စိတ်ဓာတ် အရည်အသွေးဆိုတာ

စိတ်ဓာတ် အရည်အသွေးဆိုတာ
Published 3 May 2016
ဒေါက်တာ ဖြိုးသီဟ

ခုခေတ်မှာ Intelligence Quotient (IQ)  မြင့်ဖို့ထက် Emotional Intelligence (EQ) မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။ ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်မှုကြောင့်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၉၀ ကတော့ စိတ်ဓာတ်အရည်အသွေး အပါအဝင် တခြားသော အကြောင်းအရာတွေကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။ တချို့ အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ဆိုင်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမယ့် EQ ကနိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊ အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။
နိုင်ငံ့အကြီးအကဲများမှစပြီး ပြည်သူများအားလုံး EQ မြင့်ဖို့ လိုအပ်လာပြီဆိုတဲ့အချိန်မှာ ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ်ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်။
■ ၁။ Intrapersonal Skill
ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းပါ။ ငါကဒေါသထွက်ရင် ထိန်းမရဘူး၊ ငါ့ကိုလာကျောရင် ပြန်ကျောလိုက်ရမှ ဆိုတာတွေက အဲဒီအရည်အချင်း အားနည်းတာကို ပြပါတယ်။ ပုထုဇဉ်လူသားတွေပဲမို့ ဒေါသထွက်တတ်ကြတယ်၊ ဝမ်းနည်းတတ်ကြတယ်၊ အသည်းကွဲတယ်၊ စိတ်လေတယ်၊ အပျော်လွန်သွားတယ်၊ စိတ်ဓာတ်ကျတယ်၊ မျိုးစုံသော စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါတွေဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတိထားမိပြီး အချိန်မီ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အဲဒီလိုကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့အခါ မလိုအပ်ဘဲ အလုပ်မှာ အဆင်မပြေ ဖြစ်ရတယ်၊ ဆက်ဆံရေးတွေ ပျက်စီးကြရပါတယ်။
■ ၂။ Interpersonal Skill
တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ ရုံးတစ်ခုမှာ၊ ဆိုကြပါစို့၊ ရှိသမျှဝန်ထမ်းအားလုံးက အကျင့်ပျက်တယ်၊ လာဘ်ယူတယ်၊ တစ်ယောက်ကပဲ ဒါမျိုးတွေ လုံးဝမလုပ်တော့ သူ့ကိုအားလုံးက မုန်းတယ်၊ အပေါင်းအသင်း အဆက်အဆံ မလုပ်ဘူး။ ဒါမျိုးကို EQ နိမ့်တယ် ပြောလို့ရသလား။
နောက်ပြီး အပေါင်းအသင်းတော့များတယ်၊ ပေးနိုင်ကမ်းနိုင်၊ ကျွေးနိုင်မွေးနိုင်လို့ဖြစ်ဖြစ်၊ ရယ်စရာဟာသတွေ သိပ်ပြောလို့ဖြစ်ဖြစ်ပေါ့။ အဲဒီလိုဖြစ်တာနဲ့ EQ မြင့်ပြီလား။ အထက်လူကြီးတွေကိုတော့ ဝင်တတ်၊ ထွက်တတ်လို့ ဆက်ဆံရေးအဆင်ပြေပြီး ကိုယ့်အောက်ကလူကျ နှိမ့်ချ ဆက်ဆံတတ်တဲ့သူမျိုး ဆိုရင်ရော။ လူဆိုတာ ကိုယ့်ထက်နိမ့်တဲ့သူကို သနားဖို့လွယ်တယ်၊ ကိုယ့်ထက်သိပ်မြင့်တဲ့သူကိုလည်း အားကျဖို့ လွယ်ပါတယ်။ တန်းတူလောက်ရှိတဲ့သူ၊ သိပ်မကွာတဲ့ သူတွေအပေါ်သာ မုဒိတာပွားဖို့ ခက်ကြတာပါ။
တကယ်တမ်းတော့ Interpersonal Skill မြင့်တယ်ဆိုတာဟာ လူတစ်ဖက်သားကို ဘယ်လောက်ထိ လေးလေးစားစား ဆက်ဆံနိုင်သလဲ၊ ဘယ်လောက်ထိ ဖြည့်တွေးပေးနိုင်သလဲဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ သူ့မှာလည်း ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ်။ တစ်ဖက်မှာရှိနေတဲ့၊ သူနဲ့မတူတဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်၊ လူတွေအားလုံးမှာ တန်ဖိုးတစ်ခုစီတော့ ရှိကြတယ်လို့ မြင်တယ်၊ ဘယ်သူ့ကိုမှလည်း အောက်မကျို့သလို ဘယ်သူ့ကိုမှ အထက်စီးက မဆက်ဆံဘူး။ အကြောင်းကိစ္စတိုင်းမှာ သူဘယ်လိုများနေမလဲ၊ သူဘာလို့များ ဒီလိုလုပ်တာလဲဆိုပြီး သူတစ်ပါးဘက်ကနေ ထည့်စဉ်းစားပေးတတ်ကြတယ်။ ဘယ်တော့မှ သူ့တစ်ဖက်တည်း မကြည့်တတ်ကြဘူး။ ဒီလိုအရည်အသွေးမျိုးရှိမှ Interpersonal Skill မြင့်တယ် သတ်မှတ်လို့ ရပါမယ်။
■ ၃။ Flexibility & Adaptability
Smartness ဆိုတာ တစ်ခုမှာ ဘယ်လောက်မြန်မြန် အသားကျသလဲ၊ ပညာရပ်တစ်ခုကို ဘယ်လောက်မြန်မြန် သင်ယူနိုင်သလဲဆိုတာကို ခေါ်တာပါ။ ခုခေတ်လို ဒီနေ့နဲ့ မနက်ဖြန်တောင် သိပ်မတူချင်တော့တဲ့ ကာလမှာ ဒီအရည်အသွေးက အရေးပါလာပါတယ်။ ကိုယ်သိထားတဲ့အတိုင်း၊ ကိုယ်လုပ်နေကျအတိုင်းပဲ၊ လွယ်လွယ်နဲ့ မပြောင်းနိုင်ဘူး၊ အခြေအနေသစ်တစ်ခုမှာ အခြေကျဖို့ သိပ်ခက်နေတယ်ဆိုရင် အဲဒါကို  ပြင်နိုင်ဖို့လိုပါတယ်။
■ ၄။ Self-Confident & Open minded
အရပ်ပုတာချင်း တူပေမယ့် တစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အငုံ့စိတ်ရှိနေတဲ့အခါမှာ နည်းနည်းလေးမှ အစအနောက်မခံဘူး၊ အရမ်း Sensitive ဖြစ်တယ်။ သူ့ကိုပုတယ် ပြောလိုက်တာနဲ့ ပြန်ချေပတယ်။ စိတ်သိပ်ဆိုးတယ်။ နောက်တစ်ယောက်ကတော့ စိတ်ဆိုးဖို့မပြောနဲ့၊ သူများမပြောခင်တောင် သူက အရင် စပြောနေလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရပ်အမောင်းနဲ့ပတ်သက်ပြီး အားငယ်မနေဘူး။ လူပုံပန်းသွင်ပြင်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာကို ကောင်းကောင်း သိထားတယ်။ တကယ်တော့ ဖန်ခွက်တစ်ခွက်ရဲ့ တန်ဖိုးဆိုတာ အပြင်ပန်းမှာ ခြယ်သထားတာတွေထက် အထဲမှာဘာပါသလဲက ပိုအရေးကြီးပါတယ်။ လူတစ်ယောက်အတွက်ဆိုလည်း ဒီလိုပါပဲ။ အသွင်အပြင်နဲ့ အဆင်အယင်ထက် စိတ်ဓာတ်နဲ့လုပ်ရပ်က အဓိကပိုကျပါတယ်။
တချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ် အရမ်းကြော်ငြာတယ်၊ ကိုယ်တော်ကြောင်း တတ်ကြောင်း လူသိပ်သိ စေချင်တယ်။ အချီးကျူး ခံချင်တယ်။ အလေးစားခံချင်တယ်။ အဲဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ အငုံ့စိတ် ဝင်နေတာကို ပြနေတာပါ။
■ ၅။ Stress Management
ဘဝမှာ အောင်မြင်ချင်တဲ့သူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာတစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ ယူရတဲ့တာဝန်က ကြီးလာလေလေ၊ ကိုယ့်နောက်မှာပါလာတဲ့ လူတွေများလာလေလေ၊ စိတ်ဖိစီးမှုကလည်း ကြီးလာလေလေပဲ။
အရည်အချင်းရှိပေမယ့် အဲဒီ Stress ကို မခံနိုင်တဲ့အခါမှာ မတိုးတက်လာကြတာတွေ မြင်ဖူးမယ်ထင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ ထွက်ပေါက် ပေးနိုင်သလဲဆိုတာ အရေးကြီးပါတယ်။ ဘာမဟုတ်တာလေးအတွက် သတ်သေကြတာ၊ အကြီးအကျယ် ခံစားနေကြတာတွေ၊ အလဟဿအချိန်ဖြုန်းပြီး အပျော်အပါးနောက် လိုက်ရင်း ထွက်ပေါက်ပေးလိုက် တာတွေက စိတ်ဖိစီးမှုကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုတဲ့ သဘောပါပဲ။
■ ၆။ General Mood
တစ်ခါတုန်းက အဘိုးကြီးတစ်ယောက်  အိပ်နေတုန်း သူ့ရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန်အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဘိုးကြီးက နိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲသွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့ကရနေတော့ သူကပြောလိုက်တယ်။ ဟာနေရာအနှံ့မှာ ဒီအနံ့ကြီးရနေတော့တာပါပဲလားတဲ့။ အမှန်တော့ သူ့မုတ်ဆိတ် မှာစွဲနေတဲ့ ခရင်မ်ရဲ့အနံ့ကို သတိမထားမိဘဲ တစ်လောကလုံးက အနံ့ထွက်နေတယ် ထင်နေတာပါ။
လက်တွေ့မှာလည်း ဒီလိုလူတွေ တွေ့ဖူးပါတယ်။ သူတို့တွေနဲ့ စကားပြောကြည့်လိုက်ရင် ဘယ်တော့မှ သူတို့ မှားတယ်ဆိုတာမရှိဘူး။  လောကကြီးကပဲ မတရားသလိုလို၊ မကောင်းတဲ့လူတွေနဲ့ပဲ ပြည့်နှက်နေသလိုလို ပြောတတ်ကြတယ်။ နောက်ပြီး လူတစ်ဖက်သားအပေါ် လေးစားမှု၊ ယုံကြည်မှုလည်း နည်းကြတယ်။ ပုံမှန်ကြည့်လိုက်ရင်ကို မျက်နှာထားတွေ ခက်ထန်နေတယ်၊ ရယ်ခဲပြုံးခဲတယ်၊ ဘဝကို မပျော်ရွှင်နိုင်ကြဘူး။ အဲဒီလို လူတွေအတွက် တစ်ခုပြောပြချင်ပါတယ်။
တက္ကသိုလ်တစ်ခုမှာ ဟောပြောခဲ့တဲ့ မျက်စိလည်းမမြင်၊ နားလည်းမကြားတဲ့ ဟယ်လင်ကဲလားရဲ့မိန့်ခွန်းဟာ ပျော်ရွှင်မှုနဲ့သက်ဆိုင်တဲ့အကြောင်းနဲ့ သူ့ဘဝမှာ ပိုင်ဆိုင်ခဲ့ရ တာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောသွားခဲ့တာဆိုတာပါပဲ။
ဒီအချက်ခြောက်ချက်နဲ့ ဆန်းစစ်ကြည့်ပါ။အကယ်၍များ အားနည်းနေသေးတယ်ထင်ရင် ကြိုးစားပြီးပြင်ကြည့်ပါ။
ကိုယ့်ခံစားချက်တွေ ပိုသတိထားမိစေဖို့၊ ပိုပြီးထိန်းချုပ်နိုင်စေဖို့အတွက် တရားထိုင်ပါ။
သူတစ်ပါးကိုလေးစားတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်များများဖတ်ပါ၊ အထူးသဖြင့် ရသစာပေပေါ့။
ဘယ်အရာကိုမှလည်း တရားသေ ဆုပ်ကိုင်မထားပါနဲ့။ အရာအားလုံးဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။
နောက်ပြီး ကိုယ့်မှာမရှိသေးတာတွေကိုပဲတွေးပြီး ညည်းညူမနေပါနဲ့၊ ကိုယ့်မှာရှိနေတဲ့ အရာတွေကိုလည်း တန်ဖိုးထားတတ်ပါစေ။ ကိုယ်ဘယ်လိုမှ ပြောင်းလဲလို့မရနိုင်တော့တဲ့ အရာတွေအတွက် စိတ်ညစ်နေမယ့် အစား အရှိအရှိအတိုင်း လက်ခံပေးလိုက်တာက ကိုယ့်ဘဝကို ပျော်ရွှင်မှုတွေ ရလာစေမှာ ဖြစ်ပါတယ်။