သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်ကျော် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လာရောက်သူ နည်းပါးလျက်ရှိ

သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်ကျော် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လာရောက်သူ နည်းပါးလျက်ရှိ
Published 29 March 2016
အောင်သူ၊ လဲ့လဲ့အောင်

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့် (မတ် ၂၃) ရက်မှ လပြည့်ကျော် ၉ ရက် (ဧပြီ ၁ ရက်) အထိ ကျင်းပသွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် ပွဲတော်သို့ လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။ရွှေစာရံပွဲတော် စတင်ကျင်းပသည့် တပေါင်းလပြည့်နေ့တွင် ပွဲတော်လာသူများဖြင့် စည်ကားမှုရှိခဲ့သော်လည်း လပြည့်ကျော် နောက်ပိုင်းရက်များတွင် မန္တလေးမြို့ပေါ် နှင့် အနီးဝန်းကျင်ဒေသများမှ လာရောက်သူများ အနည်းငယ်သာရှိပြီး အခြားဒေသ ပရိသတ်များ မလာရောက်သေးကြောင်း သိရသည်။“ပွဲစတဲ့နေ့က တပေါင်းလပြည့်နေ့ဆိုတော့ ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်ပြီး လူစည်သွားတာပဲ ရှိတယ်။ တကယ်တမ်းကျ ပွဲရက်က မဝင်သေးဘူး။ အခုလောလောဆယ်တော့ မန္တလေးမြို့ပေါ်နဲ့ အနီးဝန်းကျင်ကလူတွေပဲ လာကြသေးတယ်။ ဇာတ်ပွဲစကမယ့် လပြည့်ကျော် ၆ ရက်ကျမှ ပွဲရက်ဝင်ပြီး နယ်ဧည့်ပရိသတ်တွေလည်း အစုံအလင် ရောက်ရှိလာတတ်တယ်။ ပွဲဈေးသည်တွေတောင်မှ အခြားပွဲတွေပြီးလို့ ဒီဘက်ကို ကူးလာတဲ့အတွက် အခုရက်ပိုင်းမှ အစုံရောက်လာတာ။ လပြည့်နေ့ကတော့ ဈေးရောင်းရတာ မဆိုးပါဘူး။ အခုကြားရက်ကတော့ ပါးတယ်။ အရင်နှစ်ကထက်စာရင် သိပ်ရောင်းမကောင်းဘူးလို့ ဆိုရမယ်။ ဒီပွဲရဲ့အစည်ကားဆုံးဖြစ်တဲ့ လပြည့်ကျော် ၇၊ ၈ ရက်တွေကို စောင့်ကြည့်ရဦး မယ်”ဟု ရွှေစာရံဘုရား မုခ်ဦးရှေ့တွင် ပွဲတော်ပြန်အမှတ်တရ ထန်းရွက်ပုတီးရောင်းချသည့် ဈေးဆိုင်ရှင်တစ်ဦးက ဆိုသည်။ရွှေစာရံဘုရားပွဲတော်သို့ လာရောက်ကြသူများအနေဖြင့် ဘုရားဖူးခြင်း၊ ဘုရားဒါယိကာမကြီး စောမွန်လှအား ကန်တော့ပွဲထိုး ငွေကြေးဆက်သခြင်း၊ ပွဲဈေးတန်း လျှောက်ကာ အမှတ်တရပစ္စည်းဖြစ်သည့် ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ တောင်သူသုံးပစ္စည်းများ၊ ရှမ်းပြည်နယ်မှ လာရောက် ရောင်းချသည့်  ဆေးဖက်ဝင် သစ်ဥ၊သစ်ဖုများ၊ ရိုးရာအစားအစာဖြစ်သည့် မုန့်ခေါင်းအုံး၊ ကရေကရာ စသည့် စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းတို့ကို  ဝယ်ယူစားသောက်ခြင်းအပြင် ဒုဋ္ဌဝတီမြစ်အတွင်းသို့ ငှက်လှေစီးခြင်း၊ အပျော်ရေကစားခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။“ဟိုတုန်းကတော့ ဒုဋ္ဌဝတီမြစ်ရေက သဘာဝအတိုင်း စီးနေတော့ ပွဲတော်ရက်ရောက်ရင် ငွေသောင်ယံဆိုတာ ရှိတယ်။ အဲ ဒီမှာ ပွဲတော်လာသူအားလုံးက တစ်နေကုန် ရေစိမ်ဆော့ကစားပြီး နေခဲ့ကြတာ။အခု နောက်ပိုင်း ငွေသောင်ယံ ပျောက်သွားတာလည်း ကြာပြီ၊ ဒုဋ္ဌဝတီမြစ်ရေကလည်း မနက်ပိုင်း ၁၂  နာရီအထိ ရေပါးပြီး သောင်လေးတွေ ပေါ်နေသေးတယ်။ နေ့ခင်းပိုင်း ၂ နာရီ ၃ နာရီလောက်ကစပြီး ရေ တဖြည်းဖြည်းတက်လာပြီး သောင်တွေပျောက်သွားတဲ့အတွက် ဆိုင်တွေလည်း အရင်လို မြစ်လယ်ကောင်မှာ ဖွင့်လို့ မရတော့ဘူး” ဟု တံတားဦး-အင်းဝဒေသမှ အပျော်စီးငှက်လှေ လာရောက်ပြေးဆွဲသူ ဦးရေဝိုင်းက ရှင်းပြသည်။ရွှေစာရံဘုရားပွဲတော် ပျော်ပွဲရွှင်ပွဲအနေဖြင့် မျက်လှည့်ပွဲများ၊ ခြင်းအလှခတ်ပွဲများအပါအဝင် တပေါင်းလပြည့်ကျော် ၆ ၊ ၇၊ ၈ ရက်များတွင် အမြင်သစ် ဇာတ်ပွဲကပြ ဖျော်ဖြေမည်ဖြစ်ပြီး လပြည့်ကျော် ၉ ရက် နံနက်ပိုင်းတွင် ရွှေစာရံကျေးရွာအုပ်စု လေးစုရှိ ရွာပေါင်း ၁၀ ရွာက ဘုန်းတော်ကြီးကျောင်း ၂၇ ကျောင်းမှ သံဃာအပါး ၁၈၀ ဆွမ်းသပိတ် လောင်းလှူခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။အနော်ရထာမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သူ စောမွန်လှ တည်ထားခဲ့သော ရွှေစာရံဘုရားသည် နှစ်ပေါင်း  ၉၀၀ ကျော်ရှိပြီဖြစ်ပြီး  ကောဇာသက္ကရာဇ် ၄၁၆ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁၀ ရက်တွင် အနော်ရထာမင်းကြီးက မြေများလှူဒါန်းခဲ့ပြီး အလောင်းစည်သူမင်းကြီးသည် ထိုဘုရားအား ထပ်မံ၍ သက္ကရာဇ် ၄၇၅ ခုနှစ် တပို့တွဲလဆန်း ၄ ရက်တွင် မြေနှင့်ကျွန်များ ထပ်မံလှူဒါန်းခဲ့ရာ ထိုကုသိုလ်ကောင်းမှုတို့အား အရှည်တည်တံ့နိုင်ရန် ပဒုံမင်းက ကျောက်စာမော်ကွန်း အသစ်ရေးထိုး၍ ထပ်ဆင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများ ရှိခဲ့သည်။ 

Most Read

Most Recent