လွှတ်တော် အစည်းအဝေး ပြန်လည် ကျင်းပပါက အမျိုးသားပညာရေး ဥပဒေ၏ ဥပဒေခွဲ တစ်ခုဖြစ်သော အခြေခံပညာရေး ဥပဒေ ပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီတွင်း ဆွေးနွေးမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်အောင်က ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။အဆိုပါ အခြေခံပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံဉာဏ်များ ရယူနိုင်ရန် ဧပြီ ၂၂ ရက်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ကျောက်ဆည်မြို့တွင် ကျောက်ဆည်ခရိုင် အတွင်းရှိ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများ၊ ပညာရေး စိတ်ပါဝင်စားသူ ၃၀၀ ခန့်အား တွေ့ဆုံ၍ အခြေခံပညာရေး ဥပဒေကြမ်းအား ချပြဆွေးနွေးခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာတင်အောင်က ပြောကြားသည်။အလားတူ လွှတ်တော်ပညာရေး မြှင့်တင်မှု ကော်မတီဝင်များကိုလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ထိုသို့ အကြံဉာဏ် ရယူခြင်း အစီအစဉ်များ ဆောင်ရွက်ရန် ပြောကြားထားကြောင်း ၎င်းက ပြောကြားသည်။“အခြေခံပညာရေး ဥပဒေမူကြမ်း ချပြ ရှင်းလင်းတာပါ။ သူတို့ဆီက အကြံဉာဏ်လေးတွေ သူတို့က အခုမှ စတွေ့ရမှာမို့လို့ ကျွန်တော် စာရွက်လေးတွေ ဝေလိုက်တယ်။ သူတို့ကနေ ကျွန်တော်တို့ဆီကို အကြံဉာဏ်လေးတွေ ပေးဖို့လို့ ကျွန်တော် ဝေပြီးတော့ ဘယ်တော့ဖြစ်ဖြစ်ပေါ့ဗျာ။ အေးအေးဆေးဆေး စဉ်းစားပြီး ကျွန်တော်တို့ကို ပို့ပါဆိုပြီး ဝေလိုက်ပါတယ်။ ဆရာ၊ ဆရာမကော ပညာရေး စိတ်ဝင်စားတဲ့ သူတွေ အကုန်လုံး ၃၀၀ နီးပါးလောက် တက်တယ်” ဟု ဒေါက်တာတင်အောင်က ပြောကြားသည်။အခြေခံပညာရေး ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း လေးခုအား ပညာရေးဝန်ကြီး ဌာနက ရေးဆွဲ၍ ပထမအကြိမ် လွှတ်တော်သက်တမ်း ကတည်းက ပေးပို့ထားခြင်းဖြစ်ပြီး ခေတ္တ ရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများ ပြန်လည် စတင်ပါက အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ကော်မတီတွင်း ဆွေးနွေးမှုများ စတင်မည် ဖြစ်ကြောင်းနှင့် အခြေခံပညာရေး ဥပဒေကြမ်းအပြင် နည်းပညာနှင့် သက်မွေးပညာရေး ဥပဒေကြမ်းတို့ကို စတင်ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။“အကြံဉာဏ်တွေ တောင်းခံထားပါတယ်။ (ပညာရှင်များ ဖိတ်ခေါ်ဖို့) အဲဒါတွေကတော့ နောက်အဆင့်မှ ရမယ်။ လောလောဆယ်က ကျွန်တော်တို့ အရင်လုပ်မယ်။ နောက်ဆုံး အဆင့်ကတော့ သူတို့ကို ခေါ်ရမှာလေ။ အဲဒါတွေက နည်းနည်းလည်း ကြာဦးမှာဆိုတော့ အဲဒါတွေက ဖိတ်ရမှာပါ။ ဖိတ်ပြီးတော့ လုပ်ရမှာပေါ့။ နောက်ဆုံးကျတော့ သူတို့ မပါလို့ ဘယ်ရမလဲ” ဟု ဒေါက်တာတင်အောင်က ပြောကြားသည်။အခြေခံပညာရေး ဥပဒေ မူကြမ်းတွင် အခြေခံပညာရေးဆိုင်ရာ အခြေခံမူများ၊ အခြေခံပညာရေး အဆင့်များ၊ အတန်းများနှင့် ကျောင်းအမျိုးအစားများ သတ်မှတ်ခြင်း၊ အခြေခံပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းနှင့် ကျောင်းသုံးစာအုပ်များ ပြဋ္ဌာန်းခြင်း၊ အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေး အာမခံမှု၊ ကျောင်းပြင်ပ ပညာရေး၊ ဆရာအတတ် ပညာရေး၊ ဆရာများ၊ ကျောင်းသားများ၊ မိဘများ၏ တာဝန်ဝတ္တရားနှင့် အခွင့်အလမ်းများ စသည့် အချက်များ ပါဝင်သည်။ပညာရေး၏ ပင်မဥပဒေဖြစ်သော အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၁ အဖြစ် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အမျိုးသားပညာရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်အရ အခြေခံ ပညာရေးကို မူလတန်းအဆင့် ပညာရေး၊ အလယ်တန်းအဆင့် ပညာရေး၊ အထက်တန်းအဆင့် ပညာရေး အဆင့်သုံးဆင့် ခွဲခြားထားပြီး သူငယ်တန်း ပညာရေးပြီးနောက် ပညာသင်နှစ် စုစုပေါင်း ကာလမှာ ၁၂ နှစ်ကို ဦးတည်၍ ဆောင်ရွက်ရန်ဖြစ်သည်။
လွှတ်တော် အစည်းအဝေး ပြန်လည် ကျင်းပပါက အခြေခံပညာရေး ဥပဒေ ပြဋ္ဌာန်းနိုင်ရန်အတွက် ကော်မတီတွင်း ဆွေးနွေးမှုများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ပြောကြား















