ကချင်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေး ဆောင်ရွက်ရာတွင် အခြားပါတီများ ပေါင်းစည်းရေး ဆောင်ရွက်ခဲ့မှုအပေါ် သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဟုဆို

ကချင်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေး ဆောင်ရွက်ရာတွင် အခြားပါတီများ ပေါင်းစည်းရေး ဆောင်ရွက်ခဲ့မှုအပေါ် သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဟုဆို
Published 25 April 2016
အောင်ဇော်ထွန်း၊ ဝီရမိုးနေ

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (ုKSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကချင် အမျိုးသားဒီမိုကရေစီ ကွန်ဂရက်ပါတီ (KNDC) တို့သည် အနာဂတ်တွင် ကချင်နိုင်ငံရေးပါတီ တစ်ခုတည်း ဖြစ်တည်ရေးအ တွက် ဆောင်ရွက်လျက်ရှိရာ ထိုသို့ လုပ်ဆောင်ရာတွင် အခြားပါတီများ ပေါင်းစည်းရေး ဆောင်ရွက်ခဲ့မှုအပေါ် သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသည်ဟု KDP ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။အနာဂတ်တွင် ကချင်နိုင်ငံရေးပါတီ တစ်ခုတည်း ဖြစ်တည်ရေး ညှိနှိုင်းရန် ကချင်ပါတီ သုံးခုမှ တစ်ပါတီလျှင် အဖွဲ့ဝင် ငါးဦးစီ ပါဝင်သော ပူးတွဲကော်မတီ ဖွဲ့စည်းဆောင်ရွက်နေရာ ဧပြီ ၂၃ ရက်တွင် ယင်းပူးတွဲကော်မတီသည် ဒုတိယအကြိမ် တွေ့ဆုံ၍ ပါတီတစ်ခုတည်းဖြစ်ရေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။ဦးအောင်ခမ်းက “မူအားဖြင့်တော့ ကျွန်တော်တို့ အကုန်လုံး လက်ခံပြီးပြီ။ ပေါင်းစည်းမယ်။ ဘယ်အချိန်မှာ ပေါင်းစည်းမယ် ဆိုတဲ့ဟာကို ကော်မတီကနေ ညှိနှိုင်းနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ အခု မျှော်မှန်းတာက ပထမအဆင့် အနေနဲ့ အကုန်လုံး ပါနိုင်မယ့် အဆင့်တစ်ခုအထိ စုပေါင်းပြီး လုပ်နိုင်မယ့် အဆင့်တစ်ခုထိ မျှော်မှန်းတာပါ။ ပါတီတစ်ခုတည်း ဖြစ်ရေးအတွက်တော့ မူဝါဒတွေ ရေးဆွဲမယ်။ ဘယ်နှလ ထားမယ်။ ၂၀၁၆ အတောအတွင်းမှာ ပြီးအောင် လုပ်မလား။ ၂၀၁၇ အတောအတွင်းမှာ ပြီးအောင် လုပ်မလား။ မှတ်ပုံတင်ကို ဘယ်တော့ တင်မလဲ။ ဥက္ကဋ္ဌကို ဘယ်လိုမျိုး ရွေးချယ်မလဲ ဆိုတဲ့ဟာကို အထဲမှာ ပြန်ညှိနှိုင်းရမှာပါ” ဟု ပြောကြားသည်။ကချင်ပါတီ တစ်ခုတည်း ဖြစ်ရေးအတွက် အောင်မြင်စွာ ပေါင်းစည်းဆောင်ရွက်နိုင်ရန် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပါတီတစ်ခုနှင့် တစ်ခု မူဝါဒ မတူညီသည့်အပေါ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ပေါင်းစည်းရေး ဆောင်ရွက်ခဲ့သည့် ပါတီအချို့၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဦးအောင်ခမ်းက “ကျွန်တော်တို့လည်း ရခိုင် ANP ရဲ့ အခြေအနေကို မြင်နေရတယ်လေ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အလျင်စလို လုပ်လိုက်တော့ အထဲမှာ ညှိနှိုင်းမယ့် အချိန်က သူတို့ဆီမှာ နည်းပုံရတယ်။ ဒါကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တယ်။ နောက်ပြီးတော့ ချင်းမှာလည်း ညှိနှိုင်းခဲ့တာတွေ ရှိတယ်။ နောက်ပြီး မွန်တွေလည်း ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ အမျိုးမျိုး ရှိတာပေါ့။ ဒါတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် လုပ်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ် ကျွန်တော်တို့ ကချင်ပါတီတွေဟာ” ဟု ပြောကြားသည်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် ၂၀၁၃ ခုနှစ် မေလတွင် ပါတီနှစ်ခု ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်း ဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် ပါတီ ခေါင်းဆောင်များအကြား မူဝါဒများနှင့် ပတ်သက်ပြီး သဘောထား မတူညီမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ သဘောထား မတူညီမှု ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ANP ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အချို့အား ပါတီမှ ထုတ်ပယ်ခြင်း ပြုလုပ်ခဲ့ရာ ယင်းသို့ ပါတီမှ ထုတ်ပယ်ခြင်းသည် တရားဝင်မှု ရှိ မရှိနှင့် ပတ်သက်၍ နှစ်ဖက်အကြား အငြင်းပွားမှု ဖြစ်ပွားလျက် ရှိသည်။လက်ရှိတွင် ကချင်လူမျိုးစု ပါတီ ငါးခုအထိ ရှိနေပြီး ကချင်ပါတီများ ကွဲပြားနေမှုသည် အောင်မြင်မှု မရရှိကြောင်းကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲက သင်ခန်းစာ ယူစရာဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကချင်ပါတီများ အောင်မြင်မှု နည်းပါးခဲ့ကြောင်း KSDP ပါတီဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ပြောကြားထားသည်။ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းနိုင်ရေးနှင့် ပတ်သက်ပြီး KSDP၊ KDP နှင့် KNDC တို့မှ ခေါင်းဆောင်များသည် ဧပြီ ၂ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ဒီမိုကရက်တစ်ပါတီ ရုံးချုပ်၌ တွေ့ဆုံ ညှိနှိုင်းခဲ့ရာ အနာဂတ်တွင် တစ်ခုတည်းသော ကချင်နိုင်ငံရေး ပါတီတစ်ရပ် ဝိုင်းဝန်းတည်ဆောက်ရန် မူအားဖြင့် သဘောတူထားသည်။

Most Read

Most Recent