ယဉ်ပါးသူ ချစ်ကြည်ဖြူ

ယဉ်ပါးသူ ချစ်ကြည်ဖြူ
Published 6 April 2016
ရဲထွတ်နီ

အဆဲနှင့် အချွဲဒေါသကဆဲ၊ လောဘချွဲဟုရပ်ထဲရွာထဲ ပြောနေကျ။အဆဲအချွဲ၊ သည်တစ်တွဲတွင်ဆဲ၍လည်းသတ်၊ ချွဲ၍သတ်သော်ဆဲသတ်မကြိုက်၊ ချွဲသတ်ကြိုက်သည်လူ၌တွေ့ရ စဉ်အလာ။ရောင်စုံဝင်းလက်၊ ပင်လယ်နက်တွင်ကျောက်ခက်သန္တာ၊ ဥပမာသို့ချိုသာမြမြ၊ အသက်ချသည်လောဘအချွဲ မဟုတ်လား။မုန်ယိုဆင်သွမ်း၊ မည်မျှကြမ်းလည်းအလှမ်းကွာဝေး၊ ရှောင်၍ပြေးကာသက်ဘေးချမ်းသာ၊ ဥပမာသို့ရှောင်ခွာ၍မရ၊ ဘေးမခသည်ဒေါသအဆဲ မဟုတ်လား။အဆဲအချွဲ၊ သည်တစ်တွဲတွင်မလွှဲသာက၊ ပေါင်းသင်းကြလော့ဒေါသအဆဲ သမားကို။မလွှဲသာသာ၊ လွှဲသာသာပင်ရှောင်ပါလေကြ၊ စွမ်းသမျှဖြင့်လောဘ အချွဲသမားကို။- မင်းသုဝဏ်

ဆရာကြီး မင်းသုဝဏ်၏ ဤကဗျာကို ဆရာ မြဝင်း(ဒဿန) ၏ ‘ရွှေလိုဝင်းတဲ့ မင်းသုဝဏ်’ စာအုပ် (မုံရွေး စာပေတိုက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ပထမအကြိမ်) တွင် ဖတ်ရှုခဲ့ရပါသည်။ ဆရာမြဝင်းက ရေနံချောင်းကောလိပ် နှစ်လည် မဂ္ဂဇင်းအတွက် ကဗျာစာမူ တောင်းခံသဖြင့် ဆရာကြီး ရေးစပ်ပေးခဲ့သည့် ကဗျာဟု ဆိုပါသည်။ စာအုပ်တွင် ဆရာကြီး၏ စာဆိုအမည် (ကလောင်အမည်) အောက်၌ ရက်စွဲကို ကွင်းဖြင့် ဖော်ပြထားရာ၊ (၆-၄-၃၂) ဟု တွေ့ရသဖြင့် စာစီအမှားဖြစ်ပြီး (၆-၄-၇၂) ဖြစ်မည် ထင်ပါသည်။ဆရာကြီးသည် ဤကဗျာဖြင့် ကျွန်တော်တို့ကို ဆုံးမထားပါသည်။ လောကတွင် ဒေါသ သမားတို့က ဆဲရေးကြသည်။ လောဘ သမားတို့ကတော့ ချွဲသည်။ လူတိုင်းလိုလိုပင် ဆဲတာ မကြိုက်သော်လည်း ချွဲတာကိုတော့ ကြိုက်တတ်ကြသည်။ဖော်လံဖား ချွဲတတ်သူတစ်ယောက် သေပြီး၊ ငရဲပြည်သို့ရောက်မည် ရှိသည့်အခါ ယမမင်း၏ အပါးနေသူတို့က ငရဲမင်းကို သတိပေးစကား ကြိုပြောထားကြသည်။ ငရဲမင်းကြီးကလည်း ‘လာပါစေ၊ လာစမ်းစေ၊ ငါသိပါတယ်’ ဟု ဆိုထားခဲ့သည်။ ဟိုလူ တကယ် ရောက်လာပြီး၊ ယမမင်းကို တွေ့မြင်သောအခါ အလွန် အံ့အားသင့်သွားဟန်ဖြင့် ငရဲမင်းသည် ခက်ထန်ကြမ်းကြုတ် အရုပ်ဆိုးလှမည် ထင်ခဲ့ရာ အခုတော့ ဥပဓိရုပ်က ခန့်ညား ချောမောလှပါကလားဟု ဆိုတော့သတဲ့။ ထိုအခါ ယမမင်းအပါး နေသူတို့က ‘မင်းကြီး ဒီကောင်တော့ ဖားနေပြီနော်၊ မင်းကြီးကို ချွဲနေပြီနော်’ လို့ တစ်ယောက်တစ်ခွန်း ပြောကြတော့ ယမမင်းက ‘မင်းတို့ကလည်း ဟုတ်တာပြော ပြောပါစေ’ လို့ ဆိုလိုက်သတဲ့။ ရယ်စရာပုံပြင် ဒဏ္ဍာရီကိုလည်း သတိရစရာပါ။လူတို့၏ အတွင်းသဘော မနောသည် ပင်လယ်ရေနက်၏အောက်တွင် ရှိနေသည့် သန္တာကျောက်ခက်ပမာ အသိခက်သလို အပြောချိုချို လောဘအချွဲသမားတို့ သဘောကို အသိခက်သည်။ ကြမ်းတမ်းလှသည့် မုန်ယို ဆင်လို ဒေါသသမားကိုမူ ခပ်ဝေးဝေးမှ ဘေးကင်းအောင် ရှောင်ခွာ၍ ရသည်။ ထို့ကြောင့် ဘေးမခက်ဘဲ ရှိသော်လည်း အသိခက်သည့် လောဘသမား အချွဲကြောင့်တော့ ဘေးဒုက္ခ ရောက်တတ်လေသည်။ဆရာမြဝင်း(ဒဿန)က ဤကဗျာကို ဖတ်၍ ခံစားရင်း ‘မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ၊ ငရဲနှင့်လူ့ရွာ၊ ခုအခါ မခြား’ ဟူသော ပထမလေးပါဒချီသည့် လယ်တီဆရာတော် ဘုရားကြီး တေးထပ်ကို သတိရမိကြောင်း ဆိုပါသည်။ ထိုသြဝါဒ တေးထပ်ကို စာဆိုကြီး ဆရာကြီး မင်းသုဝဏ်သည်လည်း အလွန်နှစ်သက်ပြီး အကြောင်းတိုက်ဆိုင်တိုင်း ရွတ်ဆိုတတ်ကြောင်း သိရပါသည်။ တေးထပ်ကို ဆက်ပြီး ရွတ်ဆိုကြည့်စေချင်ပါသည်။
မီးသုံးရပ် ဗလောင်ဆူ၊ အကောင်းပူသင်းတို့ ဖြစ်လား။စိတ်ရတက် အညစ်ကူ၊ အပြစ်မူ ထွေပြား။တတွေတွေသေလို့ သွားလျှင်လ၊ တဖွားဖွားအောက်မှာ။ယမနယ်ရန် အနှုန်း၊ အကုန်လုံး စုကြမည်သာ။သို့ကလောက် လူ့ငြမ်းဟာကို၊ ရှုစမ်းပါ ညီလှရဲ့မှီသမျှ ဉာဏ်ကုန်မျှော်နော်။ ရောဖို့မတော်။အလိုလိုက်လို့ အငိုက်ချော်လျှင်...တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။

ဤကဲ့သို့ တေးထပ်နှင့် တောင်လေးလုံး ဆရာတော်ကြီး၏ လောဘ၊ ဒေါသ၊ မောဟတို့နှင့် စပ်သော အဆုံးအမကို သတိရ ဆင်ခြင်မိကြောင်းဆိုကာ ဆရာမြဝင်းက သူ့စာကို နိဂုံးချုပ်ပါသည်။ လောဘ၊ ဒေါသ တို့သည် တရားဆိုးများ...။‘ဦးဝန် (မင်းသုဝဏ်) ရာပြည့် (၁၉၀၉-၂၀၀၉) အမှတ်တရ ထုတ်ဝေသည့် ‘မြန်မာမှု မြန်မာရေးရာ’ (ချိုတေးသံစာပေ၊ ၂၀၀၉ သြဂုတ်လ၊ ပထမအကြိမ်) စာအုပ်တွင် ‘မြန်မာစာပေနှင့် ကိုယ်ကျင့်တရား’ ခေါင်းစဉ်ဖြင့် ဆရာကြီး မင်းသုဝဏ်၏ ဟောပြောချက်ကို ဖတ်ရှုရပါသည်။ ကွယ်လွန်သူ ပညာရေး တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးထွန်းကြွယ် (၁၉၉၀ ပြည့် ရွေးကောက်ခံအမတ်)နှင့် ဆရာကြီး ဦးသန်းထွတ် (ပါမောက္ခငြိမ်း) တို့က တောင်းပန်သဖြင့် ပညာရေးတက္ကသိုလ် ဘွဲ့လွန်တန်း ပညာရေး ဒဿနိက ဘာသာရပ်အတွက် ၁၃ မတ် ၁၉၈၁ တွင် ဟောပြောခဲ့ခြင်း ဖြစ်သည်။ ယနေ့ဆိုလျှင် ၃၅ နှစ်ကျော်ပါပြီ။ဆရာကြီး မင်းသုဝဏ်က သူ၏ ဟောပြောချက်ကို ‘ကိုယ်ကျင့်တရား ကောင်းတယ်ဆိုတာ အပြစ်ကင်းကင်းနဲ့ လိမ္မာတာကို ပြောတယ်လို့ ကျွန်တော် အဓိပ္ပာယ် ဖွင့်ချင်ကြောင်း’ ဆိုပြီး မြန်မာစာပေတွင် ရှိသည့် ဆုံးမ သွန်သင်မှုတို့ကို ထုတ်နုတ်ပြောပြခဲ့သည်။ ‘အလိမ္မာ စာမှာရှိ’ ဆိုသည့် စကားအတိုင်းဖြစ်သည်။ ဆရာကြီး ဟောပြောပို့ချသည့် ပရိသတ်မှာ ကျောင်းဆရာများ ဖြစ်ကြသည်။ ထို့ကြောင့် ဆရာကြီးက “ကျွန်တော်တို့ ကျောင်းဆရာ ကျောင်းဆရာမများရဲ့ ကောင်းမြတ်တဲ့ စေတနာ အရင်းခံက ဘာလဲ စဉ်စားကြည့်ကြစမ်းပါ။ စစ်ဆေးကြည့်ကြစမ်းပါ။ ကိုယ့်တပည့်တွေကို လူတော်လူကောင်းဖြစ်အောင် သင်ပေးချင်တဲ့ စေတနာ မဟုတ်လား” ဟူသော စကားကိုလည်း ထည့်သွင်းပြောခဲ့သည်။ဆရာဟူသည် တပည့်ကို ကိုယ့်ထက် သာသောသူ ဖြစ်စေချင်ကြမှာ ဖြစ်သည်။ အဖျင်းဆုံး ကိုယ်နှင့်တူသော တပည့်လောက် ဖြစ်ချင်ကြလျက် ကိုယ့်အောက်ကျတာကိုတော့ မဖြစ်စေချင်ကြချေ။ သည်တော့ ဆရာကိုယ်တိုင်သည် လိမ္မာရေးခြား ကိုယ်ကျင့်တရား ရှိကြရမည်။ အမိအဘတို့ ဟူသည်မှာလည်း သားသမီးတို့၏ လက်ဦးဆရာများ ဖြစ်ကြသည်။ ရှေးစကား အဆိုအမိန့်တွင် ညွှန်ပြထားတာ ရှိသည်။ ‘အငယ်တည်းက၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်၏’ ဖြစ်သည်။ မိဘတို့ ကိုယ်တိုင် လိမ္မာရေးခြား ကိုယ်ကျင့်တရား ရှိကြရမည်။လောဘသမားများ အကြောင်းကိုလည်း ဆရာကြီး မင်းသုဝဏ်က ထည့်သွင်း ပြောခဲ့ပါသေးသည်။“လောကမှာ လောဘသမားတွေ ရှိတယ်။ သူလို ငါလို သာမန်လောဘသမားမျိုးကို ပြောတာ မဟုတ်ပါဘူး။ မတရား လောဘကြီးတဲ့ သူတွေမျိုးပါ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုတဲ့ ကိုယ်ကျိုးသက်သက် သမားမျိုးပါ”။ဆရာကြီးက ဤကဲ့သို့ဆိုပြီး စာထဲမှ လာသည့် အဆိုတစ်ခုကိုလည်း ထုတ်ပြောခဲ့လေသေးသည်။
သူများလင် သူများသားကျားကိုက်လို့ သေသေ၊ပျိုတို့မောင် ရွှေယောင်ရစ်၊မင်းဖြစ်ပါစေ... ဟူ၏။

ခင်ဗျားတို့ ဝန်းကျင်မှာလည်း သည်လို ငို့ဘသမားမျိုးတွေ ရှိမှာပါပဲဟု ဆို၏။ ထို့ကြောင့် စာပေထဲတွင် ‘တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၍၊ သတ္တဝါအပေါင်း ဆင်းရဲကြောင်း’ ဖြစ်ရ၏ ဆိုပါသည်။ ကျွန်တော်တို့ဆီတွင် တိုင်းပြည်ကြီးနှင့် ချီ၍ ဆင်းရဲဒုက္ခ ရောက်ကြရသည်မှာ သူပြီးရင် သူတစ်ယောက် ချမ်းသာရှာခဲ့ကြရန်ပင် ဖြစ်ရသည် မဟုတ်ပါလား။ဆရာကြီး၏ ‘အဆဲနှင့် အချွဲ’ ကဗျာနှင့် ဆက်စပ်လျက် ၁၉၈၁ ခုနှစ်တုန်းက ဆရာကြီး ဟောပြောပို့ချက် အကြောင်းကို အကြမ်းမျှ တင်ပြမိခြင်းဖြစ်သည်။ ဆရာကြီး၏ ဟောပြောချက်မှာ ၁၃ ဒသမ ၁ စင်တီ × ၂၁ ဒသမ ၄ စင်တီအရွယ် စာအုပ်၊ ၁၂ ပွိုင့် စာလုံးကလေးများဖြင့် စာမျက်နှာ ၂၈ မျက်နှာတိတိ ရှိပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန် ထုတ်နုတ်ပြထားသည်များမှာ အများကြီးမှ အများကြီး ဖြစ်ပါသည်။ ကိုယ်တိုင် နားထောင်ခွင့် မကြုံကြိုက်ခဲ့ရသော်လည်း ဖတ်ရှုနေသည့်အခိုက် ကြားယောင်ယောင် ခံစားရပါသည်။ ကုန်လွန်ခဲ့သော ၃၅ နှစ်၊ ထိုစဉ်က ပို့ချမှု နားထောင်ခဲ့ကြလေသော ဘွဲ့လွန်သင်တန်းများကရော ဆရာကြီး၏ ပို့ချမှုကို မည်၍မည်မျှများ လိုက်နာကျင့်ဆောင်ကာ မိမိတို့၏ တပည့်သားသမီးများအတွက် ရှေ့ဆောင်ပြုခဲ့ကြလေသနည်းဟုလည်း တွေးမိပြန်ပါသေးသည်။ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ ‘ကိုးခန်းပျို့’၊ ‘သံဝေရပျို့’ တို့မှ အဆိုအမိန့်တို့ အပြင် နိုင်ငံခြား ကလေးလောက စာစဉ်တစ်ခုမှ ကလေးများတွင် ရှိထိုက်သည့် ဂုဏ်အရည်အချင်းများကို ကျောင်းဆရာ ကျောင်းဆရာမများမို့ ဆရာကြီးက တင်ပြခဲ့သေးသည်။ အင်္ဂလိပ်လို ‘46’ ခုကို ဆီလျော်အောင် မြန်မာပြန် ပြောပြသည့် သေချာ တိကျခြင်း၊ နှစ်သက်ဖွယ် ဖြစ်ခြင်း၊ ကြည်လင်ရွှင်ပျခြင်း၊ အကောင်းအမြတ်ကို သိခြင်း၊ သတိရှိခြင်း၊ ကြည်လင်ရွှင်ပျခြင်း၊ စွဲမြဲ စူးစိုက်ခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရဲရင့်သတ္တိရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်ဆုံးဖြတ်ခြင်း၊ ဝတ္တရားကျေခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ မိတ်ဖွဲ့စိတ်ရှိခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ ကျေးဇူးသိခြင်း၊ ကူညီရိုင်းပင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ နှိမ့်ချစိတ်ရှိခြင်း၊ ရယ်ရွှင်မှုကို နားလည်ခြင်း၊ လုံ့လဝီရိယ ကြီးခြင်း၊ တရားမျှတခြင်း၊ သနားကြင်နာခြင်း၊ ခေါင်းဆောင်ခြင်း၊ ဆုံးမနာယူခြင်း၊ စနစ်စည်းကမ်းရှိခြင်း၊ သည်းညည်းခံခြင်း၊ ဇွဲကောင်းခြင်း အချိန်မှန်ခြင်း၊ ကောင်းဆိုးပိုင်းခြားသိခြင်း စသည့် ဂုဏ်ရည်အချင်းများ ဖြစ်ပါသည်။ဆရာကြီးက မြန်မာစာပေသည် လူကျင့်ဝတ်များကို ထုတ်ဖော်ညွှန်ပြနေသည် ဖြစ်ကြောင်းဖြင့် ဟောပြောမှုကို နိဂုံးချုပ်ပါသည်။ဆိုခဲ့သည့် အဆိုအမိန့်၊ အဆုံးအမ၊ ဂုဏ်အရည်အချင်းတို့ကို ကလေးသူငယ်၊ တပည့်သားသမီးများ ရရှိသွားကြစေရန် လူကြီးမိဘတို့ ကိုယ်တိုင်က ကျင့်ဆောင်ပြကြရပါလိမ့်မည်။ ခေတ်သမိုင်း စာမျက်နှာသစ် ဖွင့်လှစ်ပြီဆိုသော ကျွန်တော်တို့ဆီတွင် ပြန်လည်ပြုပြင် ပြောင်းလဲကြဖို့ဆိုလျှင် ကျွန်တော်တို့တွေ ကိုယ်တိုင်သည် စာဆိုကြီး မင်းသုဝဏ် ဖွဲ့ဆိုခဲ့သည့် ဒေါသအဆဲသမားလား။ လောဘသမား အချွဲသမားလား ဆင်ခြင်ကြရလိမ့်မည်။ဦးစီးဦးဆောင် စီမံအုပ်ချုပ်သူတို့ဆိုလျှင် မလွှဲသာ၍ အဆဲသမားကို ပေါင်းသင်းရင်း လောဘအချွဲသမားတို့ကိုတော့ မလွှဲသာသာ လွှဲသာသာ ရှောင်ကြဖို့ လိုပါလိမ့်မည်။စဉ်းစားတွေးမိရင်းက ‘ပြောင်းလဲချိန် တန်ပြီ’ ဟု ဆိုကြသည်ကို ‘ကွန်မြူနစ်ဖြစ်ဖို့ပဲ ရှိတော့သည်’ စကားကဒေါသ အဆဲစကား လေလားဟု စဉ်းစားမိသလို၊ သက်တမ်းကုန်ခါနီးကာမှပဲ ကောက်ကာငင်ကာ စွမ်းဆောင်ရည် တစ်ပြုံတစ်မ ချီးမြှင့်ဘွဲ့တံဆိပ်များကိုလည်း ပေးပြန်သေးသည်က လောဘအချွဲကလေးနှင့် မြှောက်စားမြှောက်ပင့် ပြုပြန်လေသည်လားဟု စဉ်းစားမိပြန်ပါသည်။စာဆိုကြီး၏ အဆုံးအမ မှန်သမျှမှာမူ ‘လူလိမ္မာသား ယဉ်ပါး’ ဆိုသလို သားဖြစ်သူထံတွင် တည်နေပေလိမ့်မည်ဟု ယုံကြည်မိပါ၏။လူမိုက်သားတွေ ရမ်းကားခဲ့သည်၊လူလိမ္မာသား ယဉ်ပါးတော့မည်။