မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုသက်တမ်း တိုးမြှင့်ခြင်း၊ ဖြေလျှော့ခြင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုသက်တမ်း တိုးမြှင့်ခြင်း၊ ဖြေလျှော့ခြင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း
Published 19 May 2016
ငြိမ်းကို

အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမြှင့်ခြင်း၊ ဖြေလျှော့မှုများ ပြုလုပ်ပေးခြင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marciel သည် မေ ၁၉ ရက်တွင် အမေရိကန်သံရုံး၌ မီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှု သက်တမ်းအား တစ်နှစ်တိုးမြှင့်ခြင်းကို မေ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင် အမေရိကန် အစိုးရသည် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံပိုင်ဘဏ် အချို့နှင့် စီးပွားရေးလုပ်ငန်း အချို့ကို တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု (SDN) အောက်မှ ဖယ်ရှားပေးခဲ့သည်။
အမေရိကန်သံအမတ်ကြီး Mr. Scot Marciel က မေ ၁၇ ရက် ထုတ်ပြန်မှုတွင် အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းကို တစ်နှစ်တိုးမြှင့် လိုက်သော်လည်း ကျန်ရှိနေသော အရေးယူပိတ်ဆို့မှု အတော်များများကို ဖြေလျှော့ပေးလိုက်ပါကြောင်း၊ သို့ရာတွင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်တိုးတက် စေရေးအတွက် မက်လုံးများကို ကိုင်ထားနိုင်မည်ဖြစ်သည့် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားအ ရေးယူပိတ်ဆို့မှု SDN စာရင်းကိုမူ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အသစ်ပြန်လည် ပြုစုထားကြောင်း မီဒီယာများကို ပြောကြားသည်။ တပ်မတော်၏ ကုမ္ပဏီများဖြစ်သော MEC၊ MEHL နှင့် ယင်းတို့၏ လက်အောက်ခံ လုပ်ငန်းများသည် လူပုဂ္ဂိုလ် ၁၀၀ ကျော်နှင့် လုပ်ငန်းများကို ပစ်မှတ်ထားသည့် SDN စာရင်းတွင် ပါဝင်ကြောင်းနှင့် မြန်မာ့ကျောက်စိမ်းနှင့် ပတ္တမြားများကို အမေရိကန် ပြည်ထောင်စုတွင်းသို့ တင်သွင်းခြင်းကို ဆက်လက်ပိတ်ပင်ထားသလို မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းကိုလည်း ပိတ်ပင်ထားကြောင်း အမေရိကန် သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။
အရေးယူပိတ်ဆို့မှုများ ဆက်လက်ရှိနေခြင်းနှင့် ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အရပ်သားအစိုးရနှင့် ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံသားများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ကြောင်းနှင့် အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးရင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်ဖြစ်ထွန်းစေသော (မြန်မာနိုင်ငံသားတို့၏) လုံ့လစိုက်ထုတ်မှုများကို  အကူအညီပေးရန် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ခုနစ်ခုနှင့် နိုင်ငံပိုင် ဘဏ်သုံးခုကို SDN စာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီးက ယင်းလုပ်ငန်းများနှင့် ဘဏ်များတွင် လုပ်ကိုင်နေသည့် အရပ်သားများနှင့် အရပ်သားအစိုးရတို့ လက်တွဲဆောင်ရွက်ခြင်းကို အမေရိကန်အစိုးရက အပြည့်အ၀ အားပေးထောက်ခံသည်ကို ပြသခြင်းဖြစ်ကြောင်းနှင့် မြန်မာ့ဘဏ္ဍာရေးစနစ်ကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်နိုင်ပြီး နိုင်ငံတကာ ဈေးကွက်များသို့ ဝင်ရောက်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
SDN စာရင်း အတွင်းသို့ ကုမ္ပဏီခြောက်ခု ဖြည့်စွက် ထည့်သွင်းခြင်းနှင့် ပတ်သက်ပြီးလည်း အမေရိကန် သံအမတ်ကြီးက အဆိုပါ ကုမ္ပဏီများမှာ SDN စာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များက ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော ကုမ္ပဏီများဟု ဖော်ထုတ်သိရှိရ၍ ထည့်သွင်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
SDN စာရင်းတွင် ပါဝင်သည့် စတီဗင်လော (ဦးထွန်းမြင့်နိုင်) သို့မဟုတ် Asia World စီးပွားရေး လုပ်ငန်းစုက ၅၀ ရာခိုင်နှုန်းနှင့် အထက် ပိုင်ဆိုင်မှုရှိသော ကုမ္ပဏီများအဖြစ် Asia Mega Link Co.,Ltd.၊ Asia Mega Link Services Co., Ltd.၊ Pioneer Aerodrome Services Co., Ltd.၊ Green Asia Services Co., Ltd. နှင့် Global World Insurance Company Limited တို့ကို ဖော်ထုတ်သိရှိပြီး  Shwe Nar Wah Company Limited မှာလည်း စတီဗင်လော (ဦးထွန်းမြင့်နိုင်) သို့မဟုတ် Asia World စီးပွားရေး လုပ်ငန်းစုက ၅၀ ရာခိုင်နှုန်းနှင့် အထက် ပိုင်ဆိုင်ကြောင်း ဖော်ထုတ်သိရှိရသည့် အတွက် အဆိုပါ ကုမ္ပဏီများကို SDN စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မေ ၁၇ ရက် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ယခုကဲ့သို့ အရေးယူပိတ်ဆို့မှု သက်တမ်း တစ်နှစ်တိုးမြှင့်လိုက်မှု ကုန်ဆုံးချိန်တွင် ပယ်ဖျက်ပေးနိုင်သလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အမေရိကန် သံအမတ်ကြီးက အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည် ဖော်ရေးအတွက် ရည်ရွယ်သော စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။                                   

Most Read

Most Recent