လွမ်းတတ်သူတို့ လွမ်းရန် သင်္ကြန်

လွမ်းတတ်သူတို့ လွမ်းရန် သင်္ကြန်
Published 10 April 2016
ရဲထွတ်နီ

“ရာသီတော်ခါ၊ သင်္ကြန်တာဝယ်စံရာပန်းသတ်၊ နန်းနဝရတ်ကမြတ်သမ္ဘာကြွယ်၊ ယဉ်တမွတ်ကျုံးလှလွတ်နှုန်းသည့်၊ တစ်ဘုန်းမယ်တို့လွမ်းနယ်ပြားပြန့် ၊ တားမတန့်အောင်”- (တန်ခူးလဖွဲ့)

ရာသီရေမြေကို မြတ်နိုးသူတို့က အလွမ်းဓာတ်ခံဖြင့် စာဖွဲ့ခဲ့ကြသည်။ နှောင်းလူတို့က ကမ်းဆင့်ယူ ခံစားကြရသည်။ စာဆိုတော်ကြီး ဦးကြင်ဥက နှစ်ကူးသည့် သင်္ကြန်အတာတွင် နန်းသူတို့ လွမ်းပုံကို ဖွဲ့ခဲ့သည်။ စင်စစ် စာဆိုကိုယ်တိုင်လည်း လွမ်းနေခြင်းဖြစ်မည်။
“အထောက်ကတဲ့ မတန်၊  ရွှေကံ့ကော် ဇမ္ဗူကျုံးလို့၊ကြူဆုံးတသိန်တင့်ပါဘိ၊ ပန်းမင်းလွတ်စံ။မိဿဘုံ ဂဠုန်ကူးတွင်မှ၊ကြုံဖူးလေ့ဖြစ်ဟန်၊ရစ်တံပိုင့်ဆင်တော်နဲ၊ချိန်ခါနွေ၊ ဣန္ဒာဆွေဘူပတိသော်မှ၊ပူမိလျှင် ဘယ်ဖြေနိုင်လိမ့်”

မြန်မာ့နွေရာသီ၏ သာခြင်းကြီး သာလှပုံမှာ နတ်တို့သနင်း သကြားမင်းပင်လျှင် အလွမ်းဓာတ်ခံ ရှိခဲ့လျှင် ဖြေဆည်နိုင်လိမ့်မည် မထင်ဘူးဟု စာဆိုက အထူးဆိုလိုက်သည်။လူတို့သည် သူ့ရေမြေ သူ့ရာသီအခါအလိုက် သူ့လူမျိုးတို့၏ နှစ်သစ်ကူးပွဲများ ဆင်နွှဲကြသည်။ ထိုပွဲတော်များကို ပျော်ရွှင် ခုံမင်စွာ ဆင်ယင်ကြသည်။ ယဉ်ကျေးမှု ရိုးရာဟု မှတ်ယူကြပါသည်။မြန်မာတို့၏ ရိုးရာ နှစ်သစ်ကူးပွဲမှာ တစ်ဦးကို တစ်ဦး အတာရေဖြင့် သွန်းလောင်းကြသည်။ ပက်ဖျန်းကြသည်။ ခံစားကြရသည့် အပူကို ပြေပျောက်သွားရန် ဖြစ်သည်။ သီတာရေစင်အလား အေးမြပါစေ..၊ သန့်စင်ပါစေ..၊ ချမ်းမြေ့ပါစေ..ဟု ရည်သည်။လောကီအလို နက္ခတ်ဂြိုဟ်တို့ကြောင့် အကိုက်အဖူး၊ အသီးအပွင့်တို့သည် အခါမလင့်သည်သာ ဖြစ်ခဲ့၍ ‘ရာသီမသိ ပန်းနှင့်ညှိ’ ဟု ဆိုသည်။ တစ်နှစ်တစ်ခါ အတာနှစ်သစ်ကူးပွဲကို ခံစားတိုင်း ပိတောက်ပန်းက ပါမြဲဖြစ်လေသည်။
“မြူမင်းလွင်ထန်၊ ကြူသင်းတာချိန်ယံမတော့၊ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်၊ ခါသင်္ကြန်ဂိမှာန်ရောက်ပြန်တော့၊သိန်သရေထိန်ဝေလို့တောက်တဲ့ပြင်၊ ဆန်းသလောက် မလင်းနိုင်ဘုပန်းပိတောက်မင်း”

စာဆိုတော်ကြီး စုံန့ံ့သာမြိုင် ဦးကြော့က ဆန်းသလောက် မလင်းနိုင်ရသည့် ပိတောက်အတွက် လေးချိုးဖြင့် လွမ်းခဲ့သည်။ ပိတောက်ဆိုသည်ကလည်း သင်္ကြန်အခါကို ရောက်၍ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုးကလေး တစ်ပြိုက် ရွာချလိုက်သည်နှင့် ပိတောက်တို့က ပွင့်လေပြီ။ မွှေးရနံ့ သင်းပျံ့လေပြီ။ တစ်နှစ်ဆိုသော ကာလမှာသည် တစ်လထဲမှာပါပဲ။ တစ်လမှာလည်း သည်တစ်ရက်တည်းပါပဲဟု ဆိုရသော ဆန်းလှသည့် ပန်း။ စာဆိုကြီး၏ လေးချိုးကို မင်းသမီးကြီး အကယ်ဒမီ ဒေါ်ကြည်ကြည်ဌေး၏ အသံဆိုဟန်ကို ကြားယောင်ခံစားကာ လွမ်းနိုင်ပါသေးသည်။မြန်မာမှု သင်္ကြန်သည် အလွန်ယဉ်ကျေး သိမ်မွေ့ပါသည်။ ကလေးသူငယ်မှ စ၍ လူငယ်လူရွယ်တို့ တစ်ဦးကိုတစ်ဦး ရေလောင်း ရေပက် ကစားကြရသည်မှာ ပျော်ရွှင်ရသလောက် လူကြီးမိဘ ဆရာသမားတို့၏ ဓလေ့များမှာ ကျွန်တော်တို့ လူငယ်သားသမီးများက လေးစား ရိုသေကြရသည်။ သင်္ကြန်အကြိုနေ့မှ စကာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။ ဘုရားကျောင်းကန်သို့ သွားကာ ကုသိုလ်ပြုသည်။ တရားဘာဝနာ စီးဖြန်း အားထုတ်ကြပါသည်။ အချိန်အခါ အရွယ်ရောက်သူများကလည်း ကိုရင်ဝတ်၊ ဒုလ္လဘ ရဟန်းဘောင် တက်သူ တက်ကြသည်။ မိန်းကလေးများက သီလရှင် ဝတ်ကြသည်။ရပ်ထဲရွာထဲမှာတော့ နေ့တိုင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး ဆိုသလို တစ်မျိုးပြီး တစ်မျိုး စတုဒိသာ ကျွေးကြသည်။ တစ်အိမ် တစ်အိမ်စီမှာလည်း အလှူ ဒါန ပြုကြမြဲ ဖြစ်သည်။ တစ်အိမ် တစ်နေရာက အလှူလုပ် ကျွေးမွေးတော့ ကျန်အိမ်များမှာ မီးခိုးတိတ်၊ လူကြီးများက ဥပုသ်သည်များ ဖြစ်ကြတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ ဆူဆူညံညံ မရှိ။ အသံဗလံ စီစီညံညံဆို၍ သင်္ကြန်မဏ္ဍပ် တစ်ဝိုက်တွင်သာ ရှိသည်။ ထိုမဏ္ဍပ်တို့တွင် အက၊ အလှ၊ သဘာဝ၊ သံချပ်၊ သီချင်း ဆိုသလို ပြိုင်ပွဲဝင် အဖွဲ့များ၏ ကားတစ်စီးပြီးတစ်စီး ယှဉ်ပြိုင်ဆိုက တီးမှုတ်ကြသံ၊ သံချပ်ထိုးသံများ ဖြစ်ကြသည်။ မဏ္ဍပ်အဖွဲ့ကလည်း ပြန်လည်ကပြ ဧည့်ခံဖျော်ဖြေတော့ ရပ်သူ ရွာသားများမှာ ကြည့်ရှုခံစား ပျော်ရွှင်ကြသည်။ ဖျော်ဖြေတင်ဆက်သူများကား မိမိတို့ သားသမီးများပေပဲကိုး။သင်္ကြန်မှာ ရေပက် ရေလောင်းရတာ ပျော်ရွှင်ကြရသလို ရေပက်ခံထွက်ရတာလည်း ပျော်မြူးကြသည်။ ကားကို ရေစိုခံ အတန်အသင့် အလှဆင်ကာ ထိုရေပက်ခံကားပေါ်မှ ကာလသားတစ်သိုက်မှာ သူတို့ကား သွားရာလမ်းတစ်လျှောက် လှမ်းတွေ့ရသည့် ပျိုပျိုအိုအို ကျားကျားမမ မှန်သမျှကို နောက်ပြောင် ကျီစယ်ကြသည်။ ‘သဘင်သည် စကား’ ဆိုသလို ခေတ်စားလာသည့် စကားတို့ သီချင်းတို့ကို သူတို့ ပါးစပ်မှ အော်နေကြတတ်သည်။ ‘ကျေပါကွယ် မအေးစိန်ရယ်’၊ ‘မောင်မောင်နဲ့ သိင်္ဂီ’ စကားတို့မှာ ရုပ်ရှင်မှ ဖြစ်လာခဲ့သည်။နောင်တော့ ဆုပေးမဏ္ဍပ်တွေ ပျောက်ခဲ့သည်။ ပြိုင်ပွဲဝင်ကားတွေ ပျောက်ခဲ့သည်။ ယဉ်ယဉ်ကျေးကျေး အပျော်ရေပက်ခံထွက်ကားတွေလည်း ပျောက်ခဲ့သည်။ ကလေးများ ရေကစား ရေပက်ရန် နေရာဟူသည် ကိုယ့်အိမ်ရှေ့ ကွက်ကွက်ကလေးမှ လွဲ၍ မရှိတော့။ယခင် ရှေးရွာဓလေ့ ရပ်ဓလေ့လိုပင် မြို့ပြမှာလည်း အပြင်ထွက်လာသော အပျိုချော လုံမေတို့ကို ကာလသား ကိုလူချောတို့က ရေအေးအေးဖြင့် လိုက်လောင်းသည်။ ရေမွှေးရေကလေးဖြင့် ဆွတ်ဖျန်းသည်။ ပါးစပ်ကလည်း ချစ်ခင်ဖွယ် စကားလေးများကို ကြားဝံ့ နာချင်ဖွယ် ပြောလို့ဆိုလို့ဖြင့် ဖြစ်သည်။ ထိုအခါ လမ်းထွက်လာရကတည်းက ထွက်ချင်သော်လည်း ဣန္ဒြေနှင့် ရှက်တတ်တတ် ထိုရေအေးအေး ရေမွှေးနှင့် ထိတွေ့ရတော့လည်း ယို့သည်။ ကာလသား ပြောသမျှ သူ့အလှကို ချစ်ဖွယ် ဆိုနေတော့လည်း သူကလေးက ကြည်နူးပါသည်။ ရှက်သွေးကလေး ဖျန်းလို့။ သင်္ဂါရ ရသ။ အခု ဒီလိုမျိုးတွေလည်း မတွေ့ရတတ်တော့။ရန်ကုန်လို မြို့ကြီးမှာ အရှက်ကုန်ကာ တခုန်ခုန်နှင့်၊ မီးကုန်ယမ်ကုန်မူး၊ မူးသလောက်မြူး၊ အပျော်ကြူးကြသည့် ရေပက်မဏ္ဍပ် ဆိုသည်များက မကြည့်ချင် မြင်လျက်သား ဖြစ်လာခဲ့သည်။ ငွေကြေး အလွန်တတ်နိုင်ကြသူတို့ သုံးဖြုန်းနိုင်သူတို့သာ သုံးကြဖြုန်းကြ အပျော်လွန်ရာ၊ စားနေကျ ကြောင်ဖားတို့ စီးပွားရှာရာ။ထိုမှာ ဘက်အားဖြင့် မူလ ယဉ်ကျေးသိမ်မွေ့လှပါသော အတာနှစ်ကူးကို အရိုးကို အရွက်ဖုံးခြင်း ဖြစ်သည်။ ဖျက်သူ အခြားသူတို့ ဟုတ်ပါရိုးလား။အတာကူးသည့် တန်ခူးလ အခါတွင် ကပိလဝတ်ပြည်၊ သာကီဝင်မင်းတို့က မွေ့ပျော်ဖွယ်ကောင်းသည့် ဒေဝဒဟ ရေအိုင်အနီး မင်းတဲကိုဆောက်ကာ ရေဖျန်းသဘင် ပျော်ရွှင်စွာ ကစားကြကြောင်း၊ သာသနာဝင် ကျမ်းအရ ဆိုသည်ဟု မှတ်သားရသည်။ မဟာဝင် ကျမ်းမှာတော့ ပုဂံပြည် နရသီဟပတေ့မင်းသည် နန်းတော်မှ မြစ်ဆိပ်သို့တိုင်အောင် လူမမြင်အောင် ကာရံပြီး မိးဖုရား မောင်းမတို့နှင့် ရေကစားကြောင်းဆိုသည်။ တရုတ်ပြေးမင်း လက်ထက်တွင် ဥမင်တဲ လူမမြင်ရအောင် မိဖုရား မောင်းမများနှင့် ရေကစားပုံသည် ကာလရွေ့လျောသောအခါ တရုတ်ကြောက်မင်းတို့ လက်ထက်ကျတော့ ရေပက် မဏ္ဍပ်တွင် အမှောင်ခန်းများ ဖွဲ့ခဲ့ကြလေသည်လားဟု စဉ်းစားမိချေသည်။ရိုးရာသင်္ကြန်ကို လွမ်းကြသလို ပိတောက်ကိုလည်း လွမ်းရပါသည်။ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်တည်း ..ဆန်းလှအောင် ပွင့်ခဲ့မြဲဖြစ်သည့် ပိတောက်သည် ယခုမူ အခါကို အတော်ကြီး လွန်ကာမှ ပွင့်ချင်ပွင့်တတ်လာတော့သည်။ ‘ရာသီမသိပန်းနှင့် ညှိရန်ခက်’ ဖြစ်တော့သည်။ ဒါကို ကဗျာဆရာ နောင်ကြီးတစ်ယောက်က ပိတောက်က သစ္စာဖောက်သည်ဟု ဖွဲ့တာကို ဖတ်လိုက်ရသည်။ တကယ်က ပိတောက်က သစ္စာ မဖောက်၊ ‘ရှက်လို့ မျက်စိရှက်လို့ မလာ မရောက်တာ’ဟု စောဒက တက်နေခဲ့မိပါသည်။
“မခူးချင်စမ်းပါနဲ့နှစ်ဆန်းခါတော်မီမို့ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့ခပ်သိမ်းနယ်စုံစုံသို့ပွင့်ငုံကို လင့်ကုန်ကြတော့လို့ခေါင်းကြွကာ ဆာဝေေ၀နဲ့သူလဲလေ လောကီသားလိုပါ့ကြွားချင်လှပေလိမ့်မယ်”

စာဆိုကြီး ဆရာဇော်ဂျီက ‘ပိတောက်ပန်း’ လေးချိုး ကဗျာတွင် ပိတောက်နှင့် စာဆို အတူတူ လွမ်းခဲ့သည်။ အဆုံးပိုဒ်မှာတော့ ယခုလိုဖြစ်သည်။
“ခူးပါနဲ့ကွယ်ပွင့်ဖူးမှာ အဝါခြယ်၍မာလာအလယ်မှာနွှဲချင်တဲ့ နှလုံးရယ်ကြောင့်နှစ်ဆုံးကုန် အတာဝင်သို့မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့အရေးအခါသာမှခမျာမှာ တစ်ဂုဏ်ဆန်းရတယ်ပန်းပိတောက်များ ..”

ကိုယ့်ရေမြေ ရာသီကို ချစ်မြတ်နိုးသူတို၏ ကဗျာကို ဖတ်ရွတ် ခံစားမိသည့်အခါ ကိုယ့်ရပ်ရွာ ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးရှာလေသော ကဗျာဆရာကြီ ‘တင်မိုး’ ကိုလည်း အလွန် သတိရမိပြန်ပါသည်။ အခုနေအခါ ဆရာများ သက်ရှိထင်ရှား ရှိခဲ့လျှင် အတာသင်္ကြန်ကို လွမ်းလိုက်၊ မြင်ချင်လှသော ပြောင်းလဲချိန် တန်တာကို ပျော်နေလိုက်ဖြင့် ရှိလေမလား။ သူ့ကို လွမ်းရပြန်ပါသည်။ ဆရာ့ကဗျာ နှစ်ပုဒ်နှင့် စာကို နိဂုံးချုပ်ပါရစေ။
လွမ်းသင်္ကြန်    ■ လမ်းမဒိုးယို၊ သင်္ကြန်ကြိုတွင်       ပင်အိုကုက္ကို ပွင့်လေပြီ။    ■ ပိတောက်ဖူး၍       ဟိုလူးသည်နွဲ့၊ စိမ်းလဲ့လဲ့နှင့်       ပွင့်မယ့်ရက်တောင်း၊       အခွင့်ချောင်းလျက်       မိုးတစ်စလောင်း စောင့်လေပြီ။    ■ ကျောင်းကန်ဘုရား၊ ပန်းလှေကားသို့       သင်္ကြန်နားနီး၊ သန့်စင်ပြီးလျှင်       ဒိုးတီးသံသာ၊ မျှော်၍သာပင်       အခါရက်ကို ကြိုလေပြီ။    ■ တစ်နှစ်တစ်ဖန်၊ လည်လာပြန်သည်        သင်္ကြန်အလှ၊ ပြင်ဆင်ကြဖို့        ရွရွလှုပ်လှုပ်၊ အပျော်ရုပ်နှင့်        ဒုက္ခကြားက အပြုံးပန်း         မြန်မာပီပီလွမ်း။- (၂၄-၃-၉၆ နံနက်ခင်းဖွဲ့သည်ဟု ပါပါသည်)

ဆရာ ‘တင်မိုး ကဗျာ ၈၀’ မှာတော့ ကဗျာစု ကဏ္ဍများကို နှင်းဆီ၊ သဇင်၊ ကံ့ကော်၊ ခွာညို၊ ခရေ၊ စံပယ်ဆိုပြီး ပန်းအမည်များဖြင့် ဖွဲ့ထားခဲ့သည်။ ပိတောက် အမည်ဖြင့် ကဗျာစုတွင် ‘သင်္ကြန် အလွမ်း’ က ယခုလိုပါ။ 
သင်္ကြန်အလွမ်းအမေအနိုးသပြေထိုးခဲ့တဲ့အတာအိုးကလေးကို လွမ်းသေးတော့။သင်္ကြန်နံ့ တသင်းသင်းနဲ့သင်္ကြန် ထမင်းကလေးကို လွမ်းသေးတော့။ဥပုသ်ဇရပ် သီလခံအိမ်အပြန် ငွေဖလားနဲ့အဘိုးအဘွားတို့ကို ရေကန်တော့လှည်းယာဉ်ကျော့ကလေးကို လွမ်းသေးတော့။အိုးစည်လက်သံ ဗေထုံထုံညံလို့သင်္ကြန်မင်းသား လှောင်ပြောင်သွားတဲ့သံချပ်များကိုလဲ လွမ်းသေးတော့။အနောက်အရပ်ကပိတောက်တသသနဲ့မျောက်က ကကြတာလဲ လွမ်းသေးတော့။မြန်မာ့သင်္ကြန် မြန်မာ့ဟန်ကိုမြန်မာမှန်သမျှ မမေ့ကြဘူးအဝေးကပဲ လွမ်းသေးတော့။- (၈-၄-၂၀၀၁ ၊ တနင်္ဂနွေနေ့ နံနက်ခင်း ဖွဲ့သည်ဟု ပါပါသည်။)

ပြည်ပမှာနေ ပြည်ပမှာ သေလွန်ရရှာသည့် ကဗျာဆရာကြီးရဲ့ ကဗျာပါ။ ဆရာ့ ဆရာတွေကိုရော ဆရာ့ကိုပါ သင်္ကြန်အခါမှာ လွမ်းမိမှာပဲ မဟုတ်လားဗျာ။ လွမ်းတတ်သူတို့သာ လွမ်းရန်ပါ။