ကူးစက်ဝေဒနာနှင့် ဆက်စပ်အတွေးများ

ကူးစက်ဝေဒနာနှင့် ဆက်စပ်အတွေးများ
Published 7 April 2016
သန်းထိုက် (သာကေတ)

သက်ရှိလူနဲ့ တိရစ္ဆာန်တွေမှာ ရုပ်ဆိုတဲ့ ခန္ဓာနဲ့ နာမ်ဆိုသော စိတ်စေတသိက်တို့ ရှိကြတယ်။ အတိတ်ကံ အကြောင်းတရားကြောင့် ရရှိလာတဲ့ ပစ္စုပ္ပန်အကျိုးတို့ ကွဲပြားမှုကြောင့် လူဖြစ်သူကဖြစ်ပြီး တိရစ္ဆာန်ဖြစ်သူက ဖြစ်လာတာကို ကံ ကံရဲ့အကျိုးကို နစ်နစ်ကာကာ ယုံကြည်လက်ခံသူ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ်ပါတယ်။ အတိတ်ကလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုများကြောင့် လူဖြစ်လာပြီး မကောင်းတဲ့ အကုသိုလ်ကံများသူဟာ တိရစ္ဆာန်ဖြစ်လာပါတယ်။ လူဆိုတာ မြင့်မားတဲ့ဘဝပိုင်ရှင်တွေဖြစ်လို့ ခံစားမှု ဝေဒနာများ လက်ခံရာ စိတ်စေတသိက်တို့လည်း များပြား ထွေပြားလှပါတယ်။
လူရော တိရစ္ဆာန်ပါ ဘဝတစ်ခုကို ရရှိလာတာနဲ့အမျှ ပတ်ဝန်းကျင်လောကမှ ပေးသော ကူးစက်ခြင်း ဝေဒနာနှစ်မျိုးနဲ့ ရင်ဆိုင်ရပါတယ်။ ပထမတစ်မျိုးကတော့ အားလုံးသိပြီးဖြစ်တဲ့ အနာရောဂါ ကူးစက်မှုဖြစ်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ကူးစက်ရောဂါဆိုတာတွေ ရှိခဲ့ပါတယ်။
ကျွနု်ပ်တို့လူအများစုက ကူးစက်ရောဂါကို သိပြီးဖြစ်ပေမယ့် ကူးစက်ဝေဒနာဆိုတာတော့ အသုံးနည်း၊ အကြားနည်းလို့ ခပ်စိမ်းစိမ်း ဖြစ်နိုင်ပါတယ်။ လူနဲ့တိရစ္ဆာန်တွေမှာ ရုပ်ခန္ဓာကို နှိပ်စက်ခံစားစေတာက ကူးစက်ရောဂါဖြစ်ပြီး စိတ်စေတသိက်ကို ကူးစက်ခံစားစေတာက ကူးစက်ဝေဒနာ ဖြစ်ပါတယ်။ ကူးစက်ရောဂါက အထိအတွေ့နဲ့ လေထဲက ကူးစက်နိုင်ပေမယ့် ကူးစက်ဝေဒနာကတော့ အမြင်အာကြားကတောင် ကူးစက်စေနိုင်ပါတယ်။ စိတ်ခံစားမှုဝေဒနာတွေဖြစ်တဲ့ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ဒေါသဖြစ်တာ၊ သနားတာ၊ မကျေနပ်တာ၊ ချစ်တာ၊ မုန်းတာတွေဟာ မိမိတစ်ဦးတည်း တစ်ယောက်တည်းနေလို့ ဖြစ်တာထက် ပတ်ဝန်းကျင်ကနေ ကူးစက်ခံစားရတာ များပါတယ်။
ပုထုဇဉ်လူသားတွေဆိုတာ တစ်ယောက်တည်းနေလို့ အဆင်ပြေတာမဟုတ်တဲ့အတွက် အများနဲ့ စုပေါင်းနေထိုင်ကြရပါတယ်။ ယနေ့ကမ္ဘာမှာ ကူးစက်ရောဂါတွေကို မထိန်းချုပ်နိုင်သေးပေမယ့် ကူးစက်ဝေဒနာကိုတော့ အပြည့်အ၀ မထိန်းချုပ်နိုင်သေးပါဘူး။ တချို့တလေက ပြောကြပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ဘူး။ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဘဝကိုယ်ကျောင်းတယ်။ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေနေ ကိုယ်စိတ်ချမ်းသာအောင်၊ နေတတ်အောင်နေတယ်။ တကယ်တွေးကြည့်ရင်တော့ အပြည့်အ၀ မမှန်နိုင်ပါဘူး။ မြို့ရွာရပ်ကွက်အတွင်းမှာ နေနေသူ ပုထုဇဉ်လူသားတွေမှာ ပတ်ဝန်းကျင်ရဲ့ ကူးစက်မှုဝေဒနာ အနည်းအများရှိတာပါပဲ။ သူ့အနေနဲ့ မေ့ထား၊ ဖျောက်ထား၊ မသိဟန်ဆောင်ထားတာသာ ဖြစ်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ စိတ်ခံစားမှု ဝေဒနာကို အပြင်လောကသိအောင် မြင်အောင်၊ ကြားအောင် ထုတ်ဖော်မပြသေး တာ၊ မိမိကိုယ်ကျိုးစီးပွားအတ္တကို လာရောက် ထိခိုက် မခံရသေးလို့သာ ဖြစ်ပါတယ်။
လူတွေမှာ ကူးစက်ဝေဒနာ နှစ်မျိုး ဖြစ်လေ့ရှိပါတယ်။ မြင်ချင်တွေ့ချင်ကြားချင်တာကို မြင်ရ၊ ကြားရလို့ စိတ်ချမ်းသာ ပီတိဖြစ်မှု ဝေဒနာနဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် မတွေ့ချင်၊ မမြင်ချင်၊ မကြားချင်တာတွေကို မြင်ရ၊ ကြားရလို့ စိတ်မချမ်းသာတဲ့ ဒေါမနဿ ဝေဒနာတို့ ဖြစ်ပါတယ်။
လမ်းပေါ်မှာလျှောက်သွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး ပြောသွားတဲ့စကားကို ကြားရပြီး စိတ်ကြည်နူး ချမ်းမြေ့နှစ်သက်တဲ့ ဝေဒနာဖြစ်လာပေမယ့် အခြားသူတစ်ယောက်ကတော့ မြင်ရကြားရတဲ့အပေါ်မှာ စိတ်မချမ်းသာ၊ မကျေနပ်တဲ့ ခံစားမှုဝေဒနာ ဖြစ်တတ်ပါတယ်။ အများနည်းတူ စိတ်ချမ်းသာမှုဝေဒနာကို မခံစားရသူမှာ အကြောင်းမဲ့သက်သက်တော့ မဟုတ်နိုင်ပါဘူး။ သူ့မှာအများနဲ့မတူတဲ့ အတွေး၊ အမြင်၊ အသိနဲ့ ခံစားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ အများနဲ့မတူလို့ သူ့အတွေးအမြင်အသိဟာ အမြဲမှားနေတယ်လို့တော့ ယတိပြတ်ပြောလို့မရပါဘူး။ မြတ်စွာဘုရားရဲ့ အတွေးအမြင်အသိဟာ သူ့ ခေတ်သူ့အခါမှာ အများနဲ့မတူခဲ့ပါဘူး။ ဒိဋ္ဌိ အယူမှားသူတွေက အများစုဖြစ်ပါတယ်။
ယခုဆောင်းပါးရေးနေစဉ်မှာပဲ တီဗွီက နိုင်ငံခြားသတင်း လာနေပါတယ်။ ယီမင်နိုင်ငံမှာရှိတဲ့ ကလေးနဲ့ အမျိုးသမီးများစွာဟာ စစ်ဘေးကြောင့် ဒုက္ခတွေ့နေကြတယ်။ အစာရေစာ ငတ်မွတ်နေတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ယီမင်ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို စိတ်မဝင်စားကြဘူး။ ကမ္ဘာ့နိုင်ငံအများစုက ဥရောပကို ရွှေ့ပြောင်း နေထိုင်ဖို့ ကြိုးစားရင်း ဒုက္ခရောက်သူတွေ၊ ငတ်မွတ်နေသူတွေ၊ သေကျေနေသူတွေကိုသာ စိတ်ဝင်စားနေကြတယ်။ သူတို့အကြောင်းကိုသာ ပြောနေ ဆွေးနွေးနေကြတယ်။ ဒါဟာ တကယ်တော့ မဖြစ်သင့်ဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နောက်ဆက်ပြောတာက ယီမင်ဆင်းရဲဒုက္ခ မျိုးစုံ ခံစားနေတဲ့ ပြည်သူနဲ့ ကလေးတွေကို ကမ္ဘာက ကူးစက်ဝေဒနာခံစားပြီး စိတ်ဝင်စား အလေးထားမှုနည်းတာ၊ မရှိတာရဲ့ အကြောင်းရင်းခံက သူတို့တွေဟာ ဥရောပကို ရွှေ့ပြောင်းနေထိုင်ဖို့ မကြိုးစားကြလို့ဖြစ်ကြောင်း ကြားလိုက်ရပါတယ်။ ခံစားမှုဝေဒနာ ကူးစက်ပျံ့နှံ့မှု ဆိုတာမှာလည်း နည်းလမ်းမျိုးစုံ၊ အကြောင်းတရားမျိုးစုံ၊ အခြေအနေမျိုးစုံ ရှိနေပါလား လို့ စဉ်းစားမိပါတယ်။ ဝေဒနာတိုင်း လူတွေကို ကူးစက်စေနိုင်တာမဟုတ်ဘဲ ကူးစက်နိုင်အောင် လုပ်တတ်ဖို့၊ လုပ်နိုင်ဖို့လည်း လိုတယ်ဆိုတာ သိလိုက်ရပါတယ်။ ကူးစက်ဝေဒနာ ပျံ့နှံ့နိုင်မှုစွမ်းပကားဟာ ဝါဒဖြန့်မှုအပေါ်မှာလည်း တည်မှီနေကြောင်းလေတာလို့ ထင်မိပါတယ်။
ကူးစက်မှုဝေဒနာ အကောင်းထက် အဆိုးကိုသာ မေးတာများတဲ့ လောကကို ဥပေက္ခာပြုနိုင်ဖို့ သူတော်ကောင်းတွေ အားထုတ်ဖို့ ကြိုးစားကြတာဖြစ်မယ်လို့ ထင်မိပါတယ်။ ကျွနု်ပ်တို့ သာမန် ပုထုဇဉ်လူသားတွေမှာရှိတဲ့ သဘာဝကိုယ်ခံအားက ပြင်ပကူးစက်ရောဂါတွေ မဝင်နိုင်အောင်သာ လုပ်နိုင်ကြပါတယ်။ ကူးစက်ဝေဒနာကိုတော့ တွန်းလှန်နိုင်တဲ့ အင်အားမရှိကြပါဘူး။ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ် ပင်ကိုဓာတ်ခံအပေါ်မှာတော့ အနည်းအများ တည်မှီကွဲပြားလေ့ရှိပါတယ်။ အတ္တကြီးစိုးတဲ့ စိတ်ဓာတ်နဲ့ ဓာတ်ခံအားကောင်းသူဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပတ်ဝန်းကျင်ကြောင့် ဖြစ်သင့်ဖြစ်ထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ ဝေဒနာကူးစက်မှု နည်းပါးနိမ့်ကျတာကို တွေ့ရပါတယ်။
လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် စိတ်နဲ့ရုပ်ရှိနေသမျှ ခံစားမှုဝေဒနာတွေက ရှိနေမှာပဲဖြစ်လို့ အမျိုးအစားလည်း စုံလင်ကွဲပြားနေကြမှာပါ။ အမျိုးအစားတစ်ခုတည်းမှာ အားလုံး စုံညီ စုပုံ တိုးဝှေ့ ခံစားနေကြမှာ မဟုတ်ပါဘူး။ ယစ်မူးနေကြမှာ မဟုတ်ပါဘူး။ ယုံကြည်ချက်မတူလို့ ခံစားမှုဝေဒနာမတူလို့ အခြားသူတွေကို အမုန်းမြင်၊ အပြစ်တင်တာ မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ နှစ်သက်ကြည်နူးခြင်းဝေဒနာကို အပြည့်အ၀ ခံစားနိုင်ကြပေမယ့် အခြားတစ်ဖက်မှာ ရှိတဲ့သူတွေနဲ့ သူတို့ရဲ့ သောက၊ မကျေနပ်၊ မနှစ်သက်မှုကို ကြီးထွားအောင်၊ ကျယ်ပြန့်အောင်၊ နက်ရှိုင်းအောင် စေ့ဆော် တိုက်တွန်းသလို ဖြစ်စေတဲ့ အမူအကျင့်တွေကိုတော့ တတ်နိုင်သမျှ ထိန်းသိမ်းတာဟာ ချစ်စကို ရှည်စေမှာပဲ ဖြစ်ပါတယ်။
မိမိနဲ့ မိမိတို့ကြောင့် သူများကိုနှစ်သက်ခြင်း၊ စိတ်ချမ်းသာခြင်း၊ ချစ်ခြင်းဝေဒနာ မကူးစက် စေနိုင်ရင်တောင်မှ မကျေနပ်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ မုန်းတီးခြင်းဝေဒနာ မဖြစ်စေဘူး၊ မကူးစက်စေဘူးဆိုရင်ဖြင့် လောကကြီးမှာ ပြဿနာ၊ အက်ကြောင်း၊ အာဃာတနဲ့ အမုန်းတရားတွေ လျော့နည်းသွားမှာပါ။ ရှိမှန်းမသိရတဲ့ အစိုးရတစ်ခုဟာ အကောင်းဆုံးလို့ ပြောသလို မလိုလားအပ်၊ မနှစ်သက်အပ်သော ခံစားမှုဝေဒနာ ကူးစက်စေမှု မရှိတာဟာလည်း လူ့လောကအတွက် ကျွနု်ပ်တို့အတွက် အကောင်းဆုံး၊ အသင့်တော်ဆုံး၊ အလိုအပ်ဆုံးလို့ မြင်မိပါတယ်။