နှစ်သစ်၊ မျှော်လင့်ချက်အသစ်

နှစ်သစ်၊ မျှော်လင့်ချက်အသစ်
Published 9 April 2016
မောင်ကြည်

မကြာမီ နှစ်ဟောင်းကုန်ပျောက် နှစ်သစ် ရောက်တော့မည်။ မြန်မာသက္ကရာဇ် ၁၃၇၇ မှ ၁၃၇၈ သို့ ကူးပြောင်းသည့် မြန်မာနှစ်သစ် ရောက်တော့မည်။ နှစ်သစ်ကို ကြိုဆိုသည့် အထိမ်းအမှတ်ဖြင့် နှစ်စဉ်ကျင်းပမြဲ ရိုးရာအတာသင်္ကြန်ပွဲကိုလည်း ဆင်နွှဲကြပေတော့မည်။ ဘာပဲပြောပြော နှစ်တစ်နှစ် ကုန်ဆုံးခဲ့ပြီ။ မြန်မာပြည်သူတွေအားလုံး ၁၃၇၇ ခုနှစ်ကို ဖြတ်သန်း ကျော်လွန်ခဲ့ကြပြီ။ ရှေ့မှာ နှစ်သစ် အခါသမယ။
သို့သော် ယခုကြုံရမည့် နှစ်သစ်သည် ခါတိုင်းနှင့်မတူသည့် နှစ်သစ်။ ပုံမှန်လည်ပတ်နေကျ နှစ်သစ်နှင့်မတူသည့် နှစ်သစ်။ ခါတိုင်းထက် ထူးခြားသည့်နှစ်သစ်။ ယမန်နှစ်သစ်သည် ဘာမှမပြောင်းလဲဘဲ ကူးပြောင်းလိုက်ရသည့် နှစ်သစ်ဖြစ်သော်လည်း ယခုနှစ်သစ်သည် အပြောင်းအလဲ ရှိခဲ့သည့် နှစ်သစ်ဖြစ်သည်။ ငါးနှစ်တစ်ကြိမ် ကြုံဆုံရမည့် အစိုးရ အပြောင်းအလဲ နှစ်သစ်။ သမ္မတအပြောင်းအလဲ နှစ်သစ်ဖြစ်သည်။ ယခုနှစ်သစ်ကို ကျွန်တော်တို့သည် သမ္မတအသစ်နှင့်အတူ ပြောင်းလဲလိုက်ကြပြီ။ အစိုးရအဖွဲ့သစ်နှင့်အတူ နှစ်သစ်ကို ကြိုဆိုလိုက်ကြပါပြီ။ အစိုးရသစ် သမ္မတအသစ်နှင့်အတူ ကြုံရမည့် နှစ်သစ်အခါ သမယဖြစ်ပါသည်။
ဧပြီလ ၁ ရက်နေ့မှာ အစိုးရအဖွဲ့သစ်က တာဝန်ကို စတင်လွှဲပြောင်းယူလိုက်ပြီ ဖြစ်ပါသည်။ ဧပြီလ ၁ ရက်နေ့သည် မြန်မာတို့အတွက် အပြောင်းအလဲ၏ နိဒါန်းအစ။ ရှေ့မှာ ဘာတွေ ဘယ်လို ဆက်ပြောင်းလဲဦးမည်နည်း။ ကျွန်တော်တို့အားလုံး ဆက်လက် စောင့်ကြည့်ရပေဦးမည်။ မြန်မာနှစ်သစ် ရောက်လာတိုင်း ကျွန်တော်တို့သည် အဟောင်းကို ထားပစ်ခဲ့ကြလေ့ရှိသည်။ အဟောင်းကို ဒီအတိုင်းချည်း ထားပစ်ခဲ့သည်တော့ မဟုတ်။ ဆေးကြောခြင်း သန့်စင်ခြင်းဖြင့် ထားပစ်ခဲ့ကြသည်။ အတာရေဖြင့် ပက်ဖျန်းကာ ဆေးကြော သန့်စင်လာခဲ့ကြသည်။ ဤနည်းဖြင့် နှစ်သစ်ရောက်တိုင်း တစ်ခါ ကြိုဆိုကြမြဲ ဖြစ်ပါသည်။ ဒါသည်ပင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ ဖြစ်ပါသည်။
သို့သော် စဉ်းစားစရာ ကောင်းသည်က နှစ်သစ်ရောက်တိုင်း အဟောင်းမှန်သမျှကို ကျွန်တော်တို့ ထားရစ်ခဲ့ကြပါရဲ့လား။ ကျွန်တော်တို့မှာရှိသည့် ပစ္စည်းအဟောင်း၊ အသုံးအဆောင်အဟောင်း၊ ပရိဘောဂ အဟောင်း၊ အဝတ်အစား အဟောင်းအစရှိသည့် အဟောင်းအမြင်းများကို အသစ်ဖြင့် အစားထိုးကာ ပြောင်းလဲပစ်ကြသည်မှာ မှန်ပါသည်။ သို့သော် အဓိကကျသောအပြောင်းအလဲသည် ထိုအပြောင်းအလဲမျိုး မဟုတ်ပါ။ စစ်မှန်သည့် အပြောင်းအလဲသည် ထိုကဲ့သို့သော ပြောင်းလဲခြင်းမျိုး မဟုတ်ပါ။ ကျွန်တော်တို့အားလုံး၏ ရင်ထဲအသည်းထဲမှာ စွဲမြဲကာ သန္ဓေတည်နေသည့် အကျင့်ဟောင်း စိတ်ဓာတ်အဟောင်း၊ စေတနာအဟောင်း၊ သဘောထားအဟောင်း၊ ယုံကြည်ချက်ဟောင်း၊ အတွေးအခေါ် အဟောင်းတို့ကို ကျွန်တော်တို့ အမှန်တကယ် စွန့်ပစ်ကာ ပြောင်းလဲ ပစ်လိုက်ကြပါရဲ့လား။ ထိုကဲ့သို့သော စိတ်ဓာတ်ပိုင်းဆိုင်ရာ မပြောင်းလဲသေးသရွေ့၊ မပြောင်းလဲချင်သေးသရွေ့၊ ပြောင်းလဲဖို့ ကြိုးစားအားထုတ်မှု မရှိသေးသရွေ့၊ "အစစ်အမှန်ပြောင်းလဲခြင်း” ဟု သတ်မှတ်နိုင်ပါ့မလား။
ထုံးစံအားဖြင့် ကျွန်တော်တို့အားလုံးလိုလို “နှစ်သစ်မှာ လူသစ်စိတ်သစ် ဖြစ်စေရမယ်”ဟု နှစ်ကူးတိုင်း အဓိဋ္ဌာန် ပြုကြလေ့ရှိပါသည်။ သို့သော် ထိုအဓိဋ္ဌာန်သည် ဘယ်နှရက်၊ ဘယ်နှလ ခံသည့် အဓိဋ္ဌာန်လဲ။ အချို့ဆိုလျှင် နာရီပိုင်းလောက်သာခံသည့် အဓိဋ္ဌာန်မျိုး ဖြစ်ပါသည်။ နောက်ဆုံးကျတော့ ဒိုင်ယာရီစာအုပ်ထဲမှာ “အဓိဋ္ဌာန်” ဆိုသည့်စာလုံးသာ တင်ကျန်ရစ်ခဲ့သည်။ ကျွန်တော်တို့ကား ဒုံရင်းကဒုံရင်း။ နေမြဲ၊ စားမြဲ၊ ဝတ်မြဲ၊ သွားလာမြဲ၊ မူလ အကျင့်ဟောင်းများအတိုင်းသာ။ တကယ်တော့ ကျွန်တော်တို့ပြောင်းလဲခြင်းသည် ခဏတာ ပြောင်းလဲခြင်း။ မည်ကာမတ္တပြောင်းလဲခြင်း။ မဆိုစလောက် ပြောင်းလဲခြင်းသာ ဖြစ်သည်။ အတုအယောင် ပြောင်းလဲခြင်းသာ ဖြစ်သည် အစစ်အမှန်မဟုတ်။
ဒါသည် နှစ်သစ်တစ်ခါကူးတိုင်း ကြုံနေကျ ခေါက်ရိုးကျိုးနေကျ ကျွန်တော်တို့၏ အပြုအမူ စိတ်ဓာတ်အဟောင်းများကို ပြန်ပြောင်း စဉ်းစား ကြည့်မိခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် အစားဟောင်းကြီး ထပ်တလဲလဲစားရလျှင် အစားသစ်ကို ပြောင်းသည်။ အဝတ်ဟောင်းကို ထပ်တလဲလဲ ဝတ်နေရလျှင် အဝတ်သစ်ကို ပြောင်းသည်။ နေရာဟောင်းမှာချည်း ထပ်တလဲလဲနေရလျှင် နေရာသစ်ကို ပြောင်းသည်။ အလုပ်ဟောင်းချည်း ထပ်တလဲလဲ လုပ်နေရလျှင် အလုပ်သစ်ကို ပြောင်းသည်။ သို့သော် ထပ်တလဲလဲ ဟောင်းနေသည့် အကျင့်ဟောင်း၊ စိတ်ဓာတ်ဟောင်း၊ သဘောထားဟောင်း၊ အတွေးအခေါ်ဟောင်းကိုတော့ ပြောင်းလဲဖို့စိုးစဉ်းမျှ မစဉ်းစားမိကြ။
"သင်္ကြန်”သည် "သင်္ကန္တ”ဟူသော ပါဠိမှ ဆင်းသက်လာသောစကားဖြစ်သည်။ "ကူးပြောင်းခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် စစ်မှန်သည့် ကူးပြောင်းခြင်းဖြစ်ဖို့ လိုသည်။ အတုအယောင် ကူးပြောင်းခြင်း မဖြစ်စေသင့်။ ဟန်ပြသက်သက် ကူးပြောင်းခြင်း မဖြစ်စေသင့်။ မည်ကာမတ္တ ကူးပြောင်းခြင်း မဖြစ်စေသင့်။
နှစ်ဟောင်း၊ အတိတ်ဟောင်း၊ သမိုင်းဟောင်းမှာ ကျန်ရစ်ခဲ့သည့် ကျွန်တော်တို့၏ အမူအကျင့်ဟောင်းများ၊ စိတ်သဘောထား အဟောင်းများကို လာမည့်နှစ်သစ်အတွင်းသို့ ယူဆောင် မလာစေသင့်တော့။ နှစ်ဟောင်းမှာပင် ထားခဲ့လိုက်ပါတော့။ အကျင့်ဟောင်းတွေကို အတိတ်ရာဇဝင်ထဲမှာပင် ထားရစ်ခဲ့လိုက်ပါတော့။ ကျွန်တော်တို့၏နှစ်သစ်ကို အသစ် ဖွဲ့စည်းလိုက်သည့် အစိုးရသစ်နှင့်အတူ ကြိုဆိုလိုက်ကြရအောင်ဟု တိုက်တွန်းချင်မိပါသည်။
မြန်မာပြည်သည် အာဏာရှင်လက်အောက်မှာ နှစ်ပေါင်း ၅၀ ကျော် ပြားပြားဝပ်ခဲ့ရသည်။ အကြောက်တရား၊ အမုန်းတရား၊ အာဃာတရား၊ မနာလိုဝန်တိုမှု တရားတွေနှင့် ပြည်တွင်းစစ်နွံနစ်၊ ဆင်းရဲတွင်းနွံနစ်၊ ဒုက္ခတွင်းနွံနစ်၊ ပဋိပက္ခတွင်းနွံနစ်စသည့် နွံပေါင်းများစွာထဲမှာ ကျွံဝင်နစ်မြုပ်ခဲ့ရပြီးပါ ပြီ။ လူတိုင်း ပြည်သူတိုင်းက အပြောင်းအလဲ လိုချင်ခဲ့ကြသည်။ မြင်ချင်ခဲ့ကြသည်။ တောင့်တခဲ့ကြသည်။ ထို့ကြောင့် ပြည်သူသည် မိမိတို့လိုလားသည့် အစိုးရတစ်ရပ် ပေါ်လာအောင် မိမိတို့ယုံကြည်စိတ်ချသော ပြည်သူ့ ပါတီကြီးကို မဲပေးရွေးချယ်ခဲ့ကြပြီးပါပြီ။ သမိုင်းစာမျက်နှာသစ်ကို မင်စွန်းနေသည့် လက်သန်းလေးများဖြင့် လှန်လှောကာ ဖွင့်လှစ်ခဲ့ကြပြီးပါပြီ။
ဟောခုတော့ အစိုးရသစ်ဖွဲ့ပြီးပြီ။ သမ္မတသစ်လည်း ပေါ်ထွက်လာခဲ့ပြီ။ ပြည်သူတွေရင်ထဲမှာ မျှော်လင့်ချက်တွေ တစ်ဖန်နိုးထ ရှင်သန်လာခဲ့ပြီ။ ပြည်သူ့မျက်လုံးတွေ မှေးမှိန်ရာက အရောင်တောက်ကာ ရွှန်းစိုလာခဲ့ပြီ။ "ခေတ်ကောင်းတော့ ကြုံရတော့မယ်ဟေ့”  "ငါတို့ကလေးတွေရဲ့အနာဂတ်တော့ ရွှန်းစို တောက်ပလာတော့မယ် ထင်ပါရဲ့” ဟူသော မျှော်လင့်ချက်လေးတွေ လူးလွန့်နိုးထလာခဲ့ပါပြီ။ ပြည်သူတွေ အနှစ်နှစ် အလလ စောင့်မျှော်ခဲ့ရသည့်  အခြေအနေကို ရောက်ရှိလာခဲ့ပြီ။ သမ္မတသစ် တာဝန်လွှဲပြောင်းယူသည့်နေ့ကတော့ ပျော်လိုက်ကြသည့်ဖြစ်ခြင်း။ မြို့တိုင်းရွာတိုင်း နေရာတိုင်းမှာ အစိုးရသစ်နှင့် သမ္မတသစ်ကို သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ စတုဒိသာကျွေးကာ ပြုံးပျော်ရွှင်မြူး၊ ကြည်နူးလိုက်ကြသည့်ဖြစ်ခြင်း။ ကြုံကြိုက်ခဲလှဘိခြင်း။ ပြည်သူရွေးချယ်သည့် အစိုးရမျိုးကို လည်ပင်းညောင်ရေအိုးဖြစ်မတတ် မျှော်ခဲ့ကြရသည် မဟုတ်ပါလား။ ပြည်သူတွေ မျှော်လင့်ရကျိုး နပ်ချင်ပါသည်။ စောင့်မျှော်ပင်ပန်းရ ကျိုးနပ်ချင်ပါသည်။ ပြည်သူ့မျှော်လင့်ချက် ဆက်လက် တောက်ပ ရွှန်းစိုချင်ပါသည်။ လာမည့်နှစ်သစ် အခါသမယကိုလည်း မျှော်လင့်ချက် အသစ်ကလေးနှင့် စောင့်မျှော်ကြည့်ချင်လှပါသည်။
တတ်နိုင်မည်ဆိုလျှင် နှစ်ဟောင်းကုန်ပျောက် နှစ်သစ်မရောက်ခင်လေးမှာ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသူကျောင်းသားများကို မိဘရပ်ထံ ပြန်လည် ခိုလှုံခွင့် ပြုစေချင်မိသည်။ သူတို့လေးတွေ၏ မိဘတွေခမျာ သားသမီးတွေ အိမ်အပြန်ကို မျှော်လင့်ချက်အသစ်ကလေးဖြင့် စောင့်ကြိုနေရှာပါရဲ့။ သူတို့ သူတို့၏ရင်ထဲက မျှော်လင့်ချက်တွေကို ညှိုးမှိန်ဖျော့တော့ မသွားရအောင် ဆက်လက် ထွန်းညှိ ပေးစေချင်ပါသည်။ ထို့အတူ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရသော ဘေးဒုက္ခဟူသမျှကိုလည်း အမြန်ဆုံး ကယ်တင်ခြင်းဖြင့် လွတ်မြောက်စေချင်လှပါပြီ။ “ခု ရေတွင်းတူး ခုရေကြည်သောက်လို့ မရဘူး”ဟု ဆိုသော်ငြား ရေကြည်ဖြစ်အောင် ကျွန်တော်တို့ ပြည်သူအားလုံး တူးဆွခဲ့ကြတာ နှစ်ပေါင်းမနည်းလှတော့ပါ။ သွေးတွေချွေးတွေ ဘဝတွေ ပေးဆပ်ခဲ့ကြတာလည်း နှစ်ပေါင်းမနည်းလှတော့ပါ။ ဒီမိုကရေစီရမှ အမျှဝေစေချင်သူတွေ၏ ဆန္ဒကိုလည်း ကျွန်တော်တို့ ဖြည့်ဆည်းပေးချင်လှပါပြီ။ မြန်မာပြည်၏ ကျဆုံးခဲ့ပြီးသော အညတရ သူရဲကောင်းတွေ တမလွန်ကနေ သူတို့ချစ်တဲ့ မြန်မာပြည်ကြီးကို ငေးကြည့်နေကြမှာပါ။ သူတို့အသက်တွေနှင့် ပေးဆပ်ခဲ့ရသည့် မြန်မာပြည်ကြီး အောင်မြင်ကြီးပွား တိုးတက်လာမည်ဆိုလျှင် သူတို့ပေးဆပ်ရကျိုး နပ်ပါပြီဟူသော အတွေးနှင့် ပီတိဖြစ်ဖို့ သူတို့ စောင့်မျှော်နေကြပါသည်။ ဒါသည်ပင် ကျွန်တော်တို့ ပြည်သူတွေအားလုံး၏ရင်ထဲက မျှော်လင့်ချက်အသစ် ယုံကြည်ချက်အသစ်ပင် ဖြစ်ပါတော့သည်။
"ကူးပြောင်းခြင်း”ဟူသော နှစ်ကူး အတာသင်္ကြန်၏ အဓိပ္ပာယ်နှင့်အတူ အကျင့်ဟောင်း၊ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်းနေရာမှာ အကျင့်ကောင်း၊ စိတ်ဓာတ်ကောင်း၊ အတွေးအခေါ်ကောင်းများဖြင့် ပြောင်းလဲအစားထိုးကာ စစ်မှန်သည့် အပြောင်းအလဲကို ပုံဖော်နိုင်ကြပါစေ။ မြန်မာပြည်သူတွေအားလုံး နှစ်သစ်အခါသမယမှာ ကြုံရသည့်အစိုးရသစ်ကို မျှော်လင့်ချက်အသစ်ဖြင့် ဝမ်းမြောက်ဝမ်းသာ လှိုက်လဲှပျူငှာစွာ ကြိုဆိုဂုဏ်ပြု နိုင်ကြပါစေသတည်း။