စကားလုံး တန်ဖိုးများနဲ့ မနက်ဖြန်

စကားလုံး တန်ဖိုးများနဲ့ မနက်ဖြန်
Published 5 April 2016
ဆောင်းေ၀ (နတ်မောက်)

ကျွန်တော်တက်ခဲ့တဲ့ တက္ကသိုလ်မှာ စကားပြောကောင်းတဲ့ ဆရာတစ်ယောက်နဲ့ ကြုံခဲ့ဖူးပါတယ်။ အဲဒီဆရာစကားပြောရင် ကျောင်းသားတွေဟာ တလေးတစားနဲ့ တမေ့တမော နားထောင်လေ့ရှိကြပါတယ်။ ဆရာကလည်း သူစကားပြောနေတဲ့အချိန် ကျောင်းသားတွေ တခြားဆီ စိတ်လွင့်မသွားအောင် သူ့စကားနောက် တောက်လျှောက်ပါလာအောင် စွမ်းဆောင်နိုင်ပါတယ်။ ထူးခြားချက်က သူစကားပြောရင် ဘယ်တော့မှ သူများအပြစ်ကို ပြောလေ့မရှိပါဘူး။ သူမကြိုက်တဲ့ လူပုဂ္ဂိုလ်နဲ့ အကြောင်းအရာကိုတောင်မှ သူ့ရဲ့မကြိုက်တဲ့ သဘောထားမပေါ်လွင်အောင် ပြောတတ်ပြီး နားထောင်သူတွေ ကိုယ်တိုင်က မကြိုက်တဲ့ ပုံစံဖြစ်သွားအောင် ပြောတတ်ပါတယ်။ သူစကားပြောရင် အချက်အလက်ကို ကိုင်တွယ်ပြီး ပြောလေ့ရှိပြီး သူပါးစပ်က ဘယ်တော့မှ သူများမကောင်းကြောင်းကို ပြောလေ့မရှိပါဘူး။ သူက စကားလုံးတွေနဲ့အပေါ်မှာ အလေးအနက် ထားလေ့ရှိပါတယ်။ အဲဒီအခါကျမှပဲ စကားကိုဖြစ်သလိုပြောခဲ့တဲ့ ကျွန်တော်တို့လည်း စကားပြောတယ်ဆိုတာ သိမ်မွေ့မှု၊ နူးညံ့မှု၊ ပညာသားပါမှု၊ ပါးနပ်မှု၊ အချက်အလက် နိုင်နင်းမှု စတာတွေ လိုအပ်ကြောင်းနဲ့ သူတစ်ပါး နားဝင်လက်ခံအောင် ပြောဆိုနည်းတွေ ရှိတယ်ဆိုတာ သိလာရပါတော့တယ်။ ဒါပေမဲ့ စကားပြော မကောင်းတတ်သူ (ဝါ) စကားကို အပြစ်ဖြစ်အောင် ပြောတတ်သူတွေကိုလည်း မကြာခဏ တွေ့ရတတ်ပါတယ်။ တချို့သူတွေ စကားပြောလိုက်ရင် သူတို့ပြောလိုက်တဲ့ အကြောင်းအရာနဲ့ သူတို့ပြောတဲ့ အကြောင်းအရာကိုပါ အပြစ် မြင်သွားတတ်ကြပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ စကားပြောကောင်းတဲ့သူတွေနဲ့ စကားပြော မကောင်းတတ်တဲ့သူတွေကို မကြာခဏတွေ့ ကြုံရတတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ကြားရတဲ့စကားမှာ နားဝင်ချိုတာ၊ နားထောင်လို့ကောင်းတာ၊ ပျော်ရွှင်အားတက်စရာဖြစ်တဲ့ စကားတွေကို နားထောင်ချင်ကြတာပါ။ ဆဲဆိုကြိမ်းမောင်းတဲ့ စကားတွေနဲ့ အမုန်းပွားစေမယ့် စကားတွေကိုတော့ ဘယ်သူမှ ကြားချင်ကြမယ်မထင်ပါဘူး။ စကားပြောခြင်းကိစ္စဟာ အရမ်းအရေးပါပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို စကားပြောခြင်းတွေနဲ့ တည်ဆောက်နေကြရပါတယ်။ လူတစ်ယောက် ပြောလိုက်တဲ့ စကားကို နားထောင်ကြည့်လိုက်ရင် သူပညာအရည်အချင်း၊ သူစိတ်နေသဘောထားနဲ့ သူ့အခြေအနေကိုတောင် ခန့်မှန်းလို့ရတယ်လို့လည်း ကြားဖူးပါတယ်။ စကားလုံးတွေမှာ တန်ဖိုးပါပါတယ်။ စကားလုံးတွေရဲ့ တန်ဖိုးကို သာမန်ပြည်သူလူထုရဲ့ နေ့စဉ်ဘဝထဲမှာတောင် ဒီလောက်အရေးကြီးနေရင် နိုင်ငံရေးသမား၊ ဘာသာရေးခေါင်းဆောင်နဲ့ လူထုခေါင်းဆောင်တွေမှာ ပိုလို့သာ အရေးကြီးပါတယ်။
သူတို့စကားတစ်ခွန်းဟာ သာမန်ပြည်သူတစ်ယောက်ရဲ့ စကားတစ်ခွန်းနဲ့ သက်ရောက်မှုချင်းမတူပါဘူး။ နိုင်ငံ့ခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတွေရဲ့ စကားတစ်ခွန်းကြောင့် ပြည်သူလူထုတွေဟာ စိတ်ပျက်ခြင်း၊ ပျော်ရွှင်ခြင်း၊ အားတက်ခြင်း၊ တက်ကြွခြင်း၊ ဂုဏ်ယူဝမ်းမြောက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ သူတို့စကားတစ်ခွန်း ပြောလိုက်ရင် ပြည်သူတွေ အားတက်ချင်ကြပါတယ်။ မျှော်လင့်ချက် ရောင်ခြည်အလင်းတန်းတွေ ထွန်းပ ချင်ကြပါတယ်။ ဒါဟာ သဘာဝကျပါတယ်။ လူမျိုးစုများစွာ၊ တိုင်းရင်းသားများစွာနဲ့ ပထဝီအနေအထား ကျယ်ပြန့်တဲ့  ဒီနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ နယ်မြေဒေသ စစ်ပွဲတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက် ညီအစ်ကို မောင်နှမသွေးချင်းသားချင်းတွေ ချည်းပါပါပဲ။ အမေရိကန်မှာလည်း တစ်ချိန်တုန်းက လူဖြူလူမည်း ပြဿနာဟာ အကြီးအကျယ် ရှိခဲ့ဖူးပါတယ်။
လူဖြူလူမည်း တန်းတူ အခွင့်အရေးရဖို့ အဓိက တိုက်ပွဲဝင်ခဲ့တဲ့သူတွေထဲမှာ ထင်ရှားသူကတော့ မာတင်လူသာကင်းပါပဲ။ ဒါပေမဲ့ သူ့စကားတွေကြောင့် ပြည်သူတွေ စိတ်ဝမ်းကွဲမသွားကြပါဘူး။ စိတ်အားတက်ကြွ လာကြပါတယ်။ စည်းလုံးညီညွတ် လာကြပါတယ်။
မာတင်လူသာကင်း (၁၉၂၉-၁၉၆၈) ရဲ့ ၁၉၆၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ လင်ကွန်း အမှတ်တရဗိမာန်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာပါတဲ့ စကားကတော့ “ဒီယုံကြည်မှုနဲ့ ကျွန်တော်တို့ဟာ စိတ်ပျက်မှုတောင်တန်းက မျှော်လင့်ချက်ကျောက်တုံးကို တူးဖော်နိုင်ပါလိမ့်မယ်။ ဒီယုံကြည်မှုနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ သဘောထားကွဲလွဲမှု၊ ညိုးညိုးညံညံအသံတွေကို လှပတဲ့ ညီရင်းအစ်ကို သွေးစည်းညီညွတ်မှု သံစဉ်တေးသွားအဖြစ် အသွင်ပြောင်းနိုင်ပါလိမ့်မယ်။ ဒီယုံကြည်မှုနဲ့ ကျွန်တော်တို့ဟာ အတူတကွ ဆုတောင်းနိုင်မယ်။ အတူတကွ လှုပ်ရှားရုန်းကန်နိုင်မယ်။ တစ်နေ့မှာ ကျွန်တော်တို့ လွတ်လက်ကြရမယ်ဆိုတဲ့ အသိစိတ်နဲ့ လွတ်လပ်မှုအတွက် ရပ်တည်ကြပါမယ်”တဲ့ ကျွန်တော်တို့ ပြည်သူတွေလည်း ကျွန်တော်တို့ ခေါင်းဆောင်တွေဆီက ဒီလိုစိတ်အား တက်ကြွစေတဲ့ စကားတွေ၊ လုပ်ရပ်တွေပဲ မျှော်လင့်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ လူအရင်းအမြစ်တွေရော သဘာဝသယံဇာတတွေပါ ဆုံးရှုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ပြည်သူတွေပင် ပန်းနေကြပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့ အားကိုးကြရမယ့် ခေါင်းဆောင်တွေဆီက တောက်ပတဲ့ အနာဂတ်ကို  လှမ်းမြင်နိုင်မယ့် စကားတွေကို ကြားချင်နေကြပါတယ်။ ဘယ်လောက်ပဲ အတိတ်က ဒုက္ခရောက်ခဲ့ ရောက်ခဲ့ ဒီနေ့ဒီအချိန်မှာတော့ အနာဂတ်ကို ရဲရဲရင့်ရင့် လျှောက်လှမ်းဖို့ ပြည်သူတွေအဆင်သင့် ဖြစ်နေကြပါပြီ။ ဂျွန်အက်ဖ်ကနေဒီ (၁၉၁၇-၁၉၆၃) ရဲ့ ၁၉၆၂ ခုနှစ် ဟူစတန်မြို့ ရိုက်စ်တက္ကသိုလ်မှာ ဟောပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒီလိုပြောခဲ့တာရှိပါတယ်။ “ဒီအမေရိကန်ပြည်ထောင်စုဟာ နားနေစောင့်ဆိုင်းပြီး နောက်ကြောင်းပြန် လှည့်ချင်သူတွေက တည်ဆောက်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒီနိုင်ငံကို ရှေ့ကိုချီတက်ခဲ့ကြသူတွေက အောင်နိုင်ခဲ့ကြတာပါ။ အဲဒီစကားကို ကြားလိုက်တဲ့အချိန်မှာ သူတို့နိုင်ငံပြည်သူတွေ ဘယ်လောက်တောင် စိတ်ဓာတ်တွေ တတ်ကြသွားမလဲ စဉ်းစားကြည့်လို့ရပါတယ်။ ဂျွန်အက်ဖ်ကနေဒီဟာ အသက်ငယ်ငယ်နဲ့ သူများလုပ်ကြံလို့ သေဆုံးသွားခဲ့ပေမယ့် သူပြောတဲ့အတိုင်းပဲ နိုင်ငံတိုးတက်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြည်သူတွေကြားချင်တဲ့ စကားတွေ ပြောလိုက်ရင်ပြီး ရောဆိုပြီး စကားကို ပြီးစလွယ်ပြောတာ မဟုတ်ဘဲနဲ့ ပြောတဲ့တိုင်းလည်း တကယ်လုပ်ဆောင်ပေးဖို့တော့ လိုပါတယ်။ ဒါမှလည်း သမိုင်းမှာ ကောင်းမွန်တဲ့ ရေးသားချက်များနဲ့ မှတ်တမ်းအတင်ခံနိုင်မှာပါ။
(၂၅-၃-၂၀၁၆) ထုတ် The Daily Eleven နေ့စဉ်သတင်းစာထဲက အယ်ဒီတာ့အာဘော်မှာပါတဲ့ သတင်းစကားတွေကို မျှဝေပေးချင်ပါတယ်။ “နိုင်ငံရေးသမားများ လိုက်နာရမည့် ကိုယ်ကျင့်တရားဆိုင်ရာ အချက်များထဲတွင် (၁) အမှန်ကိုပြောဆိုခြင်း (၂) တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း (၃) နှစ် ဖက်ရန်ပွဲများ၏ အထက်$ရှိရခြင်း (၄) ပြည်သူ့အသံကို နားထောင်ရခြင်း (၅) လူပုဂ္ဂိုလ်ကို မဟုတ်ဘဲ အဆိုပြုချက်ကိုသာ ဝေဖန်ရခြင်း နှင့် (၆) မိမိလုပ်ဆောင်မပေးနိုင်သည့် ကတိများကို မပေးရခြင်းတို့ ပါဝင်သည်” တဲ့။ ပြည်သူတွေ စိတ်အားတက်ကြွအောင် ပြောတယ်ဆိုပေမယ့် အထက်ပါ နံပါတ်ခြောက်အချက်လို ပြောတဲ့အတိုင်း လုပ်ဆောင်ပေးဖို့တော့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားဆီကတော့ ပြည်သူတွေဟာ အများကြီး မျှော်လင့်ထားကြပါတယ်။
ပြည်သူဘက်ကို အမြဲတမ်းမျက်နှာမူပြီး ပြည်သူ့အသံကို နားစွင့်နေတတ်နဲ့ နိုင်ငံရေးသမားများနဲ့ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်များကိုသာ ပြည်သူတွေက ချစ်မြတ်နိုးကြမှာဖြစ်ပါတယ်။ ပြည်သူချစ်မြတ်နိုင်တဲ့ ခေါင်းဆောင်များသာလျှင် သမိုင်းစာမျက်နှာပေါ်မှာ ကောင်းမွန်တောက်ပသော အက္ခရာများ၊ သမိုင်းကောင်းများနဲ့ ရေးထွင်း ခံနေရမှာဖြစ်ပါတယ်။ ပြည်သူတွေဟာ အမြဲတမ်းပဲ သူတို့ဘာပြောမလဲဆိုတာကို နားစွင့်နေကြပါတယ်။