အစိုးရသစ် လက်ထက် မြန်မာ့ စီးပွားရေး ပဟေဠိ

အစိုးရသစ် လက်ထက် မြန်မာ့ စီးပွားရေး ပဟေဠိ
Published 4 April 2016
နီလာ

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ  ထင်သာ မြင်သာ ရှိသော ပြောင်းလဲမှုများနှင့် စနစ်ကျနသော ပြုပြင်ပြောင်းလဲမှု အစီအမံများကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာမည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်း ထုတ်ပြန်ထားသည်။ 
■ စီးပွားရေး အလားအလာ၂၀၁၆ ဘဏ္ဍာနှစ်တွင် တိုင်းပြည်၏ ဂျီဒီပီ၏ စီးပွား တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းခန့်အထိ ရှိမည်ဟု ADB က ခန့်မှန်းထားသည်။ အဆိုပါ တိုးတက်မှုနှုန်းသည် ၂၀၁၇ ခုနှစ်အထိ ဆက်ရှိနိုင်သည်ဟုလည်း ဆိုသည်။“ဒီနှစ်က မြန်မာပြည်အတွက် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ နှစ်တစ်နှစ်ပါ။ မြန်မာပြည် အထက်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲလည်း ကျင်းပနိုင်ခဲ့တယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဒါတွေက မြန်မာနိုင်ငံကို အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြီးတော့ ဒေသအနေနဲ့ ကြည့်ရင်လည်း ဒေသမှာ စားသောက်ကုန် ပစ္စည်းတွေ ဈေးအတက်အကျ ရှိတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စီးပွားရေး တိုးတက်မှု ဆုတ်ယုတ်မှုနှုန်းတွေက မြန်မာနိုင်ငံကို ရိုက်ခတ်မှု ရှိတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်” ဟု ADB ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဗင်းဖရက်ဗစ်ကလိုင်းက ပြောကြားသည်။အိမ်နီးချင်း တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာခြင်းနှင့် နိုင်ငံတွင်း ဆိုးရွားသော ရေကြီးမှုများနှင့် မြေပြိုမှုများသည် စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်ခဲ့သည့်အတွက် စီးပွားရေး တိုးတက်မှုမှာ၂၀၁၅ ခုနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ရေကြီးမှုကြောင့် စိုက်ပျိုးနိုင်သော လယ်မြေဧက ငါးပုံတစ်ပုံ ပျက်စီးခဲ့သည့်အပြင် လူ ၁၃၂ ဦး သေဆုံးခဲ့ပြီး လူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော် နေရာရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ ငွေကြေးအားဖြင့် ဂျီဒီပီ၏ သုံးရာခိုင်နှုန်းခန့်ဖြစ်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့် ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းထားသည်။ ဂျီဒီပီ၏ ရာခိုင်နှုန်း ၃၀ ကို ရှာဖွေပေးနေသည့် လူဦးရေ ရာခိုင်နှုန်း ၆၀ ကျော်ကို အလုပ်အကိုင် ပေးနေသော စိုက်ပျိုးရေး ကဏ္ဍတွင် ကြီးမားသည့် ထိခိုက်နစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည်။မြန်မာနိုင်ငံအတွင်း ဆိုးရွားသော ရေကြီးမှု ရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ စီးပွားရေး တိုးတက်မှုမှာ ဆက်လက် အားကောင်းခဲ့သည်။ ယခု လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးကဏ္ဍ ပြန်လည် အားကောင်းလာနိုင်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာနိုင်မှုနှင့်အတူ တိုင်းပြည်စီးပွားရေး တိုးတက်နှုန်း အရှိန်ရလာမည်ကို ခန့်မှန်းနိုင်သည်ဟု ADB က ဆိုသည်။ 
■ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ရဲ့ စီးပွားရေး သက်ရောက်မှု“ဒေသတွင်း နိုင်ငံတွေရဲ့ အခြေအနေကို ကြည့်ရင် စီးပွားရေး တိုးတက်မှုနှုန်းက ဒီလောက် အကောင်းကြီးကို သိပ်ပြီးကောင်းတာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင်။ ဥပမာ-၂၀၁၄ ခုနှစ်မှာ ၆ ဒသမ ၃ ရှိရာက ၅ ဒသမ ၉ ကို ရောက်သွားတယ်။ ခန့်မှန်းထားတာက နည်းနည်း လျော့လာတယ်။ အဓိက အကြောင်းရင်း သုံးချက် ရှိတယ်။ တစ်အချက်က တရုတ်နိုင်ငံရဲ့ စီးပွားရေးက ကျဆင်းလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း အဲဒါကို ကျားကန်ပေးတဲ့ အချက် နှစ်ချက် ရှိတယ်။ အာဆီယံ စီးပွားရေးက ကောင်းလာတဲ့ အခြေအနေမှာ ရှိတယ်။ နောက်ပြီး အိန္ဒိယရဲ့ စီးပွားရေး အခြေအနေကလည်း တိုးတက်လာတဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ် ပီတာဘရင်းဘယ်လ်က ပြောကြားသည်။တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းလာခြင်းက ဒေသတွင်းနိုင်ငံများသို့ ရိုက်ခတ်လာနိုင်မှုနှင့် ပတ်သက်ပြီး “အထူးသဖြင့် မြန်မာနိုင်ငံ အနေနဲ့ ဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက မြန်မာက တရုတ်နိုင်ငံ အပေါ်မှာ  မှီခိုပြီးတော့ အများကြီး ဆောင်ရွက်နေတယ်။ အထူးသဖြင့် ကုန်သွယ်ရေးမှာ အခြား ကဏ္ဍတွေထက် အများကြီး လုပ်နေတော့ ဘယ်လောက် တိတိကျကျ လုပ်နေလဲ ပြောလို့ မရပေမယ့် အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် တရုတ်နဲ့ အများကြီး နီးစပ်နေတော့ နည်းနည်း သတိထားရမယ့် အခြေအနေမှာ ရှိနေတယ်။ အထူးသဖြင့် တရုတ်နဲ့ ကုန်သွယ်တဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း အရောင်းအဝယ်ပေါ့။ တရားဝင်အားဖြင့် ဘယ်လောက်ဆိုတာ တိတိကျကျ ပြောလို့ မရပေမယ့် စဉ်းစားစရာတွေ အများကြီး ရှိလာလိမ့်မယ်။ ငွေရေးကြေးရေးမှာတော့ တရားဝင်နဲ့ တရားမဝင် ဆိုတာ ခွဲခြားရခက်တော့ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ သို့သော်လည်း သေချာတာ တစ်ခုကတော့ ကုန်သွယ်ရေးပိုင်းမှာ တရုတ်နိုင်ငံက စီးပွားရေး ကျဆင်းတာဟာ မြန်မာနိုင်ငံ အပေါ်မှာ အများကြီး သက်ရောက်မှု ရှိလာပါတယ်” ဟု ပီတာဘရင်းဘယ်လ်က  ဆက်လက် ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်သွယ်ရေး အခြေအနေမှာမူ တရုတ်နှင့် ယှဉ်လျှင် ကွာခြားမှု အချို့ ရှိနေသည်။ အဓိကအားဖြင့် အိန္ဒိယ၏ စီးပွားရေး ဂျီဒီပီ၏ ခုနစ်ရာခိုင်နှုန်းသာ တိုးတက်လျက်ရှိသည်။ သို့သော် မြန်မာနှင့် အိန္ဒိယ၏ ကုန်သွယ်မှု ဆက်ဆံရေးကို ကြည့်ပါက လောလောဆယ်တွင် တရားဝင် လေးရာခိုင်နှုန်းခန့်သာ ရှိပြီး ယခင်နှစ်များက ခုနစ်ရာခိုင်နှုန်းခန့် ရှိခဲ့သဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကျဆင်းသွားပြီး လတ်တလောတွင် ကုန်သွယ်မှု ဆက်ဆံရေး အခြေအနေကောင်းများ နည်းပါးနေသေးသည်။အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးများ ပိုမိုအားကောင်းအောင် လုပ်ဆောင်မှုသည် စီးပွားရေး တိုးတက်မှု၏ အဓိက သော့ချက်တစ်ခု ဖြစ်သည်။ မြန်မာ့ စီးပွားရေး တိုးတက်မှုကို အဟန့်အတား ဖြစ်စေသော တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် သဘာဝဓာတ်ငွေ့နှင့် စားသုံးကုန် ပစ္စည်းများ ဈေးကျဆင်းလာခြင်းတို့ကို အိမ်နီးချင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုများက တစ်စိတ်တစ်ပိုင်း ထေပေးခဲ့ကြောင်း ADB ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ 
■ အာဆီယံမှာ မြန်မာ၏ တိုးလာမှု အလားအလာ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကို လေ့လာကြည့်ပါက အာဆီယံ ဒေသတွင်း မြန်မာနိုင်ငံသည် အားတက်စရာ အကောင်းဆုံးနှင့် တိုးတက်ရန် အလားအလာ အကောင်းဆုံး အနေအထားတွင် ရှိနေသည်ဟုလည်း သိရသည်။“အာဆီယံဒေသရဲ့ တိုးတက်မှုနှုန်းက  ၄ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ထိုင်းဆိုလည်း ၃ ပဲရှိတယ်။ စင်ကာပူဆိုလည်း ၂ ပဲ ရှိတယ်။ အားလုံးရဲ့ တိုးတက်မှုကို နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရဲ့ တိုးတက်မှုက ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံဒေသမှာ အမြင့်ဆုံးမှာ ဖြစ်နေတယ်။ ဒါက မြန်မာနိုင်ငံအတွက် အားတက်စရာ ဖြစ်နေတယ်” ဟု ပီတာဘရင်းဘယ်လ်က သုံးသပ် ပြောကြားသည်။မြန်မာ့စီးပွားရေး ကဏ္ဍတွင် ၂၀၁၆ ခုနှစ်အတွင်း တိုးတက်လာနိုင်မည့် အလားအလာရှိသည့် ကဏ္ဍများမှာ ခရီးသွား လုပ်ငန်းများနှင့် အထည်ချုပ် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။သို့သော် ၂၀၁၆ ခုနှစ်တွင် အာဏာလွှဲပြောင်းရယူမည့် အစိုးရသစ် အနေဖြင့် မြင့်မားသည့် ငွေကြေးဖောင်းပွမှု၊ ဘတ်ဂျက်ဆိုင်ရာ ဘဏ္ဍာငွေ လိုငွေပြမှုနှင့် ပြင်ပချေးငွေ များပြားလာမှုတို့ အပါအဝင် ရေတိုစိန်ခေါ်မှု များစွာကို ရင်ဆိုင်ရမည်ဟုလည်း ADB က ခန့်မှန်းထားသည်။ 
■ ပြည်တွင်းငွေလဲနှုန်း အခြေအနေယခု ရက်ပိုင်းအဖြစ် ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာငွေလဲနှုန်း အခြေအနေများကို လေ့လာကြည့်ပါက မတ်လ ဒုတိယပတ် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ခုနစ်ကျပ်ဝန်းကျင် မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာလျှင် ၁၂၁၃ ကျပ် ဝန်းကျင် ရှိခဲ့သည်။ ဧပြီ ၁ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ် ဝန်းကျင်သို့ ဆက်တိုက် ကျဆင်းလာခဲ့သည်။ ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ် ၃၀ ရက်မှစ၍ သိသာစွာ ကျဆင်းလာခဲ့ခြင်း ဖြစ်ပြီး မတ် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ်မှ ဧပြီ ၁ ရက်တွင် ၁၁၉၆ ကျပ်သို့ သုံးရက်အတွင်း ၁၀ ကျပ်ဝန်းကျင် ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက် ကသောင်းကနင်း ဖြစ်မှုများနှင့် တရုတ်နိုင်ငံ ဈေးကွက် မတည်ငြိမ်မှုများကြောင့် မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်း လျော့ပါးလာသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။  ရုတ်တရက် ပြောင်းလဲသွားသော ငွေလဲနှုန်းကို တည်ငြိမ်ရန် တိုက်ရိုက် စီမံခန့်ခွဲမှု နည်းဖြင့်သော် လည်းကောင်း၊ အစိုးရဈေးနှုန်း သတ်မှတ်ပေးခြင်းဖြင့် လည်းကောင်း ဖြေရှင်းရန် ဆောင်ရွက်ခဲ့သော်လည်း ဗဟိုဘဏ်၏ နိုင်ငံခြားရန်ပုံငွေ ထိပါးမှုကို ဖြစ်ပေါ်စေသဖြင့် ရပ်ဆိုင်းခဲ့ရကြောင်း၊ ထို့နောက် ဈေးကွက်နှုန်းအတိုင်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရာ ငွေလဲနှုန်းသည် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်တည်ငြိမ်လာခဲ့ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး၏ စာတမ်းတွင် ဖော်ပြထားသည်။ 
■ ငွေကြေး ဖောင်းပွမှု အခြေအနေငွေကြေး ဖောင်းပွမှုမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ၁၆ ဒသမ၂ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။ ၂၀၁၅ ဘဏ္ဍာနှစ်၏ ပျှမ်းမျှ ငွေကြေးဖောင်းပွမှုမှာ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိ ဘဏ္ဍာငွေစာရင်း လိုငွေပြမှု များပြားလာသည့် ဂယက်ကြောင့် မြန်မာကျပ်ငွေ တန်ဖိုးသည် ခိုင်မာနေသည့် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ် ငွေလဲမှုတွင် ၂၀၁၄ ခုနှစ် ဧပြီမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီအတွင်း ၂၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ပုဂ္ဂလိက ဈေးကွက်အတွက် ချေးငွေ ရောက်ရှိမှုမှာ လျင်မြန်စွာ တိုးတက်လာပြီး နှစ်စဉ် ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လျက် ရှိသည်။ ထို့အတူ ငွေကြေး ပါဝင် လည်ပတ်မှုမှာ ၁၇ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ယင်းအချက်များကြောင့် ငွေကြေးဖောင်းပွမှုကို ပိုမို တွန်းအားပေးနေသည်ဟု ADB က ဆိုသည်။အလားတူ ရွေးကောက်ပွဲနှစ်အတွင်း အစိုးရသုံးငွေ ပိုမို များပြားလာခြင်းကြောင့် ဘဏ္ဍာရေးဘတ်ဂျက် လိုငွေပြမှုများ ကျယ်ပြန့်လာကြောင်း၊ ၂၀၁၅ ခုနှစ်၏ လိုငွေပြမှုသည် တိုင်းပြည်ဂျီဒီပီ၏ ၄ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းသာ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် အစိုးရ ငွေတိုက်စာချုပ်များ လေလံတင် ရောင်းဝယ်ခြင်းကို မိတ်ဆက်ခဲ့သဖြင့် ဘဏ္ဍာရေး လိုငွေပြမှု ပြဿနာကို ဖြေရှင်းရာတွင် နည်းလမ်းများ ပေါ်လာခဲ့သည်။ သို့သော် လိုအပ်သည့် တိုင်းပြည်ဘဏ္ဍာရေး လိုငွေပြမှု အခြေအနေကို ဖြေရှင်း လုပ်ဆောင်နိုင်ရန်မှာ အစိုးရ ငွေတိုက်စာချုပ်များ လေလံတင် ရောင်းဝယ်ခြင်းကို အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်မည်ဟု ADB က သုံးသပ်ထားသည်။ ထိုသို့ ငွေတိုက်စာချုပ် လုပ်ငန်းများ အပြည့်အ၀ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက အစိုးရနှင့် ဗဟိုဘဏ်ကြား ချေးငွေရောင်းချခြင်း ဖြစ်လာပြီး ငွေသား ရိုက်ထုတ်မှု လျှော့ချနိုင်မည် ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းချုပ်လာနိုင်မည်ဟု ADB က သုံးသပ်ထားသည်။ 
■ ပြည်ပ ချေးငွေပြည်ပ ချေးငွေနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ်တွင် ၉ ဒသမ ၇ ဘီလျံထိ ရှိပြီး ဂျီဒီပီ၏ ၁၄ ဒသမ ၇ရာခိုင်နှုန်းနှင့် ညီမျှသည်။ ၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ ဘီလျံရှိပြီး တိုင်းပြည် ဂျီဒီပီ၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ ပြည်ပချေးငွေ အများစုမှာ အထူး သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးသည့် ချေးငွေများ ဖြစ်ခြင်းကြောင့် ချေးငွေ ပြဿနာ ကျရောက်နိုင်သည့် အန္တရာယ် အနည်းငယ် အဆင့်သာ သတ်မှတ်ထားကြောင်းနှင့် အစိုးရ အနေဖြင့်လည်း အတိုးကြီး ချေးငွေများကို ဖြတ်တောက်နေကြောင်း သိရသည်။ 
■ ကုန်သွယ်မှု လိုငွေ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကုန်ဆုံးမီ တစ်ပတ် အလိုတွင် ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၇ ဘီလျံနီးပါး ရှိလာပြီး ဦးသိန်းစိန် အစိုးရ၏ နောက်ဆုံး သက်တမ်းတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။မတ်လ ၂၅ ရက်အထိ စာရင်းများအရ စုစုပေါင်း ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၆၉၁၂ သန်းကျော် ရှိပြီး ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ သန်း ၁၀၇၇၀ ကျော်ရှိကာ သွင်းကုန်တင်သွင်းမှု ပမာဏ ဒေါ်လာ ၁၆၁၄၂ သန်းကျော် ရှိခဲ့သည်။ ယခင်နှစ် ကာလတူထက် ပို့ကုန် တင်ပို့မှုတွင် ဒေါ်လာ ၁၁၅၇ သန်းကျော် လျော့နည်းခဲ့ပြီး သွင်းကုန် တင်သွင်းမှုတွင်လည်း ဒေါ်လာ ၁၅၇ သန်းကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။ 
■ အစိုးရသစ်အတွက် စိန်ခေါ်မှု၂၀၁၁ ခုနှစ်မှ စ၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း အစိုးရသစ် အနေဖြင့် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ ထိုစိန်ခေါ်မှုများထဲမှ အရေးကြီးသည့် အချက်တစ်ခုမှာ ပဋိပက္ခ ဖြစ်ပေါ်နေသော ဒေသများ အပါအဝင် တိုင်းပြည် စီးပွားရေး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် ဖြစ်သည်။ အခြားတစ်ခုမှ စီးပွားရေး အဆောက်အအုံ ကဏ္ဍနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ထိရောက်စွာ ရင်းနှီးမြှုပ်နှံရန်ဖြစ်သည်။စီးပွားရေး အလားအလာအား ထိခိုက်နိုင်ခြေသည် ပြင်ပနှင့် ဘဏ္ဍာရေးဆိုင်ရာ အခုအခံ ပါးလွှာခြင်း၊ အစိုးရ အနေဖြင့် ပြုပြင် ပြောင်းလဲမှု အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်မည့် စွမ်းဆောင်ရည်၊ တိုင်းရင်းသား လူမျိုးစုနှင့် အုပ်စုကွဲများအကြား တင်းမာမှုများနှင့် ရာသီဥတု ဘေးအန္တရာယ်တို့ ပါဝင်သည်ဟု ဆိုသည်။၂၀၁၆ ခုနှစ် ဧပြီလတွင် အာဏာ လွှဲပြောင်းရယူမည့် အစိုးရသစ် အနေဖြင့်လည်း ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ဖော်ဆောင်မည်ဖြစ်ပြီး ယင်းအာမခံချက်သည် မြန်မာနိုင်ငံ၏ နှစ်စဉ် စီးပွားတိုးတက်နှုန်း ရှစ်ရာခိုင်နှုန်း ရရှိနိုင်စေရန် အလွန်အရေးကြီးကြောင်း သိရသည်။အစိုးရသစ် အနေဖြင့် ပိုမို ပွင့်လင်းမြင်သာမှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ကြိုးနီစနစ် လျှော့ချခြင်း၊ ပညာရေးစနစ် ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲလာခြင်းနှင့် ထိရောက်သည့် အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပေးအပ်ခြင်းတို့ကို ပိုမို လုပ်ဆောင်ဖွယ် ရှိကြောင်း၊ အစိုးရသစ်၏ အဓိက အာရုံစိုက်မှုမှာ အလုပ်အကိုင် ဖန်တီးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်နိုင်သည်ဟု ADB ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။