်း အထောက်အပံ့ ပေးသင့်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
“ရထားကိုမြှင့်တင်ရာမှာ ရထားဝန်ထမ်းတွေ ဘဝကိုပါ မြှင့်တင်ပေးသင့်တယ်။ သူတို့ရဲ့အနေအထားက တော်တော်ကို ချို့ချို့တဲ့တဲ့ ဖြစ်နေပါတယ်။ သက်ဆိုင်ရာအစိုးရအနေနဲ့ ဒါကိုကြည့်သင့်တယ်။ ဒါမှလည်း မြို့ပတ်ရထားကဏ္ဍအတွက်ကို သူတို့က ကောင်းကောင်း ဝန်ဆောင်မှု ပေးနိုင်မှာပါ”ဟု ၎င်းက ပြောကြားသည်။
ထို့ကြောင့် ယခုအစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့ပတ်ရထားကို နိုင်ငံတကာကဲ့သို့ အားထားစီးနင်းသူ များပြားလာအောင် မြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်းကို စတင် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ပြောကြားသည်။
“မြို့ပတ်ရထားတစ်ရက်ကို ခရီးသည် ၇၀၀၀၀ လောက်ပဲစီးတော့ ရန်ကုန်မြို့ လူဦးရေနဲ့ဆို တစ်ရာခိုင်နှုန်းပဲစီးတာ မှန်ပါတယ်။ ဒါကြောင့် မြို့ပတ်ရထားကို နိုင်ငံတကာမှာလိုပဲ ရထားကို အားထားပြီးစီးနင်းတဲ့ ခရီးသည် ဖြစ်လာအောင်လို့ မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်”ဟု ဒေါ်နီလာကျော်က ဆိုသည်။
မြို့ပတ်ရထားကဏ္ဍကို မည်သည့်လုပ်ငန်းများဖြင့် အဆင့်မြှင့်တင်လုပ်ဆောင်မည်ကိုမူ ဒေါ်နီလာကျော်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ သို့ဖြစ်ရာ မည်သို့သော အဆင့်မြှင့်တင်မှုများဖြင့် ရထားစီးခရီးသည်များကို ဆွဲဆောင်မည်ဆိုသည်ကိုမူ အားလုံးသိချင်နေကြသည်။ အမှန်တကယ်ရော ရထားပို့ဆောင်ရေးကဏ္ဍတွင် ပြောင်းလဲတိုးတက်မှုများ လုပ်ဆောင်နိုင်မည်လားဟုလည်း မေးခွန်းထုတ်နေကြသည်။
ရန်ကုန်မြို့ပတ်ရထားကဏ္ဍနှင့် ပတ်သက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများ ရှိပြီးသားဖြစ်ပြီး ယင်းအစီအမံများကို အချိန်ယူကာ လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုရေးရာကော်မတီမှ အတွင်းရေးမှူး ဦးဝေဖြိုးဟန်က ပြောကြားသည်။
“ရထားနဲ့ ပတ်သက်ပြီး JICA  နဲ့ Plan တွေ ရှိပြီးသား။ ဒါကို အကောင်အထည်ဖော်ဖို့ အချိန်ယူရမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ကလည်း အစိုးရအဖွဲ့နဲ့ ရထားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့က လုပ်ဆောင်နိုင်မှု ရှိမရှိကိုလည်း စောင့်ကြည့်မှာပါ။ အရင်အစိုးရလက်ထက်ကတော့ ဒီကဏ္ဍမှာ အရွေ့မရှိခဲ့ဘူး။ ဒီအစိုးရလက်ထက် နှစ်လလောက်အတွင်းမှာ ရွေ့တော့ရွေ့နေပါပြီ”ဟု ဦးဝေဖြိုးဟန်က ဆိုသည်။
ရန်ကုန်မြို့၏ ရထားပို့ဆောင်ရေး ကဏ္ဍနှင့်ပတ်သက်ပြီး  နိုင်ငံတကာ၏ အကူအညီ ရယူသင့်ပြီး အထူးသဖြင့် ရထားကဏ္ဍတွင် အကူအညီများစွာ ပေးနေသည့်  ဂျပန်နိုင်ငံ၏ အကူအညီများကို ရယူသင့်သည်။
“မြို့ပတ်ရထားကဏ္ဍမှာ ဂျပန်ဆီက အကူအညီ ရယူဖို့လိုတယ်။ ရန်ကုန်-မန္တလေး လမ်းပိုင်းအချို့ကို ဂျပန်ကအဆင့်မြှင့်တင် ပေးခဲ့တာ တော်တော်ကောင်းတယ်လို့ မီးရထားဝန်ထမ်းတွေဆီက သိထားရတယ်။ ဒါကြောင့် မြို့ပတ်လမ်းပိုင်းတွေကိုလည်း ဒီလို အကူအညီတွေ ရဖို့လိုအပ်ပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က အကြံပြုခဲ့သည်။
“လက်ရှိ ကူညီချင်တဲ့သူတွေ များပါတယ်။ ရထားကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ရော တိုင်းဒေသကြီးအဆင့်ပါ အကူအညီရဖို့ကိစ္စတွေ လုပ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုရေးရာ ကော်မတီမှ အတွင်းရေးမှူး ဦးဝေဖြိုးဟန်က ပြောကြားသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်း ငါးနှစ်အတွင်း ရထားကဏ္ဍနှင့်ပတ်သက်ပြီး အကူအညီများနှင့် ပြုပြင်ပြောင်းလဲရန် အခြေအနေများစွာ ရှိခဲ့သော်လည်း တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မှု မရှိကြောင်း၊ ရထားကဲ့သို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍကို အစိုးရအနေဖြင့် အရှုံးခံ၍ပင် လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ထောက်ပြမှုများ ရှိနေသည်။
“အစိုးရက အရှုံးခံပြီး လုပ်ပေးရမှာ။ အစိုးရအနေနဲ့ အမြတ်ရဖို့ကိုပဲ မစဉ်းစားသင့်ဘူး။ သဘာဝဓာတ်ငွေ့ ဂက်စ်တင်ပို့မှုကနေ ပိုက်ဆံတွေ အများကြီးရနေတယ်။ ဒါကြောင့် ဒီဘက်က အရှုံးခံသင့်ရင် ခံရမှာပါ။ အရင်အစိုးရတုန်းကလည်း ဒီလိုပဲ နေ့ချင်းညချင်း တိုးတက်လာမယ်ပြောပြီး အပြောပဲရှိခဲ့တယ်။ လက်တွေ့မှာ ဘာမှဖြစ်မလာခဲ့ဘူး”ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း သုံးသပ်ခဲ့သည်။
တကယ်တော့ မြို့ပတ်ရထားကဏ္ဍကို အဆင့်မြှင့်တင်ပြီး ရထားစီးနင်းသူများကို ဆွဲဆောင်နိုင်ပါက ဝင်ငွေများစွာရရှိနိုင်မည့်  လုပ်ငန်းတစ်ခုလည်း ဖြစ်လာနိုင်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မိုးပျံရထားကို ရုံးတက် ရုံးဆင်းချိန်များတွင် စီးနင်းသူ အများအပြား ရှိနေသည်။  ဝန်ဆောင်မှုကောင်းပြီး အဲကွန်း စနစ်လည်း ကောင်းမွန်ခြင်းကြောင့် ရထားထဲ ဝင်လိုက်သည်နှင့် စိမ့်နေအောင် အေးနေသည်။  သို့ဖြစ်၍ ငွေကြေးချမ်းသာသူများပင် ဝန်ဆောင်မှုကောင်း၍ ရထားစီးနင်းနေကြသည်။
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်မူ ဂျပန်နိုင်ငံမှ ရောက်ရှိလာသော အဲကွန်းရထားများကို  တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် ပြေးဆွဲခဲ့သော်လည်း နောက်ပိုင်းအဲကွန်းများ မအေးတော့သဖြင့် ပန်ကာများတပ်ကာ ကျပ် ၂၀၀ ဖြင့် ပြန်လည်ပြေးဆွဲခဲ့ရသည်။ သို့ဖြစ်ရာ မြို့ပတ်ရထားလမ်းပိုင်းတွင် ထိုသို့ပြုပြင်ပြောင်းလဲမှု၊ ထိန်းသိမ်းမှုများ လုပ်ပေးနိုင်မည်ဆိုပါက မြို့ပတ်ရထားစီးနင်းသူ တစ်ရှိန်ထိုး မြင့်တက်လာမည်ဖြစ်သည်။
ရန်ကုန်မြို့တွင် နေ့စဉ်ခရီးသွားလာနေသူ သုံးသန်းခန့်ရှိသည်။ ခရီးသွားလာနေသူ မြောက်မြားစွာထဲမှ မြို့ပတ်ရထားစီးနင်းသူ ရာခိုင်နှုန်း အနည်းငယ်သာရှိကြောင်း၊ မြို့ပတ်ရထားကို အသုံးပြုသည့် အချိုးအစားကို များစွာမြှင့်တင်ခြင်းအားဖြင့် စွမ်းအင်ချွေတာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းခြင်း စသောအကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း မေ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင် ပညာရှင်များက အကြံပြုခဲ့ကြသည်။
အလားတူ ရန်ကုန်မြို့ပတ်ရထားများနှင့် ဘတ်စ်ကားများ ချိတ်ဆက်သောစနစ်များနှင့် စီမံကိန်းများကိုလည်း ရေးဆွဲသင့်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် အကြံပြုထားသည်။ မြို့ပတ်ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်သည့် စနစ်ဆိုသည်မှာ ဘတ်စ်ကားဂိတ်နှင့် အနီးဆုံးနေရာတွင် ရထားစီးနိုင်အောင် ချိတ်ဆက်ပေးခြင်းအားဖြင့် လိုရာခရီးကို ရထားနှင့်ကားချိတ်ဆက်ကာ သွားလာနိုင်သည့် စနစ်ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကုန်မြို့ပတ် ရထားကဏ္ဍကို အဆင့်မြှင့်တင်ပြောင်းလဲကာ ရန်ကုန်မြို့တွင် ခရီးသွားလာနေသူ သုံးသန်းကျော်အနက် ထက်ဝက်ခန့်ကို ဆွဲဆောင်နိုင်ရန် လုပ်ဆောင်သင့်သည်။