မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်းနှင့် လက်မခံကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်းနှင့် လက်မခံကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
Published 14 May 2016
စိုးမင်းထိုက်

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်းနှင့် လက်မခံကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၃ ရက်တွင် ပြောကြားသည်။မေ ၁၃ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင် ခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မီဒီယာများ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုနေ့စဉ် သတင်းစာမှ အကြီးတန်း သတင်းထောက်က ရခိုင်တွင် ရိုဟင်ဂျာ ကိစ္စဖြင့် မတည်ငြိမ်မှုများ ရှိနေကြောင်း၊ အမျိုးသား နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အနေဖြင့် အမေရိကန် သံရုံး၏ ရိုဟင်ဂျာနှင့် ပတ်သက်၍ ပြောဆိုနေမှုအပေါ် သဘောထားမှတ်ချက် ပြောကြားပေးရန် မေးမြန်းခဲ့သည်။အဆိုပါ မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတိအလင်း ပြောရရင် ရိုဟင်ဂျာ ဆိုသည်မှာ မိမိတို့ တိုင်းပြည်တွင် မရှိကြောင်း၊ ဘင်္ဂါလီတော့ ရှိကြောင်း၊ ဘင်္ဂါလီ ဆိုသည်မှာ ဘင်္ဂလားဒေသက လူတွေကို ခေါ်ခြင်းဖြစ်ကြောင်း၊ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အပြီး နောက်ပိုင်း ရခိုင်ဒေသ အင်္ဂလိပ် ကိုလိုနီ ဖြစ်သွားချိန်တွင် အရှေ့ဘင်္ဂလားမှ လူများကို အကြောင်း အမျိုးမျိုးဖြင့် ခေါ်လာကြောင်း၊ ယင်းတို့က တဖြည်းဖြည်းနှင့် များလာကြပြီး သူတို့ကို ဘင်္ဂါလီဟု ခေါ်ကြကြောင်း၊ ၁၉၅၅ ခုနှစ်ခန့်က ဦးနုတို့ခေတ် မဲရရှိရန်အတွက် ရိုဟင်ဂျာဟု ခေါ်ခြင်းဖြစ်ကြောင်း၊ တကယ်တမ်း တရားမဝင်ကြောင်း၊ ရိုဟင်ဂျာကို လက်မခံကြောင်း၊ ရှိလည်း မရှိပါဘူးဟု ပြောလိုကြောင်း ဖြေကြားခဲ့သည်။“ကျွန်တော်တို့ နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုး မရှိပါဘူး။ လက်လည်း မခံပါဘူး။ ဘင်္ဂါလီ လူမျိုးပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိကိုယ်တိုင် တိုင်းမှူးအဖြစ် ထမ်းဆောင်ခဲ့၍ ကိုယ့်ဒေသကဲ့သို့ သဘောထားသည့် နေရာ ဖြစ်သဖြင့် အများကြီး ဖြစ်စေချင်ကြောင်း၊ အတတ်နိုင်ဆုံး လိုက်လျော လုပ်ဆောင်နေကြောင်း၊ အဓိက မှာလိုချင်တာက လက်နက်ကိုင်ပြီး တောင်းမည်ဆိုသည့် သဘောထားကို ပြင်ရန် လိုကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေခြင်းအား အကုန်လုံး သိရှိ နားလည်သည့် အနေအထားမျိုး ဖြစ်၍ နိုင်ငံရေး တစ်ခုတည်း မဟုတ်ဘဲ နောက်ခံ အကြောင်းအရာများ ရှိမည်ဟု တွက်ရကြောင်း၊ ယင်းကို စဉ်းစားပြီး စိတ်ရှည်လက်ရှည် လုပ်ဆောင်နေကြောင်း၊ လက်နက်ကိုင်၍တော့ အဖြေမထွက်နိုင်ဘဲ လက်နက် မကိုင်မှသာ အဖြေ ထွက်လာနိုင်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မြန်မြန် ငြိမ်းချမ်းစေရန် ကြိုးစား လုပ်ဆောင်နေကြောင်း ရှင်းလင်း ပြောကြားသည်။မီဒီယာ တစ်ခုက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားသည့် ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထား ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိ အား မေးမြန်းခဲ့သည်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပင်လုံ ဆိုသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လုပ်ခဲ့သည့် အထိမ်းအမှတ် ဖြစ်ကြောင်း၊ ယင်းကို အခြေပြုပြီး ၂၁ ရာစု ပင်လုံ ညီလာခံဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အောင်မြင်စေလိုကြောင်း၊ NCA လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ အဆက်ပင် ဖြစ်ကြောင်း၊ ယင်းအတိုင်း ဆက်လက်လုပ်ဆောင် သွားရမှာဖြစ်ပြီး ပြင်ဆင်ရန် လိုအပ်သည်များလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ အားလုံး ပါဝင်ရမှာ ဖြစ်သော်လည်း လူများပြီး ပွဲမစည် ဆိုတာမျိုး ဖြစ်၍ မရကြောင်း၊ တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးနိုင်မည့် ညီလာခံမျိုး ဖြစ်ရန် လိုကြောင်း၊ ပါမည့် သူများကလည်း တကယ်ကို စိတ်ထား စေတနာ ကောင်းကောင်းနှင့် လုပ်မည့်သူ ဖြစ်ရန် လိုကြောင်း၊ နိုင်ငံရေး အမြတ်ထုတ်ခြင်း မဖြစ်စေလိုကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်လာပါကလည်း လက်မခံနိုင်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။မဇ္ဈိမ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးမင်းမင်းက နိုင်ငံအတွက် တကယ့်ကို လိုအပ်နေသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရန် တပ်မတော် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မတိုက်ခိုက်တော့ဘဲ ရမလား၊ ရှေ့ငြိမ်းချမ်းရေး အလားအလာအတွက် ဘာတွေ ပူးပေါင်း ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းခဲ့သည်။အဆိုပါ မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေနဲ့ သတ်မှတ်ထားတဲ့ နေရာများတွင် နေပါက မည်သည့် ပြဿနာမျှ မရှိပါဘူး။ မိမိနေရာနှင့် မိမိမနေသည့် အတွက်ကြောင့်သာ ဖြစ်နေရတာပါ။ တပ်မတော်ရဲ့ တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေး ဖြစ်ပါတယ်။ နိုင်ငံတော် ဆိုရာ၌ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး အဖွဲ့အစည်း၊ နိုင်ငံတော် ကိုယ်စားပြုနေသော အဖွဲ့အစည်းများ၊ ပြည်သူလူထုလည်း ပါဝင်ပါတယ်။ တပ်မတော်ကသာ အကာအကွယ် မပေးပါက အစိုးရ ယန္တရားတွင် များစွာ ဒုက္ခရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် ပြည်နယ်နှင့် တိုင်းတစ်ခုရှိ လက်နက်ကိုင် ပဋိပက္ခရှိသော နေရာတွင် တပ်မတော်က စိုးမိုး မထားနိုင်ပါက ယင်းဒေသရှိ အစိုးရ အာဏာပိုင်များ အနေနဲ့ ဒုက္ခ၊ သုက္ခ၊ အခက်အခဲတွေနဲ့ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက် အနေဖြင့် တပ်မတော်က ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ထားခြင်း ဖြစ်ပါတယ်။ သို့ဖြစ်၍ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အစိုးရ၏ ယန္တရား တစ်ခုကို ထိခိုက်လာပါက တပ်မတော် အနေဖြင့် ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။ မည်သူ့ကို မဆို မိမိတို့ တိုက်မှာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ တာဝန်မှာကိုက ပြည်တွင်းပြည်ပ အန္တရာယ်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲများစွာ ပျောက်သွားမည် ဆိုပါက ငြိမ်းချမ်းရေး ကိစ္စတွင်လည်း များစွာ အထောက်အကူရမှာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။သတင်းထောက် တစ်ဦးက ယခု မြန်မာနိုင်ငံသည် ရွေးကောက်ခံ အရပ်သား အစိုးရ ခေါင်းဆောင်မှုအောက်တွင် ရှိနေပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း တစ်သီးတခြား မလုပ်ဆောင်ဘဲ အရပ်သား အစိုးရ၏ ခေါင်းဆောင်မှုအောက်တွင် လုပ်ကိုင်ဆောင်ရွက်ရန် လိုသည်ဆိုသည့် အချက်ကို တပ်မတော် လက်ခံပါလားဟု မေးမြန်းခဲ့သည်။အဆိုပါ မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာမှ လက်မခံနိုင်စရာ မရှိကြောင်း၊ မိမိတို့ အခြေခံ ဥပဒေတွင် သတ်မှတ်ထားသည်များ ရှိကြောင်း၊ ယင်းအတိုင်း သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် ဥပဒေကို လိုက်နာသည့် အဖွဲ့အစည်း၊ စည်းကမ်းနှင့် နေရမည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ တပ်မတော်မှာလည်း ဥပဒေအရ ပေးထားသည့် လုပ်ပိုင်ခွင့်များ ရှိကြောင်း၊ မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်များ ရှိကြောင်း၊ တပ်မတော် အနေဖြင့် အစိုးရ၏ ဦးဆောင်မှု အောက်တွင် လိုက်ပါ လုပ်ဆောင်နေကြောင်း၊ တပ်မတော်အား လုပ်ပိုင်ခွင့် ပေးထားသည့် ကိစ္စများတွင် တပ်မတော်က သူ့ဟာနှင့်သူ လုပ်ဆောင်ရသည်များ ရှိကြောင်း၊ တင်ပြသင့်သည့် ကိစ္စအားလုံးကို တင်ပြပါကြောင်း၊ မိမိသည် တပ်မတော် အကြီးအကဲ ဖြစ်သော်လည်း HEAD OF STATE မှာ သမ္မတ ဖြစ်ကြောင်း၊ မိမိမှာ သမ္မတ၏ အောက်တွင်သာ ရှိကြောင်း၊ ယင်းသို့ ခံယူထားကြောင်း၊ သမ္မတ၏ ဦးဆောင်မှုနှင့် သွားရကြောင်း၊ ပေါင်းစပ် ညှိနှိုင်း လုပ်ဆောင်မှုမျိုးလည်း ရှိကြောင်း၊ မိမိ အနေဖြင့် သမ္မတအား မတင်ပြဘဲ ခွင့်ပြုချက် ယူပြီး လုပ်ရမည့် ကိစ္စများတွင် ခွင့်ပြုချက် မယူဘဲ လုပ်ဆောင်မှုမျိုး မရှိကြောင်း ပြောကြားခဲ့သည်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် အတိုက်အခံ မဟုတ်ကြောင်း၊ အတိုက်အခံဟု မယူဆကြောင်း၊ တပ်မတော်က အမျိုးသား နိုင်ငံရေး အနေဖြင့် ပါလာခြင်းဖြစ်ပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များ၊ မဖြစ်သင့် မဖြစ်ထိုက်သည်များကိုသာ တင်ပြခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံနှင့် ပတ်သက်၍လည်း တရားဥပဒေနှင့် မကိုက်ညီသည်များကို ကိုက်ညီအောင် လုပ်ပေးရန်သာ တင်ပြခြင်းဖြစ်ကြောင်း၊ သဘောတူခြင်း၊ မတူခြင်းကို လွှတ်တော်က ဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ သဘောတရားအရ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့် ရှိကြောင်း၊ ဒီမိုကရေစီ၏ Practice အရ ကောင်းကောင်းမွန်မွန် ဆွေးနွေးရန် အရေးကြီးကြောင်း၊ သို့ဖြစ်၍ အတိုက်အခံဟုလည်း မမြင်စေလိုကြောင်း၊ ကောင်းရင်လည်း ကောင်းသည့် အကြောင်း၊ ထောက်ခံလိုပါကလည်း ထောက်ခံမှာဖြစ်ကြောင်း၊ မထောက်ခံ လိုပါကလည်း မဲပေးသည့်အခါ မထောက်ခံသည့် မဲပေးမည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း ယင်းအတိုင်းသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

Most Read

Most Recent