အမြန်လမ်းပုံပြင်

အမြန်လမ်းပုံပြင်
Published 5 June 2016
ဝဏ္ဏ(မိတ္ထီလာ)

၂၀၀၉ ခုနှစ်လောက်က စတင် အသုံးပြုခွင့်ပေးခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမဟာ မိုင် ၃၅၂ ကျော် ကွာဝေးပြီးတော့  စတင်အသုံးပြုပြီး ပထမပိုင်းနှစ်တွေမှာ သတင်းကောင်းနဲ့ ကျော်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ ရန်ကုန်နဲ့ စီးပွားရေး အချက်အချာကျတဲ့ မန္တလေးကို ခရီးမိုင်တိုပြီး လမ်းမြို့တွေကို ရှောင်ရှား ဖောက်လုပ်ထားတဲ့အတွက် အချိန်တိုအတွင်း ရောက်ရှိတာ၊ တစ်လမ်းမောင်းဖြစ်တာ၊ ပဲခူးရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့အတွက် စိမ်းစိုတဲ့ တောတောင် ရှုခင်းတွေကြည့်ရတာစတဲ့ နာမည်ကောင်းတွေနဲ့ အစောပိုင်းနှစ်တွေမှာ ကျော်ကြားခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မိတ္ထီလာလို ကြားမြို့က လူတွေတောင် အမြန်လမ်း တရားဝင် မဖွင့်သေးလို့ နေပြည်တော်ကို မောင်းပြီးမှ အမြန်လမ်းပေါ်တက်ပြီး ရန်ကုန်ကို ဆက်သွားခဲ့ကြရတာပါ။ အဲဒီအချိန်တုန်း က  ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း မပေါ်သေးပဲ ၁၀၅ မိုင်မှာ နားနေစားသောက်ရင် ဈေးသည်တွေရဲ့ မိသားစုဆန်မှုနဲ့ ခရီးသွားတွေ စိတ်ကျေနပ် အမောပြေခဲ့ကြပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ  မြန်မာပြည်ရဲ့တစ်ခုတည်းသော အမြန်လမ်းမကြီးဟာ ယာဉ်မတော်တဆမှု အဖြစ်များတယ်ဆိုတဲ့  နာမည် ပျက်လာပါတော့တယ်။ အဲဒီအချိန်က အုပ်ချုပ်သူ အစိုးရရဲ့စီမံခန့်ခွဲမှု၊ လမ်းအရည်အသွေးတွေနဲ့ လမ်းတစ်လျှောက်လုံး ကတ္တရာ လုံးဝမခင်းပဲ ကွန်ကရစ် ခင်းထားတဲ့အပေါ်မှာ ပညာရှင်တွေနဲ့ ပြည်သူတွေက မေးခွန်းထုတ်လာကြပြီးတော့ ဖြတ်သန်းသွားလာသူတွေဟာ သတိအနေအထားနဲ့ ဖြစ်လာပါတော့တယ်။
တဖြည်းဖြည်းနဲ့ ဒီဘက်နှစ်တွေမှာတော့ အမြန်လမ်းမကြီး သို့မဟုတ် မပြန်လမ်းမကြီးလို့တောင် ခေါ်သူက ခေါ်ကြပါတယ်။ အဲဒီလို နာမည်ပျက်လာတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နာမည်ကောင်းရစေဖို့ အုပ်ချုပ်သူ အဆက်ဆက် ကြိုးစားခဲ့ပါတယ်။ အရင်အစိုးရလက်ထက်မှာ အမြန်လမ်းမပေါ်မှာ နားနေ သန့်စင်ခန်းမရှိတဲ့ ဝေဖန်မှုတွေကြောင့် လမ်းဘေးသန့်စင်ခန်းတွေ အမြန်ဆုံး ဆောက်လုပ် ကုစားခဲ့ပေမယ့် သန့်စင်ခန်းတွေဟာ လမ်းနဲ့ နီးကပ်လွန်းတာကြောင့် အန္တရာယ်ဖြစ်မှာကို ယာဉ်မောင်းတွေက  ပြန်စိုးရိမ်နေကြပါတယ်။ အမျိုးမျိုးအဖုံဖုံသော  ကြိုးစားမှုတွေထဲက တစ်ခုကတော့ ကွန်ကရစ် အမြန်လမ်းမ ကြီးကို ကတ္တရာအမြန်လမ်းမအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားမှုကတော့ ငွေကြေးအကုန်အကျ အများဆုံး ကုစားချက်ဖြစ်မယ် ထင်ပါတယ်။ ခုနောက်ဆုံး သမ္မတကြီး ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ အမြန်လမ်း ယာဉ်မတော်တဆမှုတွေ လျှော့ချနိုင်အောင် ရက် ၁၀၀ စီမံချက်နဲ့ ကြိုးစားလာကြပါတယ်။  ဖြတ်သန်းသွားလာတဲ့ ဂိတ်တွေ ကနေပြီးတော့ လမ်းနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၆၀ ကျော်ပါတဲ့ လက်ကမ်း စာရွက်လေးတွေကို ထည့်ပေးလိုက်တဲ့ ဝန်ဆောင်မှုကိုတော့ အမြန်လမ်း ဖြတ်သန်းသွားလာတဲ့ ပြည်သူ အများစုကြိုက် နှစ်သက်ကြပါတယ်။ အမြန်လမ်းနားနီးနီးမှာ တာဝန်ကျတဲ့ သတင်းထောက် တစ်ယောက်အဖို့ အမြန်လမ်းမကြီးဟာလည်း သတိထားစရာ လမ်းမကြီး ဖြစ်လာပါတော့တယ်။
မကြုံတွေ့လိုတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ သတင်းယူရင်းနဲ့  သတိထားမိလာတာကတော့ ယာဉ်တိုက်မှု ဖြစ်စဉ်အများစုဟာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်တာ ယာဉ်မောင်း ကျွမ်းကျင်မှုမရှိတာ ယာဉ်ကြံ့ခိုင်မှုအားနည်းတာ စတဲ့အချက်တွေကို ဂရုပြုမိလာပါတယ်။ ခင်မင်တဲ့ အမြန်လမ်း အသုံးပြုသူ  အသက်အရွယ်မတူသူ ၁၀ ဦးကို မေးကြည့်တော့လည်း ခြောက်ဦးက ယာဉ်မောင်းတွေ အရှိန်လွန် မောင်းနှင်တာနဲ့ စည်းကမ်း မရှိ မောင်းနှင်တာကြောင့် အမြန်လမ်းမကြီး ယာဉ်မတော်တဆ အဖြစ်များတယ်။ ရန်ကုန်အဝင်မှာ လမ်းက အကွေ့အကောက် များလွန်းတယ်။ လမ်းမတွေက ရုတ်တရက် လမ်းကျဉ်း၊ တံတားကျဉ်းကို ပြန်ဝင်သွားတာနဲ့ အမြန်လမ်းပေါ် ဆိုင်ကယ်စီးနင်းမှုတွေ များပြားလာတာဟာ အန္တရာယ်တွေလို့ သုံးသပ်ကြပါတယ်။ အဲဒီထဲက မိတ်ဆွေ ကိုမင်းအောင်နိုင်ကတော့  သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။
“မန္တလေးသွားတဲ့အချိန်မှာ ကျွန်တော့် ရှေ့ကကားက ကီလို ၁၄၀ လောက်နဲ့ ကျော်သွားတာ သတိထားမိတယ်။ ကျွန်တော်လည်း ဆက်မောင်းလာတာ ရှေ့ကျတော့ ကျော်သွားတဲ့ ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွေ တိုက်ထားတာတွေ့ရတယ်။ ကားမောင်းတဲ့ ကောင်လေးနဲ့ ကားပေါ်ပါတဲ့ ကောင်လေးနှစ်ယောက်လုံး အသက် ၁၉ နှစ် မပြည့်သေးဘူး။ လူတွေအန္တရာယ်မဖြစ်လို့ စကားပြောကြည့်တော့ သူမောင်းတာ ကီလို ၁၄၀ ကျော်တယ်ဆိုတာ ဝန်ခံတယ်။ အဲဒီလိုနှုန်းနဲ့ မောင်းရင်တော့ အန္တရာယ်ဆိုတာ အချိန်မရွေးကြုံမှာပဲ။ ကြားလိုက်ရရင်  အရှိန်မထိန်းနိုင် လမ်းလယ်ကျွန်းတိုက်၊ ယာဉ်မောင်းငိုက်တွေကြီးပဲ၊ အဲယားကွန်းဖွင့်မောင်းပြီး ကားအရှိန် မသိတော့တာ အဲ့လိုအဖြစ်တွေများတယ်။ လမ်းရဲ့ အပြစ် မရှိဘူးမပြောလိုပေမယ့် ယာဉ်မောင်းကြောင့် အဖြစ်များတယ်လို့ ထင်တယ်” ဒါကတော့ အမြန်လမ်းနဲ့ ပတ်သက်တဲ့ အမြင်တစ်ခုပါပဲ။ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ အမြန်လမ်းပေါ်မှာ သွားရင်းလာရင်း သတိထားဖို့ ပြောကြဆိုကြရင်းနဲ့ မိတ်ဆွေတစ်ယောက် ကြုံလာရတဲ့ အတွေ့အကြုံကတော့ အနည်းငယ် ထူးဆန်းပါတယ်။ မိတ်ဆွေနဲ့ သူ့သားဟာ ကီလို ၁၂၀ လောက်မောင်းပြီး ညဘက်ရန်ကုန်ကအပြန် မိုင်တိုင် ၁၁၃ မိုင် ရောက်ခါနီးမှာ လမ်းမ အလယ်ကောင်တည့်တည့်မှာ လူတစ်ယောက် မတ်တတ်ရပ်ပြီး ကားတားနေတာကို ရှောင်ခဲ့ရတာပါပဲ။ ကြုံလာခဲ့တဲ့ မိတ်ဆွေကတော့ ပြန်ပြောပြတဲ့အချိန်မှာတောင် ဘုရားတနေပါတယ်။ ဒီဟာကလည်း အမြန်လမ်းမ ပုံပြင်တွေထဲက ဇာတ်လမ်းတစ်ပုဒ်ပါပဲ။သတင်းထောက် တစ်ယောက်အနေနဲ့လည်း အမြန်လမ်းအနီး ဧရိယာထဲမှာရှိတော့ ယာဉ်မတော်တဆမှုတွေ ကြုံရင်အမြန်လမ်းမပေါ်ကိုတက်ပြီး သတင်းယူရလေ့ရှိပါတယ်။  အမြန်လမ်းမကြီးက သီးကုန်းရဲစခန်းနယ်မြေ လမ်းအရှည် ၄၁ မိုင်အတွင်းမှာတောင် ၂၀၁၆ ခုနှစ် မေလတစ်လထဲမှာ  ယာဉ်မတော်တဆမှု ၁၁ မှု ဖြစ်ပွားပြီးတော့ လူသုံးဦးသေဆုံး ၁၉ ဦး ဒဏ်ရာရရခဲ့ပါတယ်။အမြန်လမ်းမကြီးတစ်ခုလုံးမှာ  ၂၀၁၂  ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လေးနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၄၇၇ မှုဖြစ်ပွားပြီးတော့ သေဆုံးသူ ၅၁၉ ဦး ရှိခဲ့ပြီး လူပေါင်း ၃၁၅၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူ ၅၀၀ ကျော်ထဲမှာ နိုင်ငံခြားသားတချို့လည်း ပါဝင်ပါတယ်။  ဒါဟာ အမြန်လမ်းမနဲ့ ပတ်သက်တဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ သတင်းအချက်အလက်များစွာထဲက တစ်ခုပါ။
တာဝန်အရ ယာဉ်မတော်တဆမှုတွေများစွာမှာ လိုက်လံကူညီရတဲ့ သီးကုန်းရဲစခန်းမှူး ရဲအုပ်ဌေးအောင်ကတော့ များပြားလှတဲ့ သူ့ရဲ့အတွေ့အကြုံများစွာအနက်က လွန်ခဲ့တဲ့လက အမြန်လမ်းမပေါ်မှာ ဘုရားဖူးထွက်လာတဲ့ Light Truck က ရပ်ထားတဲ့ ခရီးသည်တင် ကားနောက်ပိုင်းကို ဝင်တိုက်မိပြီး  Light Truck ယာဉ်မောင်းရဲ့ ဖခင်နဲ့သမီး ဆုံးပါးသွားတာကို သူခုချိန်ထိ စိတ်မကောင်းဖြစ်နေမိတယ်လို့ ဆိုပါတယ်။ ရှေ့ကာလဟာ မိုးတွင်းဖြစ်လို့ ခရီးသွားလာမှု လျော့ကျသွားနိုင်တယ် ဆိုပေမယ့် ရန်ကုန်-မန္တလေး အမြန်လမ်းမကိုတော့ ဖြတ်သန်းသွားနေဦးမှာပါ။ အဲ့ဒီလို ဖြတ်သန်းသွားလာရင်း အန္တရာယ်မဖြစ်အောင် ဆောင်ရန်၊ ရှောင်ရန် လိုက်နာဖို့ကို နေပြည်တော်အမြန်လမ်းမ ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးသန်းဦးကတော့  အခုလို အကြံပြုပါတယ်။ “ယာဉ်တိုက်မှုတွေ အဖြစ်များတာက လူနဲ့ယာဉ်ရဲ့အားနည်းချက်ကြောင့် အဖြစ်များတယ်လို့  သုံးသပ်ချင်ပါတယ်။ အရှိန်များတာ၊ ယာဉ်မောင်းအိပ်ငိုက်တာ၊ ကျွမ်းကျင်မှုအားနည်းတာနဲ့ သတ်မှတ်ထားတဲ့ လူဦးရေထက် ခရီးသည်ပိုတင်လာတာ ခရီးရှည်မှာ နားချိန်မယူဘဲ မောင်းလာတာ စတဲ့ အချက်တွေကြောင့် အဖြစ်များပါတယ်။ ပူပြင်းတဲ့ရာသီမှာ ကွန်ကရစ်လမ်းထက် ကတ္တရာလမ်းက ပိုကောင်းပါတယ်။ တစ်နေရာတည်းမှာ လမ်းရဲ့အားနည်းချက်ကြောင့် ထပ်တလဲလဲ ယာဉ်မတော်တဆဖြစ်တဲ့ ဖြစ်စဉ်တော့ မရှိပါဘူး။ ရှေ့လျှောက်မိုးတွင်းမှာဆိုရင် မိုးရွာပြီးစ အချိန်ခဏလေးမှာ လမ်းပေါ် ရေဝပ်သွားတာလည်း ရှိမှာဖြစ်တဲ့အတွက် အရှိန်လျှော့မောင်းဖို့က ယာဉ်မောင်းရဲ့တာဝန်ပါ။ လူရယ် ယာဉ်ရယ် လမ်းရယ် သုံးမျိုးရှိတဲ့အနက်မှာ လူက အဓိကကျပါတယ်။ ခုအပြင်မှာ ကြားနေရတာ အမြန်လမ်း၊ မပြန်လမ်း စသဖြင့်ပေါ့ဗျာ။ ပြောနေကြပြီး အမြန်လမ်းပေါ်တက်ဖို့ ဝန်လေးကြတာတွေ ကြားနေရတယ်။ အဲဒီလိုမဟုတ်ပါဘူး။ အမြန်လမ်းသည် သတ်မှတ်အရှိန်နှုန်းနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး မောင်းမယ်ဆိုရင် အင်မတန် အန္တရာယ်ကင်းတဲ့ လမ်းပါ။ စိတ်ချလက်ချ မောင်းနိုင်ပါတယ်” လို့ အကြံပြုခဲ့ပါတယ်။ ပြည်သူတွေဘက်ကတော့ အမြန်လမ်းမကြီး ပေါ်မှာ နေ့၊ ည စိတ်ချ လက်ချမောင်းနှင်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ ပိုမိုလုံခြုံရေးယူထားပေးနိုင်ဖို့၊ လမ်းအရည်အသွေး မြှင့်တင်ပေးဖို့နဲ့ တချို့သော လမ်းညွှန်ဆိုင်းဘုတ်တွေကို ကြိုတင် ပြထားပေးနိုင်ရင် ပိုကောင်းမယ်လို့ ဆန္ဒရှိကြပါတယ်။
ဥပမာအနေနဲ့ မန္တလေးဘက်က ပြန်လာရင် မိတ္ထီလာမြို့အဝင် ကံကောင်းလမ်းခွဲကိုဆင်းတဲ့ မိတ္ထီလာသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ် တစ်ခုတည်း ပြပေးတာနဲ့စာရင် အဝေးကြီးမှာ ကြိုပြီးပြပေးတာတစ်ခု၊ တကယ်ဆင်းရမယ့် လမ်းခွဲမှာ လမ်းညွှန်ဆိုင်းဘုတ်တစ်ခု ပြထားပေးရင် ပိုမိုအဆင်ပြေမယ်လို့ အသုံးပြုသူ အများစုက ပြောနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်လမ်းမကြီးကိုတော့ ပြည်သူတွေက အသုံးပြုနေကြရဦးမှာဖြစ်ပါတယ်။ လမ်းမကြီးတာဝန်ရှိသူတွေနဲ့ လမ်းအသုံးပြုသူ ယာဉ်မောင်းပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှသာ အမြန်လမ်းမ ယာဉ်မတော်တဆမှုတွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်ရင်းနဲ့ အမြန်လမ်းမ ယာဉ်မတော်တဆတွေ လျှော့ချနိုင်တာကနေ မရှိသလောက် နည်းပါးသွားမယ့် အချိန်တွေကို မျှော်လင့်နေမိပါတယ်။