သစ်တော သယံဇာတအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ဘယ်လို ထိန်းချုပ်မလဲ

သစ်တော သယံဇာတအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ဘယ်လို ထိန်းချုပ်မလဲ
Published 4 April 2016
ဖြိုးဝေ

ရေကာတာ တည်ဆောက်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သစ်ထုတ်လုပ်ခဲ့မှုတွေ၊ စီးပွားဖြစ်စိုက်ခင်းတွေ စိုက်မယ်ဆိုပြီး  ဧကသိန်းနဲ့ချီပြီး သစ်ခုတ်ခဲ့မှုတွေနဲ့ အလွန်အကျွံ သစ်ခုတ်ခဲ့တဲ့ ခရိုနီတွေကြောင့် မြန်မာနိုင်ငံ ရဲ့ သဘာဝဂေဟဗေဒစနစ်တွေ ပျက်ယွင်းသွားခဲ့ပြီး  သဘာဝဘေးဒဏ် အဆိုးဆုံးခံရတဲ့နိုင်ငံ စာရင်းမှာ ထိပ်ဆုံးက ပါဝင်လာခဲ့ပါတယ်။
ဆယ်စုနှစ်ကျော်များစွာအတွင်း အလွန်အကျွံ သစ်ခုတ်ခဲ့မှုတွေကြောင့် ပျက်ယွင်းခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအတွက် မြန်မာနိုင်ငံက သစ်တွေကို တရားမဝင်ခုတ်ယူနေတဲ့ ဒါမှမဟုတ် တင်သွင်းနေတဲ့ တရုတ်နိုင်ငံနဲ့ အကြီးအကျယ် သစ်ထုတ်လုပ်ခဲ့တဲ့ ခရိုနီတွေကတော့ မြန်မာ့သဘာဝဘေးတွေအတွက် သူတို့မှာ တာဝန်မရှိဘူးလို့ အသည်းအသန် ငြင်းဆန်ကြမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု အဆိုးဆုံးစာရင်းမှာ တတိယအဆင့် ဖြစ်ခဲ့ပါပြီ။ ရေကြီးရေလျှံခြင်း၊ ရာသီဥတု ဖောက်ပြန် ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေ ပိုမိုကျရောက်လာခြင်း အကြောင်းရင်းက သစ်တောတွေ ပြုန်းတီးမှုကြောင့်ဖြစ်ပါတယ်။ ဒီလို သစ်တောသယံဇာတအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ သစ်ခိုးခုတ်သူတွေကို ထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ သစ်တောပြုန်းတီးမှုနဲ့ သဘာဝဘေးဒဏ်တွေကို အတန်အသင့် သက်သာစေမှာပါ။
ဒါပေမဲ့ ခရိုနီတွေနဲ့ တရုတ်နိုင်ငံကတော့  မြန်မာ့ဘေးဆိုးတွေကို အလေးမထားကြပါဘူး။ သူတို့ကြောင့် သစ်တောတွေပြုန်းတီးပြီး သူတို့ကြောင့် မြန်မာနိုင်ငံသားတွေ ထိခိုက်နစ်နာနေရတဲ့ ဘေးဆိုးတွေကို လက်မခံရုံ သာမကဘဲ လက်ရှိမှာလည်း ချည့်နဲ့နဲ့ပဲကျန်တော့တဲ့ မြန်မာ့သစ်တောတွေကို ဆက်လက်ခုတ်လှဲဖို့ ဒါမှမဟုတ် ဆက်ပြီးတော့ ခိုးထုတ်ဖို့ လုပ်ဆောင်နေဆဲပါ။
ဒီလို သစ်ခိုးခုတ်နေတဲ့ အခြေအနေတွေနဲ့ သစ်အလွန်အကျွံခုတ်တဲ့ ပြဿနာတွေကို တားဆီးဖို့ကတော့ လက်ရှိအစိုးရသစ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးထင်ကျော်အစိုးရအဖွဲ့ရဲ့ အကြီးမားဆုံး တာဝန်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဦးထင်ကျော် အစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့အစိုးရတွေ လက်ထက်က မှားယွင်းခဲ့တဲ့မူဝါဒတွေနဲ့ မတားမြစ်နိုင်ခဲ့တဲ့ သစ်ထုတ်လုပ်ဖို့ လာဘ်ပေးလာဘ်ယူမှုတွေကို အဓိက ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။
“ခရိုနီတွေက သူတို့သစ်ခုတ်မှုကြောင့် သစ်တောတွေ ပြုန်းတီးနေပြီဆိုတာကို လက်မခံချင်ကြဘူး။ တရုတ်နိုင်ငံကလည်း  မြန်မာ့တည်ဆဲ ဥပဒေတွေကို အလေးမထားဘဲ တရားမဝင်သစ်တွေကို လက်ခံတင်သွင်းနေတယ်”လိ့ု East Anglia တက္ကသိုလ်မှ ပါမောက္ခ Oliver Springate-Baginski က ပြောပါ တယ်။ သူဟာ စိမ်းလန်းအမိမြေရဲ့ တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် တရားဝင် သစ်ထုတ်လုပ်ခြင်း အစီရင်ခံစာမှာ ပါဝင်ရေးသားခဲ့တဲ့ သုတေသီတစ်ဦးလည်း ဖြစ်ပါတယ်။
“သစ်တောတွေမှာ ဇီဝဂေဟဗေဒစနစ် ဆိုတာရှိတယ်။ သစ်တောတွေဟာ ရာသီဥတုတွေကို ထိန်းသိမ်းပေးတယ်။ သစ်တောတွေဟာ မြန်မာနိုင်ငံရဲ့ အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒီလို သစ်တောတွေကို တရားမဝင်ခိုး ထုတ်နေတာတွေက သဘာဝပတ်ဝန်းကျင်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတာပါ။ သစ်ထုတ်လုပ်မှုတွေကို အစိုးရ ထုတ်ပြန်တာကိုပဲ လေ့လာကြည့်မယ်ဆိုရင် ထုတ်သင့်တဲ့ ပမာဏထက်ကို ပိုထုတ်နေတာတွေ့ရတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းကို ကြည့်မယ်ဆိုရင်ကိုပဲ မြန်မာတစ်နိုင်ငံလုံးမှာ ထုတ်သင့်တဲ့ ပမာဏထက်ကို စစ်ကိုင်းတိုင်း တစ်ခုတည်းက ထုတ်ခဲ့တယ်”လို့ Oliver Springate-Baginski က ဆိုပါတယ်။
 
■ တရုတ်က ဘယ်လိုသစ်ခိုးထုတ်ခဲ့လဲ
မြန်မာနိုင်ငံရဲ့ သယံဇာတဖြစ်တဲ့ သစ်တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ အမြတ်ထုတ်မှုကို လေ့လာကြည့်မယ်ဆိုရင် လက်ရှိအချိန်ထိ တရားမဝင် သစ်ထုတ်လုပ်နေမှုဟာ ၂၅ နှစ် ကျော်ခဲ့ပြီလို့ ဗြိတိန်နိုင်ငံအခြေစိုက် Environmental Investigation Agency (EIA) ရဲ့ ‘မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား တရားမဝင် ကုန်းလမ်းကြောင်း သစ်ကုန်သွယ်မှု၊ အစီအစဉ်တကျ ရှုပ်ထွေးမှု’အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ သစ်ခိုးထုတ်မှုကို ထပ်ပြီးလေ့လာမယ်ဆိုရင် ၁၉၉၀ ပြည့်နှစ်တွေကစပြီး ၂၀၀၅ ခုနှစ်တွေအကြားမှာ လျင်လျင်မြန်မြန် တိုးတက်ခိုးထုတ်ခဲ့ပါတယ်။  ၁၉၉၇ ခုနှစ်မှာ သစ်ထွက်ကုန်သွယ်မှု ကုဗမီတာ သုံးသိန်းပဲရှိခဲ့ရာက ၂၀၀၅ ခုနှစ်မှာ ကုဗမီတာ ၁ ဒဿမ ၆ သန်းအထိ ရောက်လာခဲ့ပါတယ်။ ဒီအထဲမှာ တရားမဝင် သစ်ထုတ်မှုက ကုဗမီတာတစ်သန်းပါလို့ EIA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာ့သစ်တွေကို တရုတ်နိုင်ငံက ခိုးထုတ်ရာမှာ သစ်တစ်တန်ချင်းဝယ်ယူမှု ထက် တောင်အလုံးလိုက် ဝယ်ယူပြီး သစ်ခိုးထုတ်နေတာပါ။ ဒီလိုသစ်ခိုးထုတ်တဲ့အခါမှာ တောင်အလုံးလိုက် ဝယ်ယူမှုကိုတော့ ပြည်တွင်းမှာရှိတဲ့ နေရာဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ဝယ်ယူရတယ်လို့ EIA က ထုတ်ဖော်ခဲ့ပါတယ်။
“သစ်တစ်တန်ချင်း ဝယ်ယူမှုထက် တောင်အလုံးလိုက်ဝယ်ယူပြီး သစ်ခုတ်လာကြတယ်။ ဒီလိုသစ်ခုတ်ရာမှာ ဝယ်ယူတဲ့ တောင်အလုံးလိုက်အတွက် ငွေပေးချေမှုက သက်ဆိုင်တဲ့ နယ်မြေအလိုက် ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကပဲ ရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဝယ်ယူသလို ပြည်သူ့စစ်တွေလို အစိုးရအဖွဲ့အစည်းတွေနဲ့ရော ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီး ဝယ်တယ်”လို့ EIA မှ Faith Doherty က ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း တောင်အလုံးလိုက် သစ်ခိုးခုတ်ဖို့ တရုတ်လုပ်ငန်းရှင်တွေက ဝယ်ယူရာမှာ ရွှေချောင်းတွေနဲ့ ငွေပေးချေပြီး ခိုးခုတ်လာတဲ့ တရားမဝင်သစ်တွေကို တရုတ်နိုင်ငံဆီ သယ်ယူရာမှာ စစ်ဆေးရေးဂိတ်ပေါင်းများစွာကို လာဘ်ပေးပြီး ဖြတ်ကျော်ရပါတယ်။ ဒီလို သစ်ခိုးခုတ်မှုတွေကို လျှော့ချနိုင်ဖို့ဆိုရင် အကျင့်ပျက်လာဘ်စားမှုတွေကို ကြပ်မတ်နိုင်ဖို့လည်း လိုအပ်မှာပါ လို့ Faith Doherty က ဆိုပါတယ်။
“လဆန်အော်ဝပိုင်တဲ့ နယ်မြေအတွင်းက ဂွီတောင်နဲ့ ဝူတိုင်တောင်နှစ်လုံးကို ၂၀၁၄- ၂၀၁၅ ရာသီအတွက် တရုတ်တိန်ချောင်အခြေစိုက် သစ်ကုမ္ပဏီက သစ်ခုတ်ခွင့် ဝယ်ယူခဲ့တယ်။ ကြားလူကလည်း မြန်မာလွှတ်တော် အမတ်တစ်ဦးနဲ့ ပတ်သက်နေတယ်” လို့  EIA က Vicky Lee က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက သစ်တွေကို အဓိက ခိုးထုတ်ရာမှာ နယ်မြေမငြိမ်းချမ်းတဲ့  မြန်မာနိုင်ငံ ဘက်ခြမ်းထက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်က မြို့တွေမှာ သိုလှောင်ထားပြီး တရုတ်နိုင်ငံအနှံ့ကို တင်ပို့ပါတယ်။ ဒီလို သိုလှောင်ထားတဲ့ အခြေအနေတွေအတွက် ဘယ်လိုအခွန်အခမှ ပေးဆောင်စရာမလိုဘဲ ယူနန်ပြည်နယ်ကတစ်ဆင့် တွေကို သယ်ဆောင်မှ တစ်တန်ကို အခွန်အဖြစ် ဒေါ်လာတစ်ထောင်လောက် တရုတ်အစိုးရက ကောက်ခံပါတယ်။
အနှစ် ၂၀ ကျော်ကြာ တရုတ်နိုင်ငံရဲ့ သစ်ခိုးခုတ်ခံနေရတဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်အတွင်း သစ်တောဧရိယာ ဟက်တာ ၁ ဒဿမ ၇သန်းကျော် ဆုံးရှုံးခဲ့ပြီး ၂၀၀၉ ခုနှစ်မတိုင်မီက တစ်နှစ်ဟက်တာ ၉၇၀၀၀ ကျော်သာ ဆုံးရှုံးခဲ့ရာက အခုအချိန်မှာ ဟက်တာ ၁၈၅၀၀၀ ကျော်အထိ နှစ်ဆတိုး ဆုံးရှုံးလာနေပါပြီလို့  EIA အစီရင်ခံစာက ဆိုပါတယ်။       
၂၀၁၄ ခုနှစ်မှာ မြန်မာအစိုးရက သစ်အလုံးလိုက် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပေမယ့် တရုတ်နိုင်ငံကို သစ်အလုံးလိုက်တင်ပို့မှုကတော့ ပိုမိုတင်ပို့လာနေပါတယ်။ တရုတ်ကို သစ်တင်ပို့မှု စံချိန်တင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်း အဆိုးဆုံးနှစ် ဖြစ်သွားပြီး ကုဗမီတာ ၉၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ EIA က ဖော် ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောစီမံခန့်ခွဲမှုစနစ်မှာလည်း နှစ်စဉ်သစ်ခုတ်ယူနိုင်တဲ့ ပမာဏထက်ပိုတဲ့ သစ်ထုတ်ယူမှုပြုလုပ်နေခြင်းကြောင့် သဘာဝအရင်းအမြစ်တွေကို အလွန်အကျွံ ထုတ်ယူမှုခဲ့မှု တွေ့ရှိရတယ်လို့ EIA အစီရင်ခံစာက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ သစ်ခိုးထုတ်မှုတွေကြောင့် ကချင်ပြည်နယ်ဘက်မှာ သစ်တောတွေ ကုန်သလောက်ဖြစ်သွားပါပြီ။ လက်ရှိမှာဆိုရင်တော့ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက သစ်တွေကို တရုတ်နိုင်ငံဆီ ခိုးထုတ် ဖို့ကြိုးပမ်းလာနေတဲ့အတွက် ရှမ်းနဲ့ စစ်ကိုင်းတိုင်းက သစ်တောတွေဟာ ကချင်ပြည်နယ်လို ဖြစ်သွားနိုင်တဲ့ အခြေအနေအထိ ခြိမ်းခြောက်ခံနေရတယ်လို့ EIA က ဖော်ထုတ်ခဲ့ပါတယ်။
“အရင်တုန်းက နယ်စပ်တစ်ကြောကနေ ထွက်တယ်။ အခုကျတော့ စစ်ကိုင်းက တမလန်းတွေ တရုတ်ဘက်ကို ဝင်လာတယ်။ ရှမ်းပြည်နယ်ဘက်က ကျွန်းသစ်တွေ တရုတ်ဘက်ကို ဝင်လာနေတယ်။ ကချင်ပြည်နယ်ဘက်က သစ်တွေကတော့ ကုန်သလောက်ဖြစ်နေပါပြီ” လို့ Mr.Vicky Lee က ဆိုပါတယ်။
မြန်မာနိုင်ငံက သစ်တွေကို အဓိက ခိုးထုတ်ရာမှာ မြန်မာအစိုးရရဲ့ လက်နက်ကိုင်တပ်တွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေစတဲ့ အဆင့်ဆင့်ကျော်ဖြတ်ရပြီး လာဘ်ငွေတွေ ပေးအပ်ရပါတယ်။ ဒီလို မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို ခိုးထုတ်ရာမှာတော့ တရုတ်နိုင်ငံသားတွေက သစ်ခိုးဂိုဏ်းတွေနဲ့  မြန်မာပြည်တွင်းက လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်ပြီး ခိုးသွင်းပါတယ်။ ဒီလိုခိုးသွင်းတဲ့ သစ်တွေအပေါ် တရုတ်အစိုးရက သစ်တစ်တန်ကို တရုတ်ယွမ် ၇၀၀ မှ ၂၀၀၀ အကြား အခွန် ကောက်ခံနေပြီး မြန်မာနိုင်ငံကတော့ နစ်နာပြီးရင်း နစ်နာနေရပါတယ်။        
၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကသစ်တွေ အလုံးလိုက် ခိုးထုတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံဖိုးခန့် အကျိုးအမြတ်ရရှိခဲ့ပြီး တမလန်း သစ်တွေခိုးထုတ်ပြီး လက်လီနဲ့ သစ်အချောထည်အဖြစ် အသွင်ပြောင်းနိုင်ခဲ့လို့ ၂၀၁၄ ခုနှစ် တစ်ခုတည်းမှာ ကိုပဲ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံဖိုး ခန့်အထိ အကျိုးအမြတ် ရရှိခဲ့တယ်လို့ EIA က တွက်ချက်ထားပါတယ်။
“တရုတ်အစိုးရက မြန်မာဥပဒေတွေကို လုံး၀ လေးစားလိုက်နာမှုမရှိဘဲ ခိုးထုတ်လာတဲ့ မြန်မာ့သစ်တွေကို နည်းမျိုးစုံနဲ့ လက်ခံခဲ့ပါတယ်”လို့ Oliver Springate-Baginski က ဆိုပါတယ်။
 
■ ခရိုနီတွေရဲ့ သစ်အကျိုးအမြတ်
ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထပ်မှာဆို သစ်ထုတ်လုပ်ခွင့် ပြုခဲ့မှုတွေ စံချိန်တင်များပြားခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်း သစ်ခုတ်ခွင့် ပြုခဲ့မှုတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင်တော့   ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာတန်ချိန်ပေါင်း ၂၄ သိန်းနီးပါး ထုတ် ခွင့်ပြုပေးခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ ဒုတိယနှစ်မှာ တန်ချိန်ပေါင်း ၁၇ သိန်းနီးပါး ထုတ်ခွင့်ပေးခဲ့ပြီး တတိယနှစ်မှာ တန်ချိန်ပေါင်း ၁၀ သိန်းနီးပါးကို ထုတ်ခွင့်ပေးခဲ့ပါတယ်။ စတုတ္ထနှစ်သက်တမ်းမှာတော့ သစ်တန်ချိန်ပေါင်း ခုနစ်သိန်းကျော်ကို ထုတ်ခွင့်ပေးခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာတန်ချိန်ပေါင်း ၇၃၀၀၀၀ ကို ထုတ်ခွင့်ပေးခဲ့ပြီး ငါးနှစ်အတွင်းမှာ သစ်တန် ချိန်ပေါင်း ၆၄ သိန်းကျော်အထိ ထုတ်ခွင့်ပေးခဲ့ပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ သက်တမ်းအတွင်းမှာ သစ်ခုတ်ခွင့်ရခဲ့တဲ့ ကုမ္ပဏီ ၈၆ ခုရှိခဲ့ပြီး အများစုကတော့ တပ်မတော်အစိုးရ လက်ထက်ကတည်းက သစ်ခုတ်ခွင့်ရခဲ့တဲ့ ကုမ္ပဏီတွေပါ။ ဒီကုမ္ပဏီ ၈၆ ခုထဲကမှ ထိပ်ဆုံး ကုမ္ပဏီ ၁၀ ခုက ခုတ်ခွင့်ရသမျှ သစ်ပမာဏအားလုံးရဲ့ ထက်ဝက်လောက်ကို ထုတ်ခွင့်ရခဲ့ပါတယ်။ အများဆုံး ခုတ်ခွင့်ရတဲ့ကုမ္ပဏီ ၁၀ ခုကတော့ မြတ်နိုးသူ၊ Nature Timber၊ ထူး၊ IGE & JU MRT၊ Global Star ၊ Lucre Wood၊ Momentum၊ Wood World နဲ့ ထွန်းမြတ်အောင် ကုမ္ပဏီတို့ ဖြစ်ပါတယ်။
အများဆုံး ခုတ်ခွင့်ရတဲ့ မြတ်နိုးသူကုမ္ပဏီကို ဦးကျော်စိုးလွင် ပိုင်ဆိုင်ပါတယ်။ တင်ဝင်းထွန်း ကုမ္ပဏီကတော့ ဦးတင်ဝင်းက အဓိက ဦးစီးလုပ်ကိုင်ပါတယ်။ Nature Timber ကုမ္ပဏီကတော့ Jewellery Luck ကို လုပ်ကိုင် နေတဲ့ ဦးကျော်စိန်နဲ့ ဆက်စပ်တဲ့ကုမ္ပဏီပါ။ ထူးကတော့ ဦးတေဇဖြစ်ပါတယ်။ (မှတ်ချက်။ ထူးကုမ္ပဏီအနေဖြင့် ၂၀၁၂-၁၃ အထိသာ သစ်ထုတ်ခဲ့ပြီး ယခုနောက်ပိုင်း သစ်ထုတ်ခြင်း မပြုဟု သိရ)၊ IGE ၏  Myanmar Rice Tradingကုမ္ပဏီတွေကတော့ ဦးအောင်သောင်းရဲ့သားဖြစ်တဲ့ ဦးနေအောင်တို့ ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Global Star ကုမ္ပဏီကတော့ Dagon Group of Companies ကို တည်ထောင်လုပ်ကိုင်နေတဲ့ UMFCCI ရဲ့ လက်ရှိဥက္ကဋ္ဌ ဦးဝင်းအောင်ရဲ့ ကုမ္ပဏီပါ။ Lucre Wood ကတော့ အေးရှားဝေါလ်ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်နေတဲ့ ဦးထွန်းမြင့်နိုင်ရဲ့ ကုမ္ပဏီခွဲတစ်ခုပါ။ Momentum ကုမ္ပဏီရဲ့ ဒါရိုက်တာစာရင်းမှာတော့ ဦးချိန်းစိန့်အိန်၊ ဦးချစ်မောင်၊ ဦးကြည်ဆွေ၊ ဦးသိန်းဟန်၊ ဒေါ်မျိုးမျိုးခိုင်နဲ့ အခြားသူတွေ ပါဝင်သလို ကယားဖူး ဦးကြည်စိန်နဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Wood World ကုမ္ပဏီရဲ့ ဒါရိုက်တာစာရင်းမှာလည်း ဦးချိန်းစိန့်အိန် ပါဝင်ပါတယ်။ ထွန်းမြတ်အောင်ကုမ္ပဏီရဲ့ ဒါရိုက်တာစာရင်းမှာတော့ ဦးဌေးအောင်၊ ဦးစိုင်းထွန်းမြတ်တို့ ပါဝင်ပါတယ်။
ဒီလို အစိုးရရဲ့ သစ်ခုတ်ခွင့်ပြုမှုတွေက အမှန်တကယ်ခုတ်သင့်တဲ့ ပမာဏထက် ငါးဆကျော် ပိုမိုများပြားခဲ့ပါတယ်လို့  Oliver Springate-Baginski လို့ သုံးသပ်ပါတယ်။  နောက်ပြီး ဒီလိုသစ်ခုတ်ခွင့် ရခဲ့တဲ့သူတွေအနေနဲ့ သူတို့ရဲ့ သစ်ထုတ်မှုကြောင့် သစ်တောတွေပြုန်းတီးမှုကို လက်မခံနိုင်ကြတဲ့အပြင် လက်ရှိမှာလည်း သူတို့ရဲ့သစ်ထုတ်လုပ်မှုကို ပိုမိုချဲ့ထွင်နေတယ်လို့ ဆိုပါတယ်။ ခရိုနီတွေရဲ့ သစ်အလွန်အကျွံ ထုတ်မှုတွေကြောင့် လက်ရှိမှာတော့ မြန်မာ့သစ်တွေဟာ အရည်အသွေး ကျဆင်းလာတဲ့အပြင် သစ်ဈေးကွက် မှာ နေရာမရတဲ့ သစ်ညံ့တွေကိုပါ ထုတ်လုပ်လာရတဲ့အထိ အခြေအနေဆိုးရွားလာတယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။
 
■ သစ်တွေ ကျန်သေးရဲ့လား
တရုတ်နဲ့ ခရိုနီတွေရဲ့ အလွန်အကျွံသစ် ထုတ်ယူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုက ဆိုးရွားစွာ ကျဆင်းခဲ့ပါတယ်။
FAO ရဲ့  သစ်တောသယံဇာတ ဆန်းစစ်ချက်အတွက် တင်ပြတဲ့ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမူကြမ်းအရ  နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ  ၁၉၉၀ ပြည့်နှစ်မှာ ၅၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာက ၂၀၁၀ ပြည့်နှစ် မှာ ၄၇ ရာခိုင်နှုန်းကို လျော့ကျခဲ့ပြီး  ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်းသို့ လျော့ကျမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီပမာဏဟာ သစ်ကြီးဝါးကြီးတွေ ပြည့်နေတဲ့ သစ်တောတွေရှိနေတဲ့ ပမာဏတော့ မဟုတ်ခဲ့ပါဘူး။ သစ်ထုတ်လုပ်လို့မရအောင် ဆိုးရွားနေတဲ့ သစ်တောညံ့တွေ ပါဝင်နေတဲ့ ပမာဏပါ။
သစ်တောဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ  နိုင်ငံ့ဧရိယာအပေါ် သစ်တောဖုံးလွှမ်းမှုက ၁၉၉၀ ပြည့်နှစ်မှာ ၅၈ ရာခိုင်နှုန်းမှ  ၂၀၀၀ ပြည့်နှစ်တွင် ၅၁ ဒဿမ ၅ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်မှာ ၄၉ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ၂၀၁၀ ပြည့်နှစ်မှာ ၄၃ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မတိုင်မီက နှစ်စဉ် သစ်တောဖုံးလွှမ်းမှု လျော့နည်းတဲ့ဧရိယာက တစ်နှစ်ကို ခန့်မှန်းခြေ ၁၀၈၀၀၀ ဟက်တာရှိခဲ့ပြီး  ၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း လေးဆ မြင့်တက်လာပြီး ၄၃၅၀၀၀ ဟက်တာလောက်ထိ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ဟက်တာ ၃၀၉၀၀၀ ကနေ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း မှာဆိုရင်တော့ ၃၁၀၀၀၀ ဟက်တာအထိ ဖြစ်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
FAO ရဲ့  ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံ အစီရင်ခံစာမှာ ရွက်ပိတ်သစ်တော (Closed Forest) ဖုံးလွှမ်းမှုကို  တစ်နိုင်ငံလုံးဧရိယာရဲ့ ရာခိုင်နှုန်း ၂၀ သာရှိတယ်လို့ ခန့်မှန်းခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ် အမှန်ပုံရိပ် တိုင်းတာချိန် မှာတော့ ရွက်ပိတ်အုပ်သစ်တောဖုံးလွှမ်းမှုက ၂၃ ဒဿမ ၇၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ ၂၀၁၅ ခုနှစ်မှာ၂၁ ဒသမ ၅၆ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတစ်ဝန်းက ပိန်းပိတ်နေတဲ့ သစ်တောကောင်းတွေကို လေ့လာခဲ့ရာမှာ ၁၀ နှစ်အတွင်း သစ်တောဆုံးရှုံးမှု ဟက်တာပေါင်း ၂ဒသမ၂ ဘီလျံကျော်ရှိတယ်လို့ စိမ်းလန်းအမိမြေရဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။
၂၀၀၂ ခုနှစ် လေ့လာချက်အရ သစ်တောဟက်တာပေါင်း ၁၈၆၂၉၃၀၉ ဒသမ ၂၅ ရှိ ပြီး ၂၀၁၃ ခုနှစ်မှာ သစ်တောဟက်တာပေါင်း ၁၆၃၄၉၃၀၈ ဒသမ ၁၆ သာကျန်ရှိတော့ပြီး သစ်တောဆုံးရှုံးမှုပမာဏ၂၂၈၀၀၀၁ဒသမ ၀၀၉ အထိဖြစ်ပေါ်နေလို့ စုစုပေါင်း သစ်တောဆုံးရှုံးမှု ၁၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
တရားမဝင်နှင့် တရားဝင်သစ်ခုတ်မှုတွေကြောင့် ၂၀၀၂ ခုနှစ်မှာ ၂၅၆၀၅၉၁၂ ဒသမ ၅၁ ဟက်တာကနေ၂၀၁၃ ခုနှစ်မှာ ၂၅၇၁၁၃၁၈ ဒသမ ၅၂ သာ ကျန်ရှိတော့ပြီး ၁၁ နှစ်အတွင်း ၁၀၅၄၀၆ ဒသမ၀၁ ဟက် တာလျော့နည်းသွားပါတယ်။ ရော်ဘာ၊ ဆီအုန်းစတဲ့ သစ်တောတွေ အစားထိုး စိုက်ပျိုးဖို့သစ်ခုတ်ခဲ့လို့  ဟက်တာပေါင်း ၅၇၀၉၄၅ ဒသမ ၇၅ ဟက်တာဆုံး ရှုံးခဲ့ပါတယ်လို့ ဦးဝင်းမျိုးသူက စိမ်းလန်းအမိမြေရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး ပြောဆိုပါတယ်။
“၁၉၈၈ ခုနှစ် ၁၉၉၉ ခုနှစ် လေ့လာမှုတွေအရ ၁ ဒသမ၁ ရာခိုင်နှုန်းပဲ သစ်တောပြုန်းတီးမှုရှိတယ်။ အခုက ၁ဒသမ ၂ ဆိုတော့ သစ်တောပြုန်းတီးမှု အရမ်းများနေတယ်။ ၁ ဒသမ ၁ ရာခိုင်နှုန်းတုန်းက လေ့လာခဲ့တာ သစ်တောညံ့တွေရော သစ်တောကောင်းတွေရောပါ။ အခု ကျွန်တော်တို့ လေ့လာခဲ့တာက သစ်တောကောင်း သီးသန့်ပဲရှိပါသေးတယ်။ သစ်တောညံ့တွေပါ လေ့လာပြီးရင် ဒီပမာဏက ပိုများသွားနိုင်ပါသေးတယ်”လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
 
■ အစိုးရသစ်အတွက် စိန်ခေါ်မှုများ     
 အသစ်ပြဋ္ဌာန်းလိုက်သည့် မြေဥပဒေတွေကြောင့် ကြိုးဝိုင်းမဖွဲ့ရသေးတဲ့ သစ်တောနယ်မြေတွေက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ စီရင်ပိုင်ခွင့်အာဏာအောက် ရောက်သွားပါတယ်။ ဒီလိုရောက်သွားတဲ့အတွက် မြန်မာနိုင်ငံရဲ့ သစ်တောမူဝါဒ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံ့ဧရိယာရဲ့ ရာခိုင်နှုန်း ၃၀ ကို အမြဲတမ်း သစ်တောနယ်မြေအဖြစ် လျာထားချက်ပြည့်မီဖို့ ခက်ခဲသွားမယ်လို့  USAID ရဲ့ အာရှဒေသအတွင်း သစ်တောများထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်မှ ထုတ်ပြန်တဲ့ မဟာမဲခေါင်ဒေသအတွင်း သစ်တောပြုန်းတီးမှုကို ဖြစ်စေသောတွန်းအားများ၊  မြန်မာနိုင်ငံအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒမှာ နိုင်ငံ့ဧရိယာစုစုပေါင်းရဲ့ ရာခိုင်နှုန်းကို အမြဲတမ်း သစ်တောနယ်မြေအဖြစ် ထိန်းသိမ်းစီမံအုပ်ချုပ်သွားဖို့ လျာထားသတ်မှတ်ခဲ့ပြီး အမြဲတမ်း သစ်တောနယ်မြေအဖြစ် သတ်မှတ်ချက်မှာ ကြိုးဝိုင်းသစ်တောတွေနဲ့ပါတယ်။
၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒ ကြေညာခြင်းမပြုစဉ်က အမြဲတမ်းသစ်တောနယ်မြေ ဧရိယာဟာ နိုင်ငံ့ဧရိယာဖြစ်တဲ့ ၆၇ ဒဿမ ၆၆ သန်းကျော်ရဲ့ ၁၅ ရာခိုင်နှုန်းခန့်သာရှိပြီး သစ်တောဦးစီးဌာနရဲ့အချက်အလက်တွေအရ ၁၉၈၅ခုနှစ် ၁၉၉၇ ခုနှစ်အတွင်း အမြဲတမ်း သစ်တောနယ်မြေဧရိယာတွေက ပျမ်းမျှအားဖြင့် ၁၅ ဒဿမ ၄၈ ရာခိုင် နှုန်းဖြင့် တိုးတက်ပြောင်းလဲမှုမရှိ ဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အမြဲတမ်း သစ်တောနယ်မြေဧရိယာဟာ စုစုပေါင်း နိုင်ငံ့ဧရိယာရဲ့၂၄ဒဿမ ၀၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောတွေ ပြုန်းတီးမှုမှာ အဓိကအချက်အဖြစ် ပါဝင်နေတာကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ အတွက်ဆိုပြီး ဧကသိန်းနဲ့ချီပြီး သစ်တောတွေ ခုတ်ခွင့်ပြုခဲ့တာပါ။ ဒီလို စီးပွားဖြစ် စိုက်ခင်းတွေ ခွင့်ပြုခဲ့မှုကိုလည်း  NLD အစိုးရအနေနဲ့ ပြန်သုံးသပ်ဖို့ လိုမယ်လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားဖြစ်စိုက်ခင်းတွေနဲ့ ပတ်သက်ပြီး ပြည်သူသိအောင် တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေမယ့် တနင်္သာရီတိုင်းဒေသကြီးမှာဆိုရင် ဆီအုန်းစိုက်ပျိုးဖို့ ကုမ္ပဏီ ၄၄ ခုကို ဧကပေါင်း ၁၀ သိန်းခန့်ခွင့်ပြုပေး ထားပြီး ယုဇနကုမ္ပဏီတစ်ခုတည်းက ဧကပေါင်း၂၈၃၀၉၄ ဧကအထိ ရယူ လုပ်ကိုင်နေ ပါတယ်။ ဒါ့အပြင် အေးရှားဝေါလ်၊ ထူးထရေးဒင်းနဲ့  Auto Industrial Group တို့ကလည်း ဧကများစွာ ရယူလုပ်ကိုင်နေပေမယ့် အမှန်တကယ် စိုက်ပျိုးနိုင်မှု နည်းပါးနေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး မြေအသုံးချမှု စာရင်းချုပ်မှာ ဖော်ပြခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ ဆီအုန်းစိုက်ပျိုးဖို့ ခွင့်ပြုခဲ့တာက ဧက ၉၉၂၉၀၂ ရှိပါတယ်။ ဒါပေမဲ့ အမှန်တကယ် စိုက်ပျိုးနိုင်တဲ့ ဧကပေါင်းကတော့ ၃၅၁၁၂၇ ဧကသာ စိုက်ပျိုးနိုင်ပြီး အမှန်တကယ် စိုက်ပျိုးနိုင်မှုကို ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ၃၅ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိပါတယ်။ အမှန်တကယ် စိုက်ပျိုးနိုင်မှုမရှိဘဲ ဆီအုန်းစိုက်ပျိုးဖို့ဆိုပြီး မြေလက်ဝါးကြီး အုပ်ယူထားတာကတော့ ဧကပေါင်း ၆၄၁၇၇၅ ဧကအထိ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုလုပ်နေတဲ့ အခြေအနေတွေအတွက် လာမယ့်ဦးထင်ကျော် အစိုးရအနေနဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရယ် လက်ရှိပြင်ဆင်ဖွဲ့စည်းထားတဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရယ် ပူးပေါင်းလုပ်ဆောင်ဖို့ လိုမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။
“သစ်တောထွက်ပစ္စည်းတွေ ထုတ်ယူတာ၊ သစ်တောဧရိယာတွေကို စိုက်ပျိုးရေးအတွက် သုံးတာ၊ စီးပွားရေးစိုက်ခင်းတွေကို အကြီးအကျယ်လုပ်တာနဲ့ ဆည်တွေဆောက်တဲ့အခါမှာ သစ်တောတွေ ခုတ်တာမျိုးတွေက သစ်တောပြုန်းတီးမှုကို ဖြစ်စေခဲ့တယ်။ လက်ရှိ သစ်တွေကျန်တာက စစ်ကိုင်းတို့၊ ရှမ်းတို့ တနင်္သရီတို့မှာပဲ သစ်တောကောင်းတွေ ကျန်တော့တယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဒေသတွေမှာပဲ အဓိက ကျန်တော့တယ်။ အနာသိမှ ဆေးရှိတယ်။ သစ်တောထွက်ပစ္စည်းတွေ ထုတ်ယူရာမှာ စနစ်တကျ ဆောင်ရွက်ဖို့လိုတယ်”လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။
သစ်ထုတ်လုပ်ရာမှာဆိုရင် သစ်တောဝန်ထမ်းတွေဟာ ခရိုနီတွေနဲ့ မြန်မာ့သစ်လုပ်ငန်းက ဝန်ထမ်းအကြီးအကဲတွေကို ကြောက်ရွံနေရတဲ့ အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ စစ်အစိုးရလက်ထက်မှာ သယံဇာတတွေနဲ့သာ ရပ်တည်ခဲ့လို့ သစ်တွေ မထုတ် မနေရထုတ်ခိုင်းခဲ့ပြီး လက်ရှိ အခြေအနေကတော့ စစ်အာဏာရှင်တွေလည်း မရှိတော့ပြီ မို့ ဒီအခြေအနေကို ပြင်ဆင်ရမယ်လို့  Oliver Springate-Baginski က အကြံပြုပါတယ်။
အလားတူပဲ မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်ဖို့အတွက် လာဘ်ပေးလာဘ်ယူမှုတွေကို လေ့လာကြည့်မယ်ဆိုရင် ပုံစံမျိုးစုံနဲ့တွေ့ရတယ်လို့  Oliver Springate-Baginski က ဆိုပါတယ်။ ဥပမာအားဖြင့် သစ်ထုတ်လုပ်ခွင့်ရဖို့ အတွက် လာဘ်ပေးရတာ၊ တရုတ်နိုင်ငံကို နယ်စပ်ကတစ်ဆင့် သယ်ဆောင်ရာမှာ အကာအကွယ်ရဖို့အတွက် အစိုးရလက်နက်ကိုင်တွေကို ငွေအမြောက်အမြားပေးရတာနဲ့ ဖမ်းမိသစ်တွေကို လေလံပေးရာမှာ သတ်မှတ် ပေါက်ဈေးထက် လျော့နည်းတဲ့ဈေးနဲ့ သစ်လေလံရဖို့အတွက် တာဝန်ရှိသူတွေကို လာဘ်ပေးရတာ စတဲ့ပုံစံမျိုးစုံနဲ့ တွေ့ရမှာဖြစ်သလို တရားဝင်ထုတ်ခွင့်ရတဲ့ သစ်တွေနဲ့ထုတ် ခွင့်မရတဲ့ သစ်တွေကိုရောထုတ်ဖို့ လာဘ်ပေးရတာတွေနဲ့ အိမ်သုံးသစ်ထုတ်လုပ်မှုတွေကို ကန့်သတ်ထားတဲ့အတွက် အိမ်သုံးသစ်ထုတ်လုပ်ဖို့ လာဘ်ပေးရတာစတဲ့ လာဘ်ပေးမှု ပေါင်းစုံကိုတွေ့ရမှာဖြစ်ပြီး ဒီအခြေအနေတွေကို ကျော်လွှားပြင်ဆင်နိုင်ဖို့ လိုတယ်လို့  Oliver Springate-Baginski က အကြံပြုပါတယ်။
ဒါ့အပြင် ခရိုနီတွေအနေနဲ့ သစ်ထုတ်လုပ်မှုတွေကို တရားဝင်စာရင်းပြလေ့မရှိဘဲ နည်းမျိုးစုံနဲ့ အခွန်ရှောင်မှု ပြုလုပ်ခဲ့တယ်လို့လည်း  Oliver Springate-Baginski ကဆိုပါတယ်။ ဒီလို သစ်ထုတ်လုပ်မှုတွေအတွက် အခွန်ရှောင်ခဲ့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက်တော့ လက်ရှိလွှတ်တော်မှာ သစ်ထုတ်လုပ်ခဲ့သူတွေရဲ့ အခွန်ရှောင်မှုတွေကို တင်ပြသွားမယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။
“အစိုးရက သစ်ထုတ်လုပ်ဖို့ ပိုက်ဆံမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ပုဂ္ဂလိကကို သစ်ထုတ်ခွင့်နဲ့ သစ်သယ်ခွင့်ပေးလိုက်တယ်။ ဒီလိုပေးလိုက်တဲ့ သစ်တွေကို တစ်တန်သယ်ခ ပေါ်မှာမူတည်ပြီး သစ်ထုတ်ခ ကျသင့်ငွေကို တန်ဖိုးအတိုင်းမပေးဘဲ ထုတ်ထားတဲ့သစ်တွေကို ပေးလိုက်တယ်။ အဲဒီလိုပေးလိုက်တဲ့သစ် တွေက စာရင်းမရှိဘူး။ သစ်တွေရသွားတဲ့ လုပ်ငန်းရှင်က သစ်အချောထည်လုပ်သူတွေ၊ နိုင်ငံခြားတင်ပို့သူတွေကို ပြန်ရောင်းတယ်။ ပိုင်ရှင်လက်ပြောင်းသွားတယ်။  အဲဒီလို သစ်တွေကို မြန်မာ့သစ်လုပ်ငန်းက အမြတ်တင် ရောင်းတာမပါဘဲ သူဖြတ်လိုက်တဲ့ တန်ဖိုးနဲ့ပဲ စာရင်းပြန်မှတ်ပေးတယ်။ ဥပမာ သစ်တစ်တန်ကို မြန်မာ့သစ်လုပ်ငန်းက ပိုင်ရှင်အေကို ဒေါ်လာ ၆၀၀ နဲ့ရောင်းတယ်။ ပိုင်ရှင်အေက ပိုင်ရှင်ဘီကို ဒေါ်လာ ၁၀၀၀ နဲ့ လက်လွှဲ ရောင်းတယ်။ ဒါပေမဲ့ မြန်မာ့သစ်လုပ်ငန်းက ပိုင်ရှင်ဘီကို အဲဒီသူပေးခဲ့တဲ့ ၆၀၀ နဲ့ပဲ အမည် ပြောင်းပေးလိုက်တယ်။ အဲဒီတော့ အေသည် ဒေါ်လာ ၄၀၀ မြတ်သွားတယ်။ အခွန်မှာ ရှာမရဘူး။ အေကနေ ဘီ ၊ ဘီကနေ စီ၊ စီကနေ ဒီအထိ အဆင့်ဆင့် အမြတ်တင်ရောင်းတယ်။ ဒေါ်လာ ၁၀၀၀ ကနေ ၁၂၀၀ ဖြစ်သွားတယ်။ မြန်မာ့သစ်လုပ်ငန်းကတော့ ၆၀၀ နဲ့ပဲ ဆက်ပြီး အမည်ပြောင်းပေးတယ်။ တိုင်းပြည်က နစ်နာခဲ့တယ်။ တစ်နှစ်တစ်နှစ်ကို ကျွန်းသစ်တန်ချိန် ပေါင်းသုံးသိန်း၊ သစ်မာတန်ချိန်ပေါင်း သန်း ၂၀ ထုတ်ခဲ့တဲ့ နိုင်ငံရဲ့အခွန် အနှစ် ၂၀ စာ တိုင်းပြည်က နစ်နာသွားတယ်။ ဥပဒေအရ ပြန်လေ့လာလို့ရရင် လာမယ့်လွှတ်တော်မှာ ကျွန်တော်တို့ ပြန်တင်ဖို့ လုပ်ထားတယ်” လို့ ဦးအေးလွင်က ဆိုပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက သစ်တွေ အလွန်အကျွံခိုးထုတ်ခဲ့ပေမယ့် ကမ္ဘာ့သစ်တောြ ပန်လည်ဖုံးလွှမ်းမှု မြင့်တက်သည့် နိုင်ငံများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့သစ်တော အများဆုံး ပြုန်းတီးနေသည့် နိုင်ငံများစာရင်းမှာ ကမ္ဘာ့သစ်တောပြုန်းတီးမှု အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အစိုးရသစ်အနေနဲ့ ဆန်းစစ်မှုတွေ ပြုလုပ်ရမှာဖြစ်သလို တရားမဝင် သစ်ထုတ် လုပ်မှုတွေ လျှော့ချနိုင်ဖို့အတွက် ပြည်သူအား လုံးပါဝင်တဲ့ မူဝါဒအသစ်တစ်ခုကိုလည်း ရားဝင်ခွင့်ပြုပေးသွားဖို့လိုမယ်လို့ ဦးဝင်းမျိုးသူက အကြံပြုပါတယ်။
“သစ်တောပြုန်းတီးမှုတွေနဲ့ ပတ်သက်ရင် အားလုံးမှာတာဝန်ရှိတယ်။ အဓိက တာဝန်ရှိတာကတော့ ခေါင်ကပဲ။ ခေါင်ကမလုံရင် တံစက်မြိတ်လည်း မလုံဘူးလေ။ သစ် တောထိန်းသိမ်းရမယ့်ဌာနတွေကိုက မလုံတော့ ပြုန်းတီးကုန်တာပေါ့။ သစ်တောထိန်းသိမ်းမှုဖြစ်လာအောင် နိုင်ငံတော်က ပံ့ပိုးတာနဲ့ ဥပဒေအရ ထိန်းသိမ်းတာတွေ လုပ်ရမယ်”လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။