စီးပွားဖြစ် မဏ္ဍပ်တွေ မရှိတော့တဲ့ ရန်ကုန်သင်္ကြန် ဂယက်များ

စီးပွားဖြစ် မဏ္ဍပ်တွေ မရှိတော့တဲ့ ရန်ကုန်သင်္ကြန် ဂယက်များ
Published 4 April 2016
ဆန်းမိုးထွန်း

ဒီနှစ် သင်္ကြန်ဟာ အစိုးရသစ်ရဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ပြည်သူတွေကြားမှာ ဆူညံ ပွက်လော ရိုက်ခဲ့ပါတယ်။ ဒီလို ဝေဖန်တဲ့ အထဲမှာ ကောင်းတဲ့ဘက်က ကြိုဆိုတဲ့သူ ရှိသလို မကောင်းတဲ့ ဘက်ကနေ ဝေဖန်တဲ့ သူတွေလည်း ရှိပါတယ်။ ဝေဖန်တဲ့ သူတွေကို ကြည့်ရင် လူငယ်အများစု ဖြစ်နေတာကို တွေ့ရပြီး စီးပွားဖြစ် မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် မပေးတဲ့ အပေါ်မှာ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေ၊ ဌာနမှူးတွေ မတ် ၃၁ ရက်က တွေ့ဆုံခဲ့ပြီး သင်္ကြန်ကိစ္စနဲ့ တခြား ကိစ္စများ ဆွေးနွေးခဲ့ကြရာမှာ စီးပွားဖြစ် ဆောင်ရွက်နေတဲ့ ကန်ပတ်လမ်းမှာ ဆောက်မယ့် မဏ္ဍပ် ကိစ္စတွေကို ခွင့်မပြုတော့ တာတွေ၊ စီးပွားဖြစ် မဟုတ်တဲ့ ကုမ္ပဏီတွေက မိမိရုံးရှေ့မှာ ဝန်ထမ်းတွေ ရေကစားနိုင်အောင် မဏ္ဍပ်ဆောက်ခွင့် ရမှာတွေ၊ မိမိတို့ ခြံရှေ့မှာ မိသားစုမဏ္ဍပ် ဆောက်ခွင့်ရမှာတွေအပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကိုလည်း သီးခြား မလုပ်တော့တာတွေ၊ မြို့တော်ဝန် မဏ္ဍပ်ဆိုပြီး အမည် မတပ်ဘဲ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်လို့ အမည်ပေးပြီး မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ဒီသတင်း ထွက်ပေါ်လာပြီး နောက်ပိုင်း ဝေဖန်မှုတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်တင်တဲ့ ပို့စ်အောက်မှာ ဝေဖန်မှုတွေ များခဲ့ပြီး ဒီလို လုပ်ဆောင်မှုအပေါ် ပြင်းပြင်းထန်ထန် မှတ်ချက်ပေးသူတွေတောင် ရှိခဲ့ပါတယ်။ရန်ကုန်သင်္ကြန်အတွက် အရင်အစိုးရက နှစ်စဉ် စည်ကားနေတဲ့ လမ်းတွေဖြစ်တဲ့ ကမ္ဘာအေး စေတီလမ်းမှာ မဏ္ဍပ်ကိုးခု၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မဏ္ဍပ်ကိုးခု အပါအဝင် စက်မှု (၁) လမ်း၊ ပါရမီလမ်း၊ ဆရာစံလမ်း စတာတွေမှာ ၂၃ ခု ဆောက်လုပ်ခွင့် ပြုမယ်လို့ လျာထားပြီး အစိုးရသစ်ကို လွှဲပြောင်းပေးခဲ့တာပါ။ဒီလို အစိုးရဟောင်းက မဏ္ဍပ်နေရာတွေ သတ်မှတ်ပေးခဲ့တဲ့အတွက် အရင်ကလို ပါမစ်ရမယ်ထင်ပြီး မဏ္ဍပ် လက်မှတ်တွေကို ရောင်းချမှုတွေ ရှိလာပါတယ်။ အွန်လိုင်းကနေ ရောင်းချမှုတွေ ရှိသလို နီးစပ်ရာ ရောင်းချမှုတွေ ပါရှိလာပါတယ်။ တချို့လူတွေက လက်မှတ်တွေကို ကြိုတင်ဝယ်တာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မတ်လအတွင်း လက်မှတ်ဝယ်ယူရင် သက်သာတဲ့ ဈေးနှုန်းနဲ့ ရရှိတဲ့ အတွက်ကြောင့် ကြိုတင် ဝယ်ယူသူတွေကလည်း ဝယ်ကြပါတယ်။ဒီလို လက်မှတ်တွေ ဝယ်ပြီးခါမှ အစိုးရသစ်က စီးပွားဖြစ် မဏ္ဍပ်တွေကို ခွင့်မပြုတော့ဘူး ဆိုတဲ့အတွက် လက်မှတ် ကြိုတင် ဝယ်ယူထားသူတွေ အနေနဲ့ အခက်တွေ့နေကြပါတယ်။ဒါနဲ့ ပတ်သက်လို့ မူဝါဒ ချမှတ်တဲ့ အစိုးရသစ် အနေနဲ့ ဘယ်လို တာဝန်ယူမှုတွေ လုပ်ပေးမလဲ ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ မေးခွန်းထုတ်လာတာတွေလည်း ရှိပါတယ်။  “ပါမစ် မရသေးဘဲနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သဘောတူညီချက်တွေ လုပ်ကြတာပါ။ သင်္ကြန်ပြုလုပ်ရေး ကော်မတီနဲ့ မသက်ဆိုင်ပါဘူး။ ပါမစ် မရသေးဘဲနဲ့ လက်မှတ်တွေ ဝယ်တယ်ဆိုတာက ခေတ်ပြောင်း စနစ်ပြောင်းသွားပြီဆိုတဲ့ ဟာကို နားလည်ဖို့ လိုအပ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုပါတယ်။လတ်တလော သင်္ကြန်မဏ္ဍပ် လက်မှတ်ရောင်းချနေမှုများနှင့် ပတ်သက်လို့ ပြည်သူများ ဂရုစိုက်ကြဖို့နဲ့ မိမိတို့ ဆောင်ရွက်နေသော သတင်းတွေကို စောင့်ကြည့် နားထောင်ကြစေ လိုတယ်လို့ ဧပြီ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အပြီးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတိပေးခဲ့ပါတယ်။“အများပြည်သူ အနေနဲ့ ဂရုစိုက်ကြပါ။ လက်မှတ်တွေဝယ်ပြီး နောက်မှ မဏ္ဍပ်လုပ်လို့ မရတော့ဘူးဆိုပြီး လက်မှတ်ရောင်းထားတဲ့ လူတွေက ပိုက်ဆံ ပြန်မပေးလို့ အမှုအခင်းတွေ ဖြစ်တာမျိုးတွေ ကျွန်တော်တိ့ု မဖြစ်စေချင်ဘူး။ လုပ်ခွင့် မရတဲ့ မဏ္ဍပ်က လက်မှတ်ကို သွားဝယ်မိရင် ပိုက်ဆံပြန်တောင်းဖို့ အခက်အခဲ ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေ၊ သတင်းတွေ နားထောင်ပြီးမှ ကိုယ့်အနေနဲ့ သင်္ကြန်မှာ ဘယ်လိုဆောင်ရွက်မယ်၊ ဖြတ်သန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်စေချင်ပါတယ်။ လူငယ်တွေဟာ မြန်မာသင်္ကြန်မှာ မြန်မာရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့ ထုံးတမ်းတွေနဲ့ သင်္ကြန်ကို ဖြတ်သန်းဖို့အတွက် သူတို့ရဲ့ ပြင်ဆင်မှုလေးတွေကို စနစ်တကျ လုပ်စေချင်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။လက်ရှိ အချိန်မှာ စီးပွားဖြစ် လုပ်ကိုင်မယ့် မဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ဘဲ လူအများနဲ့ ဆိုင်တဲ့ နေရာထဲမှာ ချပေးမယ့် မဏ္ဍပ် နှစ်ခုသာ ရှိပြီး ဒီမဏ္ဍပ် နှစ်ခုကိုလည်း စိစစ်နေဆဲ ဖြစ်တဲ့အပြင် ကန်တော်ကြီး ပတ်လမ်းမှာ ချပေးမယ့် မဏ္ဍပ်တွေ အခုအချိန်ထိ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။“လာမယ့် သင်္ကြန်ကို စီးပွားဖြစ် လုပ်နေတဲ့ သင်္ကြန် ပုံစံမျိုးကနေ ရိုးရာယဉ်ကျေးမှုအတိုင်း သွားဖို့ဆိုတဲ့ အချက်အပေါ်မှာ ပြည်သူ တော်တော်များများကတော့ စိတ်ဝင်စားပါတယ်။ ဒီအပေါ်မှာ စီးပွားရေးအဖြစ် လုပ်စားနေတဲ့ သူတွေကြားထဲမှာတော့ နည်းနည်း အသံမြည်နိုင်ပါတယ်။ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲမှု တစ်ရပ် လုပ်တဲ့ အခါမှာ ကောင်းတဲ့မှန်တဲ့ အရာတွေကိုတော့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရမှာပါ။ ဒီနှစ်သင်္ကြန်ကို အသိတရားနဲ့ ဆောင်ရွက်ဖို့ပါ။ ထိန်းချုပ်မှုတွေ မရှိပါဘူး။ သံချပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီမှာ ဘာဆင်ဆာမှ လာတင်စရာ မလိုတော့ဘူး။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်း တစ်ခုခုကို ချိုးဖောက်သွားတယ်၊ ဥပဒေ တစ်ခုခုကို ချိုးဖောက်သွားတယ် ဆိုရင်တော့ တည်ဆဲ ဥပဒေအရ အရေးယူ ခံရမှာပါ။ အရေးယူ မခံရဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ ကျွန်တော်တို့ ပေးထားမှာပါ” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ဒါ့ပြင် စီးပွားရေး မဏ္ဍပ်တွေကို ခွင့်မပြုတော့တာဟာ သင်္ကြန်ကို အကြောင်းပြပြီး စီးပွားရှာသူတွေ၊ ယာဉ်ကြော လမ်းကြော ပိတ်ဆို့တာတွေ၊ စည်းမဲ့ကမ်းမဲ့ သောက်စားမူးယစ် ရန်ဖြစ်တာတွေအပြင် မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကိုပါ ထိန်းချုပ်ချင်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဧပြီ ၁ ရက်က ပြောကြားလိုက်ပါတယ်။“အဓိက,ကတော့ အယ်နီညိုကြောင့် ရေကိစ္စတွေရယ်၊ ရိုးရာသင်္ကြန်ကြီးကို အကြောင်းပြပြီးတော့မှ စီးပွားရေး လုပ်ငန်းကြီး တစ်ခုလို လုပ်ကိုင်နေကြတဲ့ သူတွေရယ်၊ နောက်တစ်ခုက ယာဉ်ကြော လမ်းကြောတွေ ပိတ်ဆို့တာရယ်၊ နောက်တစ်ခုက စည်းမဲ့ကမ်းမဲ့ သင်္ကြန်ကာလ လေးငါးရက် အတောအတွင်းကိုပဲ ဥပဒေမဲ့ လုပ်လို့ရတယ်ဆိုပြီး လူတွေက သဘောပေါက်နေကြတယ်။ သောက်မယ်၊ စားမယ်၊ မူးမယ်၊ ကားတွေကို ပြောင်းပြန်မောင်းမယ်၊ ရန်ဖြစ်ကြမယ်၊ အော်ကြမယ်၊ ဟစ်ကြမယ်၊ မိန်းကလေးတွေဆိုလည်း ဝတ်ချင်သလို ဝတ်ကြမယ် စသဖြင့် အဓိကက ဒါတွေကို ထိန်းချုပ်ချင်တဲ့ သဘောပါပဲ” လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။ဒီလို စီပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတော့တာကြောင့် မြို့နယ်၊ ခရိုင်အလိုက် မဏ္ဍပ်တွေ ဖြန့်ပြီးပေးတဲ့အတွက် အရင်နှစ်တွေကထက် ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့နည်းသွားနိုင်တယ်လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆက်ပြောပါတယ်။“အရင်တုန်းကတော့ စီးပွားရေး မဏ္ဍပ်ကြီး တစ်ခုတည်းပဲ အကြီးကြီး ဖြစ်နေပြီး အဲဒီမှာပဲ လူတွေက သွားစုနေကြတဲ့ အခါကျတော့ ယာဉ်ကြောလမ်းကြောတွေ အကုန် ပိတ်ကုန်တာပေါ့။ အခုကတော့ မြို့နယ်အလိုက် ခရိုင်အလိုက် မဏ္ဍပ်တွေ ဖြန့်ပြီးပေးထားတဲ့ အခါကျတော့ သူ့နေရာနဲ့သူ လူတွေက ပြန့်ကျဲသွားတဲ့ အခါကျတော့ ပြီးခဲ့တဲ့နှစ်ကထက် ယာဉ်ကြောပိတ်ဆို့တာတွေ နည်းသွားမှာပေါ့” လို့ သူက ဆိုပါတယ်။ 
■ အရင်နှစ်တွေက ပါမစ်ဈေးကွက်၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် ကန်တော်ကြီး ပတ်လမ်းရှိ နေရာကောင်းတွေမှာ ဆောက်လုပ်ခွင့် ရခဲ့တဲ့ မဏ္ဍပ် ပါမစ်တစ်စောင်ကို ကျပ်သိန်း ၅၀ ခန့်သာ အများဆုံး ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာတော့ ကျပ်သိန်း ၁၅၀ အထိ ဖြစ်ခဲ့ပါတယ်။ ပွဲစားတွေရဲ့ ဈေးကစားမှုကနေ မဏ္ဍပ်ပါမစ်တွေရဲ့ ဈေးတွေဟာ တဖြည်းဖြည်း မြင့်လာခဲ့ပြီး ၂၀၁၄ ခုနှစ် သင်္ကြန်မှာ ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်ပါမစ် တစ်စောင် ကျပ်သိန်း ၂၀၀ ကျော်အထိ ပေါက်ဈေး ရှိခဲ့သလို ကမ္ဘာအေး စေတီလမ်းတွင်မူ ပေါက်ဈေး ကျပ်သိန်း ၃၀၀ အထိ စံချိန်တင်ခဲ့ပါတယ်။ အဲဒီ စံချိန်ကို ၂၀၁၅ မှာ ထပ်မံ ကျော်တက်သွားခဲ့ပြီး ပါမစ်တစ်စောင် ကျပ်သိန်း ၆၀၀ နဲ့ အမြင့်ဆုံး ပေါက်ဈေး ဖြစ်ခဲ့သလို ကန်တော်ကြီး ပတ်လမ်းမှာလည်း သိန်း ၄၀၀ ခန့်အထိ ပေါက်ဈေး ရှိခဲ့ပါတယ်။ဒီလို စံချိန်တင်သည့် ပါမစ်ဈေးတွေကြောင့် အချို့ပါမစ် ပြန်ရောင်းဖို့ ရည်ရွယ်ပြီး မဏ္ဍပ်လျှောက်မှုတွေ ရှိလာပါတယ်။ မဏ္ဍပ်ပါမစ် ရရှိဖို့ဆိုတာ ဟိုအကပ် ဒီအကပ်နဲ့ ထောက်ခံချက်ပေါင်း များစွာယူပြီး ကြိုးပမ်းရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။အဲဒီထဲကမှ ဈေးကွက်လိုက်တဲ့ လမ်းတွေမှာ ပါမစ်လျှောက်ထားမှုက ပြုံတိုးလာခဲ့ပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းမှာ ၂၀၁၅ ခုနှစ်က မဏ္ဍပ်ဆောက်ခွင့် ပါမစ်ချပေးမှု ၁၁ ခုသာ ရှိပေမယ့် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၁၅၂ ခု ရှိခဲ့တာကြောင့် ချပေးနိုင်မှုထက် လျှောက်ထားမှုက ၁၀ ဆကျော် ကွာဟခဲ့ပါတယ်။ ကန်တော်ကြီး ပတ်လမ်းမှာတော့ မဏ္ဍပ်ဆောက်ခွင့် လျှောက်ထားသူ ၄၂ ခု လောက်သာ ရှိခဲ့ပြီး ၁၃ ခုကို ချပေးခဲ့ပါတယ်။မဏ္ဍပ် ပါမစ်ကို မဲနှိုက် နေရာချထားပေးမယ်လို့ ဆိုပေမယ့် နှစ်တိုင်း မဏ္ဍပ်ထိုးသူ အများစုသာ ပြန်ရကြပါတယ်။ မဏ္ဍပ်ဆောက်ခွင့် လျှောက်လွှာနည်းလို့ နှစ်စဉ် ဒီလူတွေပဲ ပြန်ပေါက်ကြတာလား (ဒါမှမဟုတ်) လျှောက်တဲ့ သူတွေထဲကနေ ကံကောင်းစွာနဲ့ ဒီလူတွေပဲ ပြန်ပေါက်တာလား ဆိုတာတော့ ဝေခွဲလို့ မရခဲ့ပါဘူး။“အခု ပါမစ်ကြေးကတော့ ကမ္ဘာအေး စေတီလမ်း အတွက်ကို သိန်း ၆၀၀ နဲ့ ၇၀၀ အကြားကို ဝယ်ထားပြီး မဏ္ဍပ်လုပ်တာပေါ့။ မနှစ်ကထက် အရမ်းများတဲ့ ပမာဏပါ။ ကိုယ်က မဏ္ဍပ်လက်မှတ်ခနဲ့ ပါမယ့် ဝန်ဆောင်မှုတွေအပေါ် မူတည်ပြီး ပြန်ကျေ မကျေက ကွာသွားမှာပါ။ ကျွန်တော်တို့က ကုမ္ပဏီ အနေနဲ့ လုပ်တာဆိုတော့ ငွေကြေး အရင်းအနှီးနဲ့ လုပ်တာ မဟုတ်ပေမယ့် စီးပွားရေးအရ ကြည့်မယ်ဆိုရင် စပွန်ဆာပေးတဲ့သူ ရှိမှ အဆင်ပြေမယ်။ မဏ္ဍပ် လျှောက်ရတာတော့ သိတဲ့အတိုင်းပဲ။ ရသွားတာကလည်း ဘယ်လိုသူတွေလဲ ဆိုတာကတော့ ကျွန်တော့် အနေနဲ့ ဘာမှ မပြောချင်ပါဘူး။ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ မဏ္ဍပ်တွေလည်း ပါတာပေါ့” ဟု ၂၀၁၅ ခုနှစ်က ကမ္ဘာအေး စေတီလမ်းမပေါ်မှာ မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ကို ဝယ်ယူကာ  ဆောက်လုပ်သူ တစ်ဦးက ပြောတာပါ။မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်တွေဟာ အမှန်တကယ် မဏ္ဍပ် ဆောက်လုပ် ပျော်ပါးလိုတဲ့ သူတွေရဲ့ လက်ထဲ မရောက်ရှိဘဲ ဈေးကစားသူတွေရဲ့ လက်ထဲနဲ့ နှစ်တိုင်း ပါမစ်ပေါက်လေ့ရှိတဲ့ သူတွေရဲ့ လက်ထဲကိုသာ ရောက်ရှိနေတာကြောင့် အမှန်တကယ် လိုချင်သူတွေ အနေနဲ့ နစ်နာခဲ့ကြပါတယ်။ ပြန်ဝယ်ရင် ပါမစ်တစ်စောင်ကို ကျပ်သိန်း ၆၀၀ နဲ့ ၅၀၀ လောက်အထိ ဈေးပေါက်နေတာကြောင့် တော်ရုံလူဆို စိတ်လျှော့သွားတာ များပါတယ်။နှစ်စဉ် ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်ဆောက်လုပ်ခွင့် ရတဲ့သူတွေ အနေနဲ့ ပါမစ်တွေကို အခြားသူ လက်ထဲ လွှဲပြောင်းရောင်းချတာတွေ မပြုလုပ်ဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။ ပါမစ် ပြန်ရောင်းချတာကို စစ်ဆေး တွေ့ရှိရင် မဏ္ဍပ် ဆောက်လုပ်သူတွေ ပေးသွင်းထားတဲ့ အာမခံ စပေါ်ငွေကို ပြန်သိမ်းမယ်လို့ ထုတ်ပြန်ထားပေမယ့် ပြင်ပမှာတော့ ပါမစ် ပြန်လည် ရောင်းချသူတွေက လျော့မသွားဘဲ ပိုပိုတိုးလာပါတယ်။ရန်ကုန်သင်္ကြန်မဏ္ဍပ် အာမခံ စပေါ်ငွေအဖြစ် ပေ ၁၀၀ နဲ့ အထက် မဏ္ဍပ်အကြီး တစ်ခုကို ကျပ်သိန်း ၁၀၀၊ မဏ္ဍပ် အလတ်တစ်ခုကို ကျပ်သိန်း ၆၀ ပေးသွင်း ထားရပါတယ်။တချို့က ပါမစ် သိန်း ၆၀၀ ကို ပေးဝယ်ကြပါတယ်။ အချို့ကတော့ သိန်း ၆၀၀ ပေါက်ပေမယ့် မဏ္ဍပ် ဆောက်လုပ်ပြီးတဲ့အခါ ပြန်ရမယ့် အမြတ်အစွန်းကို မျှော်ကိုးပြီး ဝယ်ကြပါတယ်။ တချို့ကတော့ စပွန်ဆာ များများရလို့ ကျပ်သိန်း ၆၀၀ အတွက် ကာမိတယ်လို့ သိရပါတယ်။ သင်္ကြန်မဏ္ဍပ်တွေအတွက် စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေဟာ အစည်ကားဆုံးလမ်းလို့ ခန့်မှန်းထားတဲ့ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းတွေကိုသာ စပွန်ဆာပေးဖို့ ပိုမျက်စိကျကြပါတယ်။ အချို့ ကုမ္ပဏီတွေက မဏ္ဍပ် လေးငါးခုကို တစ်ပြိုင်နက်တည်း စပွန်ဆာ ပေးတာတွေ ရှိပါတယ်။၂၀၁၅ ခုနှစ် ရန်ကုန်သင်္ကြန် ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် (အကြီး၊ အလတ်) လျှောက်ထားတဲ့ မဏ္ဍပ် ၂၀၀ ကျော် ရှိခဲ့ပြီး ကမ္ဘာအေး စေတီလမ်းပေါ်မှာ မဏ္ဍပ်ဆောက်လုပ်ခွင့် ၁၅၂ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ ၄၂ ခုနဲ့ အခြား မြို့နယ်တွေမှာ ၁၀ ခု ဖြစ်ပါတယ်။ ဒီထဲကမှ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မဏ္ဍပ်အကြီး ၁၃ ခု၊ ကမ္ဘာအေး စေတီလမ်းမှာ မဏ္ဍပ်အကြီး ၁၁ ခု၊ ပြည်လမ်းမှာ လေးခုနဲ့ အနော်ရထာလမ်း (၁၉ လမ်းနှင့် စဉ့်အိုးတန်းလမ်းကြား)၊ ပါရမီလမ်း (မင်းလမ်းမုန့်တီဆိုင်ရှေ့)၊ ဆရာစံလမ်း၊ ဝေဇယန္တာလမ်း (New Day ဓာတ်ဆီဆိုင်နှင့် သစ္စာလမ်း မီးပွိုင့်ကြား)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းရှေ့၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ (Polo Club Residence ရှေ့) နှင့် Sky Star Hotel ရှေ့၊ လှိုင်မြို့နယ် (ထွေအုပ်ရုံးရှေ့) တွေမှာ ရေကစားမဏ္ဍပ် ၄၀ ကျော် အပါအဝင် မဏ္ဍပ်စုစုပေါင်း ၁၀၀ နီးပါး ဆောက်လုပ်ခွင့် ပြုခဲ့တယ်လို့ သင်္ကြန်မဏ္ဍပ် နေရာချထားပေးရေး ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။ 
■ ကြေညာချက် ထုတ်ပြီစီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတော့တာနဲ့ ပတ်သက်လို့ ပြည်သူလူထု ကြားမှာ ဝေဖန်မှုတွေ ရှိနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်ဟာ ဧပြီ ၂ ရက်မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပခြင်း ရည်ရွယ်ချက်များဆိုပြီး အချက် ခုနစ်ချက် ပါတဲ့ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်က ကမ္ဘာအေးစေတီလမ်း တစ်လျှောက်ရှိ မဏ္ဍပ်တို့တွင် ရေကစားသူတို့နှင့် ပြည့်နှက်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဒီကြေညာချက်ထဲမှာ ပါတဲ့ အချက် ခုနစ်ချက်ကတော့ (၁) ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးကို ရှေ့ရှု၍ မဏ္ဍပ်များကို တစ်နေရာတည်းတွင် စုပြုံဆောက်လုပ် ကျင်းပခြင်း မရှိစေရန်၊ (၂) အယ်နီညိုကြောင့် ရေရှားပါးမည့် ပြဿနာကို ကြိုတင်ကာကွယ်မည့် အနေဖြင့် ရေသုံးစွဲမှုကို ချွေတာလျှော့ချရန်၊ (၃) ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုတွင် ခရိုင်ဗဟို မဏ္ဍပ်များ ပြုလုပ်ပြီး မြို့နယ်များအလိုက် နေရာအနှံ့ စည်ကားစွာ ကျင်းပနိုင်ရန်၊ (၄) မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား ခုတုံးလုပ်၍ စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်နေသည့်ကိစ္စ ပပျောက်စေရန်၊ (၅) သင်္ကြန်ပွဲတော် ကာလအတွင်း လူငယ်များ အရက်သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိခိုက်စေမည့် အပြုအမူ အပြောအဆို ဝတ်စား ဆင်ယင်မှုတို့ကို ကာကွယ်တားဆီးရန်၊ (၆) ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုက်နာပြီး အပြုသဘောဆောင်မည့် မဟာသင်္ကြန် သံချပ်များ ပေါ်ပေါက်စေရန်၊ (၇) ၂၀၁၆ ခုနှစ် မဟာသင်္ကြန် ပွဲတော်တွင် အမှန်တကယ် ရေကစားမည့် သူများအတွက် မဏ္ဍပ်ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်များကို အများပြည်သူ လွယ်ကူစွာ ရရှိစေရေးအတွက် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရန် စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ 
■ တိုင်းအစိုးရသစ်ရဲ့ သတင်းစာ ရှင်းလင်းပွဲ  မြန်မာ့ရိုးရာ အတာသင်္ကြန်ကို အကြောင်းပြပြီး စီးပွားရှာနေမှုကို တားမြစ်နိုင်ဖို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ကန့်သတ်လိုက်တာလို့ ဝေဖန်မှုတွေ ခံနေရတဲ့ ရန်ကုန်တိုင်း အစိုးရက ဧပြီ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းက တက်ရောက်ရှင်းလင်း ခဲ့ပါတယ်။သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ လူငယ်တွေ စုပေါင်းပြီး ငွေကြေးစုကာ မဏ္ဍပ်တွေ ဆောက်လုပ် ပျော်ရွှင်ရာကနေ မဏ္ဍပ်တွေ ဆောက်လုပ်ကာ စီးပွားဖြစ် ငွေကြေးရှာတဲ့ ပုံသဏ္ဌာန်ဆီ ပြောင်းလဲလာတာကြောင့် ဒီအခြေအမျိုးကို တားမြစ်နိုင်ဖို့ ရေကစား မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ကန့်သတ်ရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားပါတယ်။“ရန်ကုန်မြို့ရဲ့ မဟာသင်္ကြန် ပွဲတော်ကြီးကို ယဉ်ကျေးမှုနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် ဒီနှစ်မှာတော့ စီးပွားဖြစ် ဆောင်ရွက်နိုင်တဲ့ မဏ္ဍပ်တွေကို ကျွန်တော်တို့ မပေးတော့ဘူး၊ ဒီကာလဟာ အယ်လ်နီညိုရဲ့ အရိပ်အငွေ့တွေ အများကြီး လွှမ်းမိုးနေတဲ့ ကာလတစ်ခု ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ကျန်းမာရေး ရှုထောင့်ဘက်က ကြည့်မယ် ဆိုရင်လည်း ဒါဟာ အန္တရာယ် ရှိပါတယ်၊ ရေရှားပါးမှု အခြေအနေ တစ်ရပ်ကလည်း ကျွန်တော်တို့ ကြုံနိုင်ပါတယ်၊ ဒီအတွက်လည်း သတ်မှတ်ထားတဲ့ အချိန်ကာလတွေ အတွင်းမှာပဲ ကစားကြဖို့နဲ့ တကယ့်ကို ရာသီဥတု အလွန်ပူပြင်းတဲ့ အချိန်တွေမှာ ရေကစားမှုကို ရှောင်ကြဉ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ သင်္ကြန်ပွဲတော်ကို ကျွန်တော်တို့ ဖြတ်သန်းစေချင်ပါတယ်” လို့ သူက ပြောပါတယ်။ဒီလို သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ကန့်သတ်တယ် ဆိုပေမယ့် ခေတ်အဆက်ဆက် တိမ်ကောနေခဲ့တဲ့ သံချပ်ထိုးခွင့်ကို ကြိုတင် စိစစ်ခြင်းမျိုး မလုပ်ဘဲ အမုန်းတရား ပြန့်ပွားစေတဲ့ အသုံးအနှုန်းတွေကိုသာ ကန့်သတ်ထားပြီး သံချပ်ကို လွတ်လပ်စွာ ဖန်တီးခွင့် ရှိတယ်လို့ ဝန်ကြီးချုပ်က ဆက်လက်ပြောကြားပါတယ်။“တရားဥပဒေ စိုးမိုးရေးအတွက် စည်းကမ်းနဲ့အညီ ကိုင်တွယ်သွားပါမယ်၊ ပြည်သူတွေ အနှောင့်အယှက် မဖြစ်ဖို့ ကျွန်တော် တာဝန်ယူပါတယ်။ ပြည်သူကို ကြောက်အောင် ထိန်းချုပ်မှာ မဟုတ်သလို အခွင့်အာဏာ အမိန့်တွေနဲ့ ထိန်းကျောင်းမှာလည်း မဟုတ်ပါဘူး” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။လာမယ့် သင်္ကြန်ကာလမှာ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူတွေကို စည်းကမ်းချက် ၄၄ ချက်နဲ့ ကိုက်ညီမှသာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ခွင့်ပြုမှာဖြစ်ပြီး မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိမရှိ ဆိုတာတွေကို ဝင်ရောက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။သင်္ကြန်ကာလအတွင်း စည်းကမ်းကြီးကြပ်ရေး ကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ တခြားကြီးကြပ်ရေး ကော်မတီတွေကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ဝန်ကြီးချုပ် ရှင်းလင်းပြီးချိန်မှာတော့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်သူ နော်ပန်းသဉ္စာမျိုးက သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် ကန့်သတ်မှုနဲ့ ပတ်သက်လို့ အချက် ခြောက်ချက်နဲ့ ရှင်းလင်းခဲ့ပါတယ်။ဒါ့ပြင် ကမ္ဘာအေးလမ်းပေါ်မှာ ခုံးကျော်တံတား အသစ်တွေ ဆောက်လုပ်ထားတာကြောင့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်တွေ ထားရှိပါက ယာဉ်ကြောကျပ်တည်းမှု ပြဿနာ  ပိုမိုဖြစ်ပွားလာနိုင်ခြင်း၊ အယ်လ်နီညိုကာလ ရေရှားပါးမှု ပြဿနာများ ကြုံတွေ့နိုင်ခြင်းတို့ကြောင့် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ပတ်လမ်းတွေမှာ မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှင်းလင်း ပြောကြားခဲ့ပါသည်။ရန်ကုန်တိုင်း အစိုးရ အနေနဲ့ ဒီနှစ် မဏ္ဍပ် ဆောက်လုပ်ခွင့် ရတဲ့ ကုမ္ပဏီတွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အပြင် စည်းကမ်းရှိတဲ့ ကုမ္ပဏီတွေကိုသာ လာမယ့်နှစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်အတွက် ဦးစားပေး စဉ်းစားသွားလို့လည်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဝင်များက ဆိုပါတယ်။ 
■ မြေနေရာ ငှားရမ်းခ ကျပ်သိန်းထောင့်နှစ်ရာစီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်မပြုဘူးလို့ အစိုးရသစ်က မူဝါဒ ပြောင်းလဲခဲ့တာကြောင့် ကိုယ်ပိုင်ခြံရှေ့ နေရာများအား မဏ္ဍပ်ထိုးဖို့ ငှားရမ်းခ ကျပ်သိန်း ၁၂၀၀ ခန့်အထိ ပေါက်ဈေးရှိနေတယ်လို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။ရန်ကုန်သင်္ကြန်မှာ စီးပွားရေးဆိုင်ရာ မဏ္ဍပ်တွေကို ခွင့်မပြုဘဲ နေအိမ်ရှေ့ မဏ္ဍပ်တွေ၊ ကုမ္ပဏီ မဏ္ဍပ်တွေကိုသာ ဆောက်လုပ်ခွင့် ပြုသွားမယ်လို့ ရန်ကုန်တိုင်း အစိုးရသစ်က မူဝါဒ ပြောင်းလဲပြီးနောက် ကိုယ်ပိုင်ခြံရှေ့ နေရာတွေမှာ မဏ္ဍပ်ထိုးဖို့ နေရာငှားရမ်းခ ကျပ်သိန်း ၁၂၀၀ ခန့်အထိ ပေါက်ဈေး ရှိနေခဲ့တာဖြစ်ပြီး ပြည်လမ်းနေရာတွေမှာ ဒီဈေးနှုန်းတွေ ပေါက်နေတယ်လို့ သိရပါတယ်။ကမ္ဘာအေးစေတီလမ်းတွင် ကြိုတင်ဆောက်လုပ်ထားသည့် မဏ္ဍပ်အချို့ကို ဧပြီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
“စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုဘူးလို့ မထုတ်ပြန်ခင်ကတော့ ပြည်လမ်းက ကိုယ်ပိုင်ခြံနေရာတွေ ငှားရမ်းခ ကျပ်သိန်း ၇၀၀ လောက် ပေါက်ဈေးရှိခဲ့တယ်။ ဒါပေမဲ့ အခု စီးပွားဖြစ်တွေ ခွင့်မပြုတော့ဘူးဆိုတော့ အခု သိန်း ၁၀၀၀၊ ၁၂၀၀ လောက်အထိ ဖြစ်သွားတာ။ ဒါတောင် ဝယ်လို့ မရတော့ဘူးလို့ ပြောတယ်” လို့ ရန်ကုန်သင်္ကြန် မဏ္ဍပ် လျှောက်ထားခဲ့သူ တစ်ဦးက ပြောပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “သင်္ကြန်မဏ္ဍပ် လျှောက်တာနဲ့ ပတ်သက်ပြီး စည်းကမ်းချက် ၄၅ ချက် ထုတ်ထားတယ်။ အဲဒီဟာထဲမှာ ပါပါတယ်။ စစ်ဆေး တွေ့ရှိရင် ဒီမဏ္ဍပ်တွေကို ချက်ချင်း ပိတ်သိမ်းမှာပါ။ စီးပွားဖြစ် မလုပ်ပါဘူး ဆိုတာမျိုးကို ခံဝန်ကတိ ထိုးခိုင်းပါတယ်။ မဏ္ဍပ်လုပ်မယ့် သူတွေကိုလည်း စည်းကမ်းချက်တွေကို သေသေချာချာ ဖတ်ခိုင်းပါတယ်။ ဒီစည်းကမ်းချက်တွေကို ဖတ်ပြီး ခံဝန်ကတိကို ထိုးနိုင်ရင် ထိုးပါ။ မထိုးနိုင်ရင် ဒါတွေကို မလုပ်ပါနဲ့ ပြောထားပါတယ်။ ဒါကြောင့် အိမ်နေရာကို သိန်းထောင်နဲ့ ချီပြီး ငှားလုပ်တဲ့ ဟာမျိုးတွေ၊ လက်မှတ်တွေကို ရောင်းစားပြီး လုပ်တဲ့ ဟာမျိုးတွေ မလုပ်ပါဘူးဆိုပြီး ခံဝန်ကတိ ထိုးရပါတယ်။ စည်းကမ်းကို ဖောက်ဖျက်တယ် ဆိုရင်တော့ စည်းကမ်းထဲမှာ ပါတဲ့အတိုင်း အရေးယူ ဆောင်ရွက်မှုတွေက ရှိလာဦးမှာပါ” လို့ ဆိုပါတယ်။ 
■ ကြိုတင်လက်မှတ် ငွေပြန်အမ်းမယ်ရန်ကုန်သင်္ကြန်မှာ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့် မပြုတော့တာကြောင့် ကြိုတင်လက်မှတ်တွေ ရောင်းချထားတဲ့ မဏ္ဍပ်အချို့က ငွေပြန်အမ်းမယ်လို့ သိရပါတယ်။ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတွေမှာ မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ ကြိုတင် လက်မှတ်တွေကို မတ်လကတည်းက မဏ္ဍပ်ဆောက်လုပ်မယ့် သူတွေက ရောင်းချခဲ့တာ ဖြစ်ပါတယ်။“ကျွန်တော်တို့ကတော့ ဒီနှစ်မှာ မူဝါဒ အပြောင်းအလဲ ဖြစ်သွားတာကြောင့် မဏ္ဍပ် မဆောက်ဖြစ်တော့ဘူး။ လက်မှတ်တွေ ရောင်းထားပြီးသားကိုတော့ ပြန်အမ်းသွားမှာပါ” လို့ ကန်တော်ကြီး ပတ်လမ်းမှာ မဏ္ဍပ်ဆောက်မယ်လို့ ကြေညာထားတဲ့ မဏ္ဍပ် တစ်ခုမှ စီစဉ်သူ တစ်ဦးက ပြောပါတယ်။ကမ္ဘာအေးစေတီ လမ်းပေါ်မှာ မဏ္ဍပ်ဆောက်လုပ်မယ်လို့ ကြေညာထားတဲ့ စီစဉ်သူ တစ်ဦးကတော့ “ကျွန်တော်တို့ကတော့ မဏ္ဍပ်လုပ်ဖြစ်မယ်။ ဒါပေမဲ့ ဘယ်လို လုပ်မလဲ ဆိုတာတော့ သေချာ မသိရသေးဘူး။ တကယ်လို့ မလုပ်ဖြစ်ရင်လည်း ကျွန်တော်တို့ဆီက ဝယ်ပြီးသား လက်မှတ်တွေကို ပြန်အမ်းပေးမှာပါ” လို့ ပြောကြားပါတယ်။ဒီလို ငွေပြန်အမ်းမယ့် မဏ္ဍပ်စီစဉ်သူတွေ ရှိသလို မဏ္ဍပ်လက်မှတ် ရောင်းထားတဲ့ တချို့ မဏ္ဍပ် ဆောက်မယ့်သူတွေက ဖုန်းတွေ ပိတ်ထားတယ်လို့ လက်မှတ်ဝယ်ယူထားတဲ့ သူတွေက ဆိုပါတယ်။“လက်မှတ်ကို ကြိုတင်ပြီး မှာထားတယ်။ ပိုက်ဆံ မပေးရသေးတဲ့ သူတွေက ခံသာသေးတယ်။ အခုက တချို့မဏ္ဍပ် လက်မှတ်ရောင်းထားတဲ့ သူတွေက ဖုန်းတောင် မကိုင်တော့ဘူး။ ဖုန်းစက် ပိတ်ထားကြတယ်။ တချို့ကျတော့လည်း ပြန်လျော်ပေးမယ် ပြောတယ်” လို့ သင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ယူထားတဲ့ တာမွေမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ကြိုတင်လက်မှတ် တစ်စောင်ကို သင်္ကြန်နေ့ အားလုံးအတွက် ကျပ်တစ်သောင်းခွဲမှ ကျပ်တစ်သိန်းကျော်အထိ ရောင်းချနေတယ်လို့ သိရပါတယ်။ 
■ လုံခြုံရေးစီးပွားဖြစ် မဏ္ဍပ်တွေကို ခွင့်မပြုတော့တဲ့အတွက် ၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် (သင်္ကြန် အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်လိုမျိုးတွေကို စိတ်မပူရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီ မဏ္ဍပ်နဲ့ မိသားစုမဏ္ဍပ် စတဲ့ တစ်ပိုင်တစ်နိုင် မဏ္ဍပ်တွေကိုသာ ပါမစ်ပေးမှာ ဖြစ်တာကြောင့် လုံခြုံရေး ကိစ္စတွေကို အလွယ်တကူ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦး သေဆုံးပြီး ၁၇၀ ခန့် ဒဏ်ရာရတယ်လို့ အရင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။လုံခြုံရေး ကိစ္စနဲ့ ပတ်သက်လို့ ဧပြီ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ပြုလုပ်တဲ့ ရန်ကုန် မဟာသင်္ကြန်ပွဲတော် သတင်းစာ ရှင်းလင်းပွဲမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမှုတွေမှာ လက်နက်တွေ ပါလာတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။“ရန်ကုန်မှာ မူးယစ်ဆေးဝါးနဲ့ အတူ လက်နက်ပါ ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အတူ ပေါ်ပေါက်လာတဲ့ အခင်းကိစ္စတွေမှာ ရှေ့ကနေ ဖမ်းဆီးခဲ့တဲ့ အခြေအနေတွေမှာ မိတဲ့ မူးယစ်ဆေးဝါးအလွန် အင်မတန် များပါတယ်။ အဲဒါနဲ့အတူ လက်နက်တွေပါ ပါလာတဲ့အတွက် ကျွန်တော်တု့ိ ဒီသင်္ကြန်ကို အစိုးရဘက်က ပြည်သူလူထုရဲ့ လုံခြုံရေးကို စိတ်ပူပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ပျော်ရွှင်နေမှုကို မထိခိုက်အောင် လုံခြုံရေးပိုင်းကို ကြိုးပမ်းပါမယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ဒီနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း တိုင်းရဲတပ်ဖွဲ့၊ စီအိုင်ဒီ ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် စုစုပေါင်း အင်အား ၈,၀၀၀ အသုံးပြုပြီး လုံခြုံရေး ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ထွန်းအောင်က ဧပြီ ၁ ရက်က ပြောကြားခဲ့ပါတယ်။“လုံခြုံရေးကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရော၊ ယာဉ်ထိန်းရော၊ SB ရော အဲဒီ အဖွဲ့တွေအပြင် မီးသတ်ရော၊ ကြက်ခြေနီရော အထွေထွေ အုပ်ချုပ်ရေးမှူး အပိုင်းက အဖွဲ့တွေရော အကုန်လုံး ပေါင်းပြီးတော့မှ သင်္ကြန်တွင်း ကာလကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မြို့နယ်အလိုက် လုံခြုံရေး ဖွဲ့မယ်။ ပြီးရင် ခရိုင်ပေါ့။ ခရိုင်ပြီးရင် တိုင်း၊ တိုင်းကတော့ ကွပ်ကဲရေးရုံးကို ရကယ ရုံးမှာပဲ ကွပ်ကဲရေးရုံး ထားမယ်။ အဲဒီကနေ ဖုန်းတွေနဲ့ မြို့နယ်က ထူးခြားမှု ဖြစ်တာတွေကို ကျွန်တော်တို့ ထိန်းမယ်။ ထိန်းပြီးတော့မှ ခုနက ပြောသလို ပတ်ကင်းလှည့်တဲ့ ကားက ၄၅ စီးရှိတယ်။ ဥပမာ မှုခင်း ဖြစ်တယ်ဆို အနီးဆုံးကားတွေက ပိတ်တာဆို့တာတွေ လုပ်မှာပေါ့။ ပြီးတော့မှ လိုအပ်လို့ရှိရင် အရန် အင်အားတွေက မြို့နယ်အလိုက် ရှိတယ်။ အရန်အင်အားတွေနဲ့ပါ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” လို့ ဗိုလ်မှူးကြီး တင်ထွန်းအောင်က ပြောပါတယ်။၂၀၁၅ ရန်ကုန်မဟာသင်္ကြန် ပွဲတော်မှာ သင်္ကြန်နှင့် ပတ်သက်တဲ့ လူသတ်မှု ဖြစ်ပွားခြင်း မရှိခဲ့ပေမယ့် အခြား မှုခင်း အရေအတွက်ဟာ အရင်နှစ်တွေထက် ပိုမို များပြားခဲ့ပါတယ်။ ၂၀၁၅ သင်္ကြန်ပွဲတော်အတွင်း တစ်နိုင်ငံလုံးတွင် သင်္ကြန်နှင့် ပတ်သက်တဲ့ လူသတ်မှု၊ ခါးပိုက်နှိုက်၊ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု၊ မူးယစ်ရမ်းကားမှု စတဲ့ အမှု ၁၇၄ မှု ဖြစ်ပွားခဲ့ပြီး ၁၆ ဦး သေဆုံးကာ ၃၅၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ၂၀၁၄ သင်္ကြန်မှာ တစ်နိုင်ငံလုံး သင်္ကြန်နှင့် ပတ်သက်တဲ့ မှုခင်း ၁၅၉ မှု ဖြစ်ပွားခဲ့ပြီး လေးဦး သေဆုံးကာ ၉၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ 
■ ဘာဆက်ဖြစ်မလဲစီးပွားဖြစ် မဏ္ဍပ် အများအပြား ဆောက်လုပ်ခွင့် မပြုတော့တာကြောင့် ရန်ကုန်သင်္ကြန်ဟာ မစည်ကားနိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရန်ကုန်တိုင်း အစိုးရသစ်ရဲ့ မူဝါဒ အပြောင်းအလဲကို ထောက်ခံ ကြိုဆိုလျက် ရှိကြပါတယ်။ ဒီမူဝါဒ အပြောင်းအလဲကြောင့် မြန်မာရိုးရာ သင်္ကြန်ဟာ အရင်နှစ်တွေကလို မူးရူး အော်ဟစ် ရမ်းကားတာတွေ လျော့နည်းသွားမယ့်အပြင် မိန်းကလေးတွေ အနေနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို မြင်တွေ့လာနိုင်တယ်လို့ ပြောဆို သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ဒါ့ပြင် စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတော့တဲ့အတွက် ပိုက်ဆံချမ်းသာတဲ့ လူတန်းစားတွေသာ ပျော်နိုင်တဲ့ သင်္ကြန် မဟုတ်တော့ဘဲ လူတန်းစားမရွေး ပျော်နိုင်မယ့် သင်္ကြန်အဖြစ် ပြန်လည် တွေ့ရှိနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။“ဦးလေးတို့ ငယ်ငယ်ကဆို မြို့နယ်တိုင်းမှာ မဏ္ဍပ်တွေ ရှိတယ်။ အလှပြယာဉ်တွေ၊ သံချပ် အဖွဲ့တွေက တစ်မဏ္ဍပ်ပြီး တစ်မဏ္ဍပ် လှည့်လည်ပြီး ဖျော်ဖြေနေတာ တစ်ညလုံးပဲ။ ဒီခေတ်လို သင်္ကြန်ဆိုတာနဲ့ မူးရူးပြီးနေတာ မဟုတ်ဘူး။ ခုခေတ်က သင်္ကြန်ဆိုတာနဲ့ မူးရူးပြီး သောင်းကျန်းဖို့ပဲ သိတယ်။ သင်္ကြန်ရဲ့ အရသာက အဲဒါ မဟုတ်ဘူး။ အခု စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတော့ဘူးဆိုတော့ နည်းနည်းတော့ မဆိုးလောက်ဘူး ထင်တာပဲ” လို့ ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးသန်းမောင်က ပြောပါတယ်။ဒီလို အစိုးရသစ်ရဲ့ မူဝါဒ အပြောင်းအလဲ အပေါ်မှာ အကောင်းမြင်သူတွေ ရှိသလို အဆိုးမြင်သူတွေကလည်း ရှိပါတယ်။ လူမှုကွန်ရက် စာမျက်နှာမှာ အကောင့်ပိုင်ရှင်တွေကလည်း မိမိတို့ရဲ့ သဘောထား အမြင်တွေကို Status ရေးပြီး တင်နေတာကိုလည်း တွေ့ရှိရပါတယ်။ Wanna More ဆိုတဲ့ အကောင့်ပိုင်ရှင်ကတော့ ခုလိုမျိုး သူ့အမြင်ကို Status ရေးပြီး တင်ထားတာကို တွေ့ရပါတယ်။“ဒီလို တစ်နှစ်မှာ လေးငါးရက် လုပ်တဲ့ ရန်ကုန်သင်္ကြန် မဏ္ဍပ်တွေက လူငယ်တွေကို ပျက်စီးတယ်ဆိုရင် မြန်မာပြည်အနှံ့ တစ်နှစ်ကို ၃၆၅ ရက်ဖွင့်နေတဲ့ နိုက်ကလပ်တွေ အနှိပ်ခန်းတွေ KTV တွေကို အရင် ပိတ်ပင်ရဖို့ ရှိပါတယ်။ မဏ္ဍပ်တွေမှာ under age တွေ ဆေးလိပ်၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး သုံးစွဲကြတယ်ဆိုရင် မြန်မာပြည် အနှံ့က ရောင်းချင်သလို ရောင်းနေတဲ့ ဆေးလိပ်ဆိုင် အရက်ဆိုင်တွေကို အရင် အရေးယူကြဖို့ မူးယစ်ဆေးဝါး ဖြန့်ချိသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးဖို့ လိုပါမယ်။ သင်္ကြန်ကာလ ဝတ်စားဆင်ယင်မှု သရုပ်ပျက်တယ် ဆိုရင် မော်ဒယ်နာမည်ခံပြီး နေ့တိုင်း ဝတ်ချင်သလိုဝတ် ဖော်ချင်သလို ဖော်နေကြတဲ့ မြန်မာမော်ဒယ်တွေကို အရင် ခေါင်းမြီးခြုံခိုင်းဖို့ လိုပါမယ်။ ခေတ်ရေစီး ပြောင်းလဲမှုကို ပိတ်ပင်လို့ မရနိုင်ပါဘူး။ ခေတ် အဆက်ဆက် စစ်အစိုးရ အဆက်ဆက် လက်ထက်တွေတောင်မှ မပိတ်ပင်ခဲ့တဲ့ ကိစ္စတွေကို ပိတ်ပင်တာဟာ မှားပါတယ်။ သင်္ကြန်မဏ္ဍပ်တွေဟာ အပျော်သက်သက်ပဲ မလိုအပ်ဘူး ပိတ်ပင်သင့်တယ်ဆိုတဲ့ အမြင်ဟာ အလွန်ကျဉ်းမြောင်းတဲ့ ရှေးရိုးစွဲ အမြင် ဖြစ်ပါတယ်။ သင်္ကြန် မဏ္ဍပ်တွေကို organize လုပ်ရ။ ဦးစီးရတဲ့ အလုပ်ဟာ မလွယ်ပါဘူး။ လုပ်ဖူးမှ သိမှာပါ။ လူငယ်တွေ ကြိုးစား လုပ်ကြပါတယ်။ အရှုံးအမြတ် ရှိမယ်။ လုပ်ငန်းတစ်ခု လုပ်ကိုင်ရတဲ့ အတွေ့အကြုံတွေ ရကြပါတယ်။ မဏ္ဍပ်တွေဆောက်ရင် ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ သစ်လုပ်ငန်း၊ လက်သမားလုပ်ငန်း၊ ဒီဂျေစက်စပီကာ ဆောင်းဘောက်စ်ငှားသူတွေ ရေပိုက်ရေစက် ဆင်သူတွေ ဒစ္စကို မီးဆင်သူတွေ ဒီဂျေတွေ လုံခြုံရေးတွေ အလုပ်ရကြပါတယ်။ နောက်တစ်ခုက မဏ္ဍပ်ကြီးတွေနားမှာ လာဖွင့်ကြတဲ့ လမ်းဘေးဆိုင်လေးတွေ။ ရန်ကုန်က လက်လုပ်လက်စား တော်တော်များများဟာ သင်္ကြန်ကာလ အလုပ်မရှိတဲ့ အချိန် လမ်းဘေးဆိုင်လေးတွေ ဖွင့်ရောင်း အမြတ်အစွန်းလေးတွေ ရကြပါတယ်။ အရေးအကြီးဆုံးကတော့ ရန်ကုန်သင်္ကြန်ရဲ့ ပျော်စရာ image ပါ။ unique ဖြစ်နေတဲ့ ဖြစ်တည်လာတဲ့ new culture တစ်ခုကို ပိတ်ပင်လိုက်တာဟာ အမြော်အမြင်နည်းတဲ့ အလုပ်တစ်ခုပါ။ ဖြစ်သင့်တာက မဏ္ဍပ်တွေကို အထိုက်အလျောက် စည်းကမ်းတင်းကျပ်ပေးဖို့ပါပဲ။ အဓိက မူးယစ်ဆေးဝါး ကင်းစင်အောင် under age တွေကို ဆေးလိပ် အရက် မရောင်းအောင်။ မိန်းကလေးငယ်လေးတွေ လုံခြုံမှု ရှိအောင်။ ရန်ပွဲတွေ မဖြစ်အောင်။ လက်နက်ကိုင်ဆောင်မှု မရှိအောင် အာဏာပိုင်တွေက ကြိုးစား ထိန်းသိမ်းပြီး သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် ပျော်ရွှင်စရာကောင်းပြီး ကမ္ဘာက အားကျရအောင် လုပ်ကိုင်သင့်ပါတယ်။ နောက်တစ်ခုက ရန်ကုန် မဏ္ဍပ်တွေ ကန်တော်ကြီး အင်းလျားနား ရောက်သွားကြရတာဟာ ရေအခက်အခဲကြောင့်ပါ။ ကိုယ့်အိမ်ရှေ့ ကိုယ့်ရုံးရှေ့ မဏ္ဍပ်ထိုးကြရင်ဖြင့် စည်ပင်ပိုက်ဖောက် မီးသတ်ပိုက်ဖောက်နဲ့ သင်္ကြန်အတွင်း ရေရှားကြလို့ ရေကန်ကြီးတွေနား ပို့လိုက်ရတယ်ဆိုတဲ့ ရာဇဝင်လေးတော့ သိသင့်ပါတယ်။ သင်္ကြန်အတွင်း လုံခြုံရေး တာဝန်ရှိသူတွေ ပင်ပန်းတယ်ဆိုတာ မှန်ပါတယ်။ သို့သော် ဒီလောက်လေးမှ တာဝန် မယူနိုင်ရင်ဖြင့် ရန်ကုန်တိုင်းကို အုပ်ချုပ်ဖို့ မသင့်ပါဘူး။ ကလေးတွေကို နိစ္စဓူ၀ မြင်တွေ့ ရိုးအီနေတဲ့ မိသားစုတွေ ကုမ္ပဏီ ဝန်ထမ်းတွေ ကြားထဲက ဖောက်ထွက်စေပြီး မိတ်သစ် ဆွေသစ် တွေ့ဆုံ နောက်ဆုံး ဖူးစာတွေပါ ဆုံစေခဲ့တာ သင်္ကြန်မဏ္ဍပ်တွေပါ။ ခုလိုမျိုး ပိတ်ပင်လိုက်တာကတော့ အာဏာရှင်ဆန်ရုံမက အစွန်းရောက်သွားတယ်လို့ပဲ မြင်ကြောင်းပါ” ဆိုပြီး ရေးသားထားပါတယ်။ရန်ကုန်တိုင်း အစိုးရသစ် အဖွဲ့ဟာ တာဝန်လွှဲပြောင်းယူပြီး နှစ်ရက်အကြာမှာပဲ သင်္ကြန်မူဝါဒ အပြောင်းအလဲကြောင့် ထောက်ခံတဲ့သူ ရှိသလို ကန့်ကွက်တဲ့သူတွေလည်း ထွက်ပေါ်လို့ လာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မူဝါဒတွေကို ပြောင်းလဲဖို့ အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် ဒီနှစ် သင်္ကြန်ကိုတော့ ဒီမူဝါဒအတိုင်းပဲ ဖြစ်သန်းရတော့မှာပါ။ဒီလို မူဝါဒ ပြောင်းလဲမှုတွေက မကြာခင် ရောက်လာတော့မယ့် မြန်မာရိုးရာ သင်္ကြန်ကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေမှာလား (ဒါမှမဟုတ်) အရင်နှစ်တွေကလိုပဲ သရုပ်ပျက် မူးရူးမှုတွေနဲ့ပဲ အဆုံးသတ်သွားမလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ကျွန်မတို့ရဲ့ စေတနာကိုလည်း နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ လူငယ်တွေဟာ သင်္ကြန်ကို ပျော်တယ်ဆိုတဲ့ဟာထက် ပျက်စီးတယ်ဆိုတဲ့ အခြေအနေကို ရောက်မသွားအောင် တစ်ဖက်တစ်လမ်းက ထိန်းသိမ်းတာလည်း ပါပါတယ်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ ပြည်သူတွေက ကျွန်မတို့ ချမှတ်ထားတဲ့ မူဝါဒ အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု ရှိသလဲ။ ဘယ်လောက်ကြိုက်နှစ်သက်သလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ ဒါက သင်္ကြန်ပြီးတဲ့ အချိန်ကျရင် အဖြေပေါ်မှာပေါ့” လို့ ပြောပါတယ်။