ဆင်းရဲခြင်း၊ ခြင်ကိုက်ခြင်းနှင့် ခြစားခြင်း

ဆင်းရဲခြင်း၊ ခြင်ကိုက်ခြင်းနှင့် ခြစားခြင်း
Published 2 April 2016
သန်းထိုက် (သာကေတ)

မြန်မာတို့၏ လက်ရှိ ပစ္စက္ခနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတွင် အရေးကြီးသော ကဏ္ဍနှင့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ များစွာ ရှိနေသည်။ မြန်မာပြည်သူတို့အတွက် လောလောဆယ် ဆိုးရွားစွာခံစားရပြီး လူမှုရေး၊ ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေသည်မှာ ခြင်ကိုက်မှုဖြစ်ပြီး အစိုးရကောင်းတစ်ခု၊ သန့်ရှင်းသောအစိုးရ  တစ်ခုဖြစ်ဖို့ စိန်ခေါ်နေတာကလည်း ခြစားမှုပင်ဖြစ်သည်။
ခြင်ကိုက်မှုဆိုသည်မှာ အတောင်များပါပြီး လျင်မြန်စွာပျံသန်းနိုင်၍ လူနှင့်အနီးဆုံးတွင် အမြဲမပြတ်ရှိနေတတ်သော လူတို့၏ သွေးကိုစုပ်ယူသော အကောင်တစ်မျိုးဖြစ်သည်။ သူတို့သည် လျင်မြန်စွာ ပေါက်ဖွားနိုင်ပြီး အကောင်ရေလည်း များသည့်အတွက် မျိုးသုဉ်းသုတ်သင်ရ ခက်ခဲပါသည်။ သူတို့သည် နိုင်ငံတစ်ခု၏ ဆင်းရဲသားပြည်သူများ၊ အခြေခံလူတန်းစားများ၏ သွေးနှင့် အဓိက ရပ်တည် ရှင်သန်လေ့ရှိကြသည်။ သန့်ရှင်းသပ်ရပ်ပြီး လူနေမှုအဆင့်မြင့်မားသော ပတ်ဝန်းကျင်နှင့် လူတန်းစားကို နှစ်သက်ခြင်း ပေါင်းသင်းဆက်ဆံခြင်း မရှိတတ်ပါ။ စုတ်ပြတ်နုံချာညစ်ပတ်သော ပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စားလေ့ရှိကြသည်။
သူတို့သည် ပွင့်လင်းမြင်သာမှုကို ကြိုက်နှစ်သက်သည်။ မလုံခြုံသောဘဝများ၊ အသားအရေများ၊ ခန္ဓာကိုယ်များ၊ အိမ်ခန်းနှင့် အိပ်ခန်းများကို ကြိုက်နှစ်သက်သည်၊ ပျော်မွေ့ကြသည်။ လုံခြုံစွာ ဝတ်စားကာကွယ်ထားသော လူများ၊ ခန္ဓာကိုယ်များ၊ အဆောက်အအုံနှင့် အခန်းများကိုမူ ဝင်ရောက်ရန်ခက်ခဲသောကြောင့် ဝေးဝေးက ရှောင်တတ်ကြသည်။ ထို့ကြောင့် ခြင်ကိုက်မှုနှင့် ခြင်ကိုက်၍ဖြစ်သော ရောဂါများသည် မလုံခြုံသောဘဝများ၊ စုတ်ပြတ်နုံချာသော ဆင်းရဲသားပြည်သူများတွင် အတွေ့ရများလေသည်။ ဆင်းရဲမွဲတေမှုနှင့် ခြင်ကိုက်မှုသည် တိုက်ရိုက် အချိုးကျနေပါသည်။
ခြစားမှုဆိုသည်မှာ ယုံကြည်စွာ အပ်နှင်းထားသော အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ခြင်းနှင့် လူတို့၏ အဆောက်အအုံပစ္စည်းပစ္စယများကို ကိုက်ဖြတ် ဖျက်ဆီးခြင်းကို ခေါ်ပါသည်။ နိုင်ငံရေးဆိုင်ရာ ခြစားမှုဆိုတာလည်း ရှိသေးသည်။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်သူများက ၎င်းတို့၏ အနေအထားနှင့် ချမ်းသာကြွယ်ဝမှု အတွက်လည်းကောင်း၊ ၎င်းတို့၏ ရာထူးကို အလွဲသုံးစားပြုလျက် မူဝါဒများ၊ အင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ကိုင်တွယ်မှုဟုဆိုပါသည်။ ခြစားမှုသည် အိမ်ကြီးအိမ်ကောင်းတစ်အိမ်ကို ယိမ်းယိုင်ပြိုလဲသွားအောင် တိုက်စားနိုင်သည့် စွမ်းပကားရှိသလို နိုင်ငံကြီးငယ်များကိုလည်း ဖရိုဖရဲ ပြိုလဲ ပျက်စီး ဆင်းရဲသွားအောင်၊  အစိုးရတစ်ရပ် ပြုတ်ကျသွားအောင်၊ ဝန်ကြီးတစ်ယောက် နုတ်ထွက်သွားအောင်၊ နိုင်ငံသားများ၏ ကိုယ်ကျင့်သိက္ခာတရားများ ပျက်ပြားသွားအောင်လုပ်နိုင်သည့် စွမ်းရည်သတ္တိထူး ရှိကြသည်။
ယနေ့ကမ္ဘာကြီးတွင် ခြင်နှင့်ခြတို့ သောင်းကျန်းနေပြီး နိုင်ငံများစွာနှင့် လူအပေါင်းကို ရောဂါမျိုးစုံ ဒုက္ခပေးနေကြသည်။ ခြင်တို့ကြောင့် အိပ်ကောင်းခြင်းမအိပ်ရ၊ တဝီဝီအသံနှင့် နှိပ်စက်သည်။ စိတ်အနှောင့်အယှက်ပေးကြသည်။ ဆစ်ကနဲကိုက်ပြီး အသွေးကို ယူသည့်အပြင် ရောဂါပိုးကိုလည်း လက်ဆောင်အဖြစ် ထားခဲ့သေးသည်။ ယခင်က ခြင်ကြောင့် ဆင်ခြေထောက်ရောဂါ၊ ငှက်ဖျားရောဂါ လောက်သာ ဖြစ်တတ်သော်လည်း တိုးတက်ပြောင်းလဲလာသော လူနေမှုနှင့်အညီ ရောဂါ အသစ်အဆန်းများကိုပါ ပေးလာကြသည်။ သွေးလွန်တုပ်ကွေးရောဂါ၊ ဇီကာဆိုသည့် ဦးနှောက်ပုံမမှန်၊ ဖွံ့ဖြိုးမှုနောက်ကျသည့် ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါတို့ကိုပါ ပေးလာကြသည်။ ထို့ကြောင့် ခြင်ကိုက်မှုမှတစ်ဆင့် လူအများ ဆင်းရဲဒုက္ခဖြစ်စေမှုမှာ ပိုမိုကြီးထွားကျယ်ပြန့်လာပါသည်။
ခြင်များက ဆင်းရဲသားပြည်သူများကိုသာ ကိုက်နိုင်ကြ၊ ဒုက္ခပေးကြတာများသည်။ ချမ်းသာသူနှင့် အုပ်ချုပ်သူအစိုးရများကိုတော့ ဒုက္ခပေးမှု နည်းပါးသည်။ ခြင်း၏သဘာဝက ပတ်ဝန်းကျင်ဆိုးဆိုး၊ အမှိုက်သရိုက်နှင့် ရေဆိုးမြောင်းများဝန်းကျင်တွင် ပျော်မွေ့ကြ၍ လုံခြုံသန့်ရှင်းစွာ အကာအကွယ်ယူထားသော ချမ်းသာသူနှင့် အစိုးရအုပ်ချုပ်သူများကို ကိုက်ဖို့မလွယ်လှပါ။ သူတို့သည် ပတ်ဝန်းကျင် သန့်ရှင်းသပ်ယပ်ပြီး ခြင်၊ ယင်မဝင်နိုင်အောင်၊ မကိုက်နိုင်အောင် ကာကွယ်တားဆီးထားကြ၍ဖြစ်သည်။ သို့သော် သူတို့ကို အကြီးအကျယ် ထိုးနှက်တိုက်ခိုက်ဖို့၊ စားဖို့ကြိုးစား အားထုတ်နေသူမှာ ခြများပင်ဖြစ်သည်။ ခြများကတော့ ချမ်းသာသူ၊ အောင်မြင်ကျော်ကြားသူ၊ အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်ရှိသူများကို အဓိကထား ခြိမ်းခြောက်ကြသည်။ ပေါင်းသင်းဆက်ဆံကြသည်။ ကမ္ဘာနှင့်မြန်မာ၏ ရာဇဝင်သမိုင်းများတွင် အုပ်ချုပ်မင်းလုပ် သူအဆင့်ဆင့်တို့သည် ခြစားမှုကြောင့် ကိုယ်ကျင့်သိက္ခာများ အခြေမခိုင်တော့ဘဲ ယိမ်းယိုင် ပြိုလဲ အရှက်ကွဲရမှုများစွာရှိခဲ့သည်။ သူတို့၏ ကိုယ်ကျင့်သီလနှင့် အရှက်အကြောက်တရားများ ခြကိုက်ခံရ၍ ပြိုလဲပျက်စီးသောအခါ နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် ဝန်ပိ ဖိမိ၍ ပြည်သူများ ဆင်းရဲဒုက္ခရောက်ရသည် များလည်း အထင်အရှားပင်ဖြစ်သည်။
ခြင်များက လူမြင်သူမြင် အသံပေးကိုက်တတ်သော်လည်း ခြများကတော့ လူမြင်လည်း မခံဝံ့၊ အသံလည်းမပေးကြဘဲ လူတို့၏ အဆောက်အအုံ၊ အသုံးအဆောင်တို့ကို ကိုက်ဖြတ် ဖျက်ဆီးကြသည်။ ခြများ၏သဘာဝမှာ အတွင်းလှိုက်စားခြင်း၊ လူမသိအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့သည် ကင်ဆာဆဲလ်များပမာပင်ဖြစ်သည်။ ကင်ဆာဆဲလ်များသည် ဖြစ်ခါစတွင် လူတို့သတိပြုမိဖို့ ခက်ခဲသည်။ အတွင်းတွင် လူမသိသူမသိ၊ ဆရာဝန်မသိအောင် တိတ်တဆိတ်ဖြစ်နေပြီး ထုထည်ကြီးမား အင်အားများလာ၊ အခြေအနေ ဆိုးလာမှသာ သိရသည်ကများသည်။ ထို့ကြောင့် ကင်ဆာရောဂါဖြစ်ပြီဆိုလျှင် လူတို့ ကြောက်ရွံ့ထိတ်လန့်ကြခြင်းဖြစ်သည်။ ခြများသည်လည်း အဆောက်အအုံ၊ စာအုပ်စာတမ်းများ၏ အတွင်းပိုင်းတွင် တိတ်တဆိတ် လျှို့ဝှက်စွာ ကိုက်ဖြတ်စားသောက်ကြသည်။ အကောင်ရေများလာသည်နှင့်အမျှ အတွင်းလှိုက် စားသည့်မမာဏလည်း ကြီးမားလာပြီး လူတွေ သတိထား သိရှိသည့်အခါမှာတော့ အခြေအနေ အတော်ဆိုးရွားနေပြီဖြစ်သည်။ အခြေပြတ်နေပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် ခြနှင့်ခြင်တို့ကို သတ်ဖြတ်နှိမ်နင်းဖို့ ကြိုးစားလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူတို့သည် လျော့နည်းပျောက်ကွယ်သွားခြင်းမရှိပါ။ ပို၍ပင်အားကောင်း များပြားလာသည်ကို တွေ့ရသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ခြစားမှုနှင့် ခြင်ကိုက်မှုတိုက်ဖျက်ရေး စီမံကိန်းများ၊ အဖွဲ့အစည်းများ၊ လုပ်ဆောင်ချက်များ၊ ဥပဒေများရှိသော်လည်း ထိရောက်မှုနည်းသည်ကို တွေ့ရသည်။ သူတို့ကို တိုက်ဖျက်ဖို့ ကြိုးစားမှုကပဲ အားမကောင်း မထိရောက်လို့လား၊ သူတို့ကပဲ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲသည့် ဖြစ်စဉ်များရှိ၍ လားမသိချေ။ သူတို့ကြောင့်ဖြစ်ရသည့် လူတို့၏ စိုးရိမ်သောကဒုက္ခများနှင့် ရောဂါများ၊ ပျက်စီးဆုံးရုံးမှုများကလည်း အမျိုးအမည်၊ ပုံစံအသစ်အဆန်းနှင့် ထွက်ပေါ်လာလျက် ရှိလေသည်။ ထို့ကြောင့် ခြနှင့်ခြင်သည် ကမ္ဘာနှင့် မြန်မာတို့အစိုးရများ၊ ပြည်သူများကို စိန်ခေါ်နေတုန်း၊ ခြိမ်းခြောက်နေတုန်း၊ အင်အားပြနေတုန်းပင်ဖြစ်သည်။
နိုင်ငံတစ်ခုတွင် ခြစားမှုသည် အနည်းနှင့်အများ၊ အသေးနှင့်အကြီး ရှိကြသည်သာ ဖြစ်သည်။ နည်း၍သေးသော ခြစားမှုရှိသည့် နိုင်ငံတွင်တော့ ကြံ့ခိုင်မှု၊ ပျက်စီးမှု၊ ယိုယွင်းမှုသက်သာပြီး မသိသာ၍ နိုင်ငံနှင့်ပြည်သူတို့ ဆိုးကျိုးခံစားရမှု နည်းပါးသည်။ ထိုနိုင်ငံများသည် အများအားဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး ပွင်လင်းမြင်သာမှုရှိသည့်နိုင်ငံ၊ သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သည့်အုပ်ချုပ်ရေး ယန္တရားရှိသည့်နိုင်ငံ၊ လူတစ်ဦးချင်းစီ၏ တာဝန်သိမှု၊ တာဝန်ယူမှု၊ ရိုးသားမှု၊ ပညာရည်မြင့်မားမှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှု၊ အရှက်အကြောက်တရား ကြီးစိုးမှုအားကောင်းမှုပေါ်တွင် မူတည်ပေသည်။ ဆင်းရဲနွမ်းပါးသော လိုအပ်ချက်မျိုးစုံရှိနေသော၊ အာဏာရှင်ဆန်ဆန် အုပ်ချုပ်သော၊ ပွင့်လင်းမြင်သာမှုမရှိသော အစိုးရယန္တရားရှိသည့်နိုင်ငံ၊ စွမ်းဆောင်ရည်နိမ့်ကျသော၊ မပြတ်သားသော၊ ပျော့ညံ့သော၊ ကတိတရားအားနည်းသော၊ အသိအမြင် နည်းပါးနိမ့်ကျသောနိုင်ငံတို့တွင် ခြင်နှင့် ခြတို့သည် ကြီးထွားရှင်သန်တတ်ကြသည်။ သက်ဆိုးပိုရှည်တတ်သည်။
၂၀၁၅ ခုနှစ် ခြစားမှုကင်းစင်သည့် အညွှန်းကိန်း(Corruption – Perception Index) တွင် မြန်မာနိုင်ငံသည် အဆင့် ၁၄၇ ၌ ရှိနေပြီး နောက်ဆုံးအဆင့်ဖြစ်သည့် အာဖဂန်နစ္စတန်သည် အဆင့် ၁၆၆ ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှတိုက်၏ အဆင်းရဲဆုံး နိုင်ငံထဲတွင်လည်း ပါဝင်နေသည်ဟု သိရသည့်အပြင် လူဦးရေ၏ လေးပုံတစ်ပုံသည် ဆင်းရဲမွဲတေသည့် အဆင့်သတ်မှတ်ချက်တွင် အနိမ့်ဆုံးမှာ ရောက်နေသည်ဟုဆိုသည်။ နိုင်ငံရေးဆိုင်ရာ ခြစားမှုသည် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အဓိက အဟန့်အတားဖြစ်သည်။ နိုင်ငံ၏ ပုံမှန်လုပ်ငန်းစဉ်များကို ပျက်ပြားစေပြီး ဒီမိုကရေစီစနစ်နှင့် ကောင်းသောအုပ်ချုပ်ရေးကို ဖျက်ဆီးပစ်လေ့ရှိသည်။ ခြစားမှုသည် ဒီမိုကရေစီစနစ် ကောင်းစွာအခြေကျနေသော နိုင်ငံကိုပင် ထိခိုက်စေနိုင်၍ မြန်မာကဲ့သို့သော ဒီမိုကရေစီစနစ် စတင်ထူထောင်သောနိုင်ငံအတွက်ဆိုလျှင် များစွာထိခိုက်နိုင်သည်။ ခြစားမှုထူပြောသော နိုင်ငံတစ်ခုတွင် တာဝန်ယူမှု၊ တာဝန်သိမှုရှိသော နိုင်ငံရေး ဦးဆောင်မှုသည် အလွန်အရေးကြီးလှပါသည်။
ရပ်ကွက်ထဲတွင် ကလေးတွေခြင်ကိုက်ခံရ၍ သွေးလွန်တုပ်ကွေးဖြစ်သည့်အခါ အဖွဲ့အစည်းတစ်ခုခုမှ ဦးဆောင်၍ ခြင်ဆေးဖျန်း ပေးတတ်သည်။ သို့သော်လည်းခြင်များသည် နောက်ရက်များတွင် ပျံလို့၊ ကိုက်လို့ကောင်းတုန်း၊ ကလေးလူကြီးတို့ကို ခြိမ်းခြောက်လို့ ကောင်းတုန်းပင်ဖြစ်သည်။ ခြင်ရန်ကြောင့် နေ့စဉ်ကုန်ကျသည့် ခြင်ဆေးဖိုးငွေကလည်း မနည်းသလို ကျန်းမာရေးအတွက်လည်း စိုးရိမ်ရသေးသည်။ ခြင်ဆေးကိုပေါ့ဆ၍ မီးလောင်တာလည်း ရှိသေးသည်။ ခြင်၊ ခြင်ဆေးဖိုး၊ ခြင်ဆေးကြောင့်ထိခိုက်သည့် ကျန်းမာရေး၊ ငွေကြေး၊ မီးလောင်မည့်ဘေးတို့ကြောင့် စိတ်သောကရောက် ဒုက္ခများနေသည်မှ လွတ်လမ်းတော့မမြင်သေးပါ။ ဘာကြောင့်လဲဆိုလျှင် ဆင်းရဲတွင်းမှလွတ်ဖို့ အလှမ်းဝေး နေသေး၍ဖြစ်သည်။
ဆင်းရဲသားပြည်သူများကို အနီးကပ် တိုက်ခိုက်ဒုက္ခပေးနေသည့် ခြင်ကိုက်ခြင်းအန္တရာယ်မှ ကင်းဝေးအောင်၊ ဒီမိုကရေစီနှင့် နိုင်ငံတည်ဆောက်ပြုပြင်ရေးတွင် အဓိက အဟန့်အတားဖြစ်နေသော ဆင်းရဲမွဲတေ နိမ့်ကျစေသော ခြစားမှုများ ကင်းစင်ပပျောက်အောင် မျှော်လင့်နိုင်သည့် အခြေအနေကောင်းများက လောလောဆယ်မှာတော့ အလှမ်းဝေးနေသေးသည်ဟု ယူဆမိပါသည်။ ခြစားခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးမှုကို ဟန့်တားနောက်ကျစေသည်။ ဖွံ့ဖြိုးမှု နည်းပါးနှေးကွေးခြင်းသည် ဆင်းရဲမွဲတေမှုကို ကြာရှည်စေသည်။ ဆင်းရဲမွဲတေမှုသည် ခြင်ကိုက်ခြင်းကို အားပေးသည့်အတွက် ခြင်ကိုက်ခြင်းနှင့် ခြစားခြင်းသည် အပြန်အလှန် ဆက်စပ်နေပေသည်။