ဘဝသစ်

ဘဝသစ်
Published 17 March 2016
သန်းထိုက် (သာကေတ)

ဘဝဆိုသည်မှာ သတ္တဝါ တစ်ဦးတစ်ယောက်၏ ဖြစ်စဉ် သို့မဟုတ် ဖြစ်မှုပျက်မှု ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်ကို ခေါ်ဆိုနိုင်သည်။ တစ်ယောက်ထက် ပိုလာသော မိသားစု၊ လူ့အဖွဲ့အစည်း၊ လူမျိုးနိုင်ငံတစ်စု၏ ဖြစ်မှုပျက်မှု ပြောင်းလဲမှု ဖြစ်စဉ်သည်လည်း ဘဝပင် ဖြစ်သည်ဟု ယူဆပါသည်။ ဘဝသစ်ဆိုသဖြင့် ဘဝဟောင်းက အကြောင်းပါလာသည်။ ဘဝသစ်သည် အကျိုးဖြစ်လာမည်။ သစ်ပင်တောတောင်ရေမြေ၊ တိရစ္ဆာန်အပါအဝင် နိုင်ငံသား အားလုံးသည် နိုင်ငံတစ်ခု၏ဘဝတွင် အကျုံးဝင်ပါသည်။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ ရောက်ရှိဖြစ်တည်နေခြင်း၊ ပြုပြင်ပြောင်းလဲနေခြင်း၊ ပျက်စီးပျောက်ကွယ် သွားခြင်းတို့ ကြုံရမည်ဖြစ်သည်။ ထိုသဘောတရားများ အားလုံးကို လွှမ်းခြုံ၍ ဘဝဟု သတ်မှတ်ပြောဆိုလေ့ ရှိကြပါသည်။
စိမ်းလန်းစိုပြည်ပြီး အရွက်အလက်အခက်တွေ ဝေဆာနေသည့်သစ်ပင် ယနေ့အခက်အလက်ကင်းပြီး သွေ့ခြောက်နေခြင်း၊ ရာသီကြောင့်၊ လူကြောင့် ရေကန်နှင့်ရေ ကွာ ရှင်းပြတ်စဲပြီး သွေ့ခြောက်ပပ်ကြားအက်နေ ရှာသည့် ရေကန်၏ အပြစ်သနှစ်တို့သည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဖော်ပြနေပေ သည်။ ညိုညိုမှိုင်းမှိုင်း တောတန်းကြီးတွင် လှပဖြောင့်စင်း ဂုဏ်ဝင့်ထည်ခဲ့သော ကျွန်းပင်ကြီး ယခုအခါ လူတစ်ကာ၏ နင်းပြားအခင်း ဘဝရောက်နေခြင်း၊ လူနတ်တကာတို့ ရှိခိုးပူဇော်အထူးကို ခံယူထိုက်သော မြတ်ဘုရား ပုံတော်ဘ၀ ရောက်နေခြင်း၊ မြင်သူတကာ တွေဝေငေးမော ကြည့်လောက်အောင် ညှို့ချက်ပြင်းသည့် ပန်းပုရုပ်သွင် ရောက်ရှိနေခြင်း၊ မာန်ဟုန်ပြင်းပြင်း ရန်သူ့မီးကြောင့် ဘဝပျက်ယွင်း ပြာပုံအတွင်း သက်ဆင်းရခြင်းသည် ကျွန်းတစ်ပင်၏ ဘဝဟောင်းနှင့် ဘဝသစ်ပင် ဖြစ်သည်။ ကျွန်းပင်သာ စကားပြောတတ်၍ မည်သည့်ဘဝသစ်ကို လိုချင်မည်လည်းဟုမေးလျှင် အဖြေက ရှင်းပါသည်။ မဖြေဘဲနှင့် သိနှင့်ပါသည်။
အသစ်ဆိုသည်မှာ အဟောင်း၏ ပြောင်းလဲခြင်း သဘောပင်ဖြစ်သည်။ မူလအခြေအနေတစ်ခု၊ အနေအထား တစ်ရပ်မှ အခြားအခြေအနေ တစ်ခုသို့ ပြောင်းလဲတည်နေခြင်းပင်ဖြစ်သည်။ အဟောင်းမှ အသစ်ဖြစ်ဖို့ ပြောင်းလဲခြင်း၊ ပြုပြင်ခြင်း၊ အလုပ်ဖြစ်ခြင်းတို့ လိုပါသည်။ လမ်းပေါ်မှ ကျောက်တုံးကို လမ်းဘေးထိုးချဖယ်ရှားဖို့ အရွေ့တစ်ခု လိုပါသည်။ ကျောက်တုံး အနေအထားပြောင်းဖို့ အရွေ့လိုသလို ရွေ့ဖို့အတွက် အလုပ် (သက်ရောက်မှု) လိုပါသည်။ ထိုအလုပ်သည်လည်း ရွေ့နိုင်လောက်သည့် သက်ရောက်မှု၊ အလုပ်ဖြစ်မှုဖြစ်ဖို့ အရေးကြီးပါသည်။ ထို့ကြောင့် ပြောင်းလဲရွှေ့လျားမှုကို ဖြစ်စေသည့် အလုပ်ရှိမှသာ အဟောင်းမှအသစ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။
သက်မဲ့နှင့် တိရစ္ဆာန်တို့၏ ဘဝပြောင်းလဲမှု ဖြစ်စဉ်သည် လူသားတို့ဘ၀ ပြောင်းလဲမှု ဖြစ်စဉ်လောက် နက်နဲရှုပ်ထွေးမှု မရှိဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုလျှင် သက်မဲ့တွင် ရုပ်တစ်ခုသာရှိပြီး တိရစ္ဆာန်တို့တွင် ရုပ်နှင့်နာမ် ရှိသော်လည်း သူတို့သည် လူတို့လောက် အဆင့်မြင့်မားမှုမရှိ၍ ဖြစ်သည်။ ဘဝတစ်ခုသည် တိုးတက်မြင့်မားလေ နက်နဲရှုပ်ထွေးလာလေ ဖြစ်တတ်ပါသည်။ မော်ဒယ်လ်ဟောင်း ကားတစ်စီး ဖွဲ့စည်းတည်ဆောက်ပုံသည် မော်ဒယ်သစ်ခေတ်မီကား တစ်စီးလောက် နည်းပညာ ရှုပ်ထွေးမည် မဟုတ်ပါ။ မော်ဒယ်ဟောင်း ကားတစ်စီးမှ မော်ဒယ်သစ်ကားတစ်စီးသို့ ပြုပြင်ပြောင်းလဲရာတွင် အချို့အစိတ်အပိုင်းများကို စွန့်ပစ်မေ့ဖျောက်ထား၍ ရသော်လည်း အင်ဂျင်နှင့် ဘီးကိုတော့ ဖျောက်ဖျက်၍ မရနိုင်ပါ။ ထို့အတူ လူသားတို့ ဘဝသစ်သို့ ပြောင်းလဲရာတွင်လည်း တချို့အခြေခံ အကြောင်းတရားများက ကပ်ငြိပါလာတတ်ပါသည်။
အဖိုးတန် ယမင်းရုပ်တုလုပ်မည့် သစ်လုံးတွင် အမျက်၊ အဖု၊ အထစ်၊ အကွဲတွေ ကင်းစင်မှသာ အမျိုးမှန် အဖိုးတန်ပေလိမ့်မည်။ အမျက်၊ အကွဲ၊ အချိုင့်များကို မိတ်ကပ် ဖို့သလို ဖာထေးဖုံးအုပ်ထားသော်လည်း တစ် ချိန်တွင် ကွာကျအမြင်မလှ ဖြစ်နိုင်ပါသည်။ ထိုအခါ ဘဝဟောင်းမှ သစ်လုံး၏ ဘဝသစ် ယမင်းရုပ်ပြောင်းလဲမှု ဖြစ်စဉ်တွင် တန်ဖိုး လျော့ကျနစ်နာ ပေလိမ့်မည်။ ထည်ဝါဝင့်ကြွား လူကြိုက်များဖို့ ယမင်းရုပ်ကြီးကြီး ထုလုပ်ဖို့ကို ဦးစားပေးပြီး အပြစ်အနာအဆာကို ဖယ်ရှားဖို့ ရှောင်လွှဲဖို့ ငဲ့ကွက်ခဲ့မယ်၊ ပျက်ကွက်ခဲ့မယ်ဆိုရင် ပြီးပြည့်စုံသည့် တန်ဖိုးရှိယမင်းရုပ် ဖြစ်လာတော့မည် မဟုတ်ပါ။ စစ်မှန်ကောင်းမွန် တန်ဖိုးကြီးသည့် ယမင်းရုပ်အတွက် ပယ်သင့်သည်ကို ပယ်မည်၊ ဖြတ်တောက်ဖယ်ရှား သင့်သည်ကို လုပ်နိုင်သည့် စွန့်လွှတ်မှု ပြတ်သားမှုကို လိုပါသည်။
ဘဝဟောင်းသည် မူလဆီမီးတောက်နှင့်တူပြီး ဘဝသစ်သည် ဒုတိယဆီမီးတောက် ကို လုံး၀ ဖျက်ဆီးငြှိမ်းသတ်ခြင်း မဟုတ်ပါ။ ကူးယူခြင်းသာဖြစ်သည်။ ထို့အတူ ဘဝတစ်ခု၊ နိုင်ငံတစ်ခု၏ ဘဝဟောင်းမှ အသစ်သို့ ကူးပြောင်းရာတွင်လည်း မူလအတိုင်း ထားသင့် ရှိသင့်သော အရာများကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဖြစ်သည်။
နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲရာတွင်လည်း ခေတ်မီတိုးတက်ဖို့ အရေးကြီးသလို အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ ယဉ်ကျေးမှုနှင့် ဘာသာသာသနာ တို့ကိုတော့ မူလအတိုင်း မပျောက်မပျက် တည်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါသည်။ သို့မှသာ အပြစ်အနာအဆာ ကင်းပြီး လူတကာငေးကြည့်ရသည့် ပြီးပြည့်စုံသော ဘဝသစ်ဖြစ်လာမည်ဟု ယူဆပါသည်။ အဟောင်းကို ပိုကောင်းအောင် ပြုပြင်ပြောင်း လဲရာတွင် အချို့အရာများကို စဉ်းစားဆင်ခြင်ပြီး ပြောင်းသင့်မှပြောင်းတာ ပိုကောင်းသည်။ အချို့က အဟောင်းအတိုင်း မူလအတိုင်းထားသင့်၊ ထိန်းသိမ်းသည့် အရာများဖြစ်သည်။ ယဉ်ကျေးပျူငှာသိမ်မွေ့သည့် မြန်မာ့ယဉ်ကျေးမှုမျိုး၊ ပျူ၊ သရေခေတ္တရာ၊ ဗိဿနိုး၊ မန္တလေးနန်းနှင့် ကျုံးတို့လို အစားထိုးမရသည့် အစားမထိုးသင့်သည့် အရာများကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဖို့ လိုပါသည်။
မြန်မာနိုင်ငံ၏ ဘဝဟောင်းနှင့် ဘဝသစ်သည် တံဆိပ်တုံးပမာဖြစ်ဖို့ လိုအပ်သည်ဟု ထင်မိသည်။ တံဆိပ်တုံးတွင် ထွင်းထားသော စာလုံးများ၊ အမှတ်သင်္ကေတများ၊ လက်မှတ်များ၊ ရာထူးဌာနများရှိသည်။ ထိုတံဆိပ်တုံးပါ စာသားများကို ဖတ်ရှုကြည့်လျှင် ပြောင်းပြန်စာလုံးများကို မြင်ရသည်။ စာရွက်ပေါ်တွင် ရိုက်နှိပ်လိုက်သည့် အခါမှသာ အတည့်စာလုံးများ ပေါ်လာသည်။ တံဆိပ်တုံးနှင့် စာသားများကို ဘဝဟောင်းကို မြင်ကြည့်လျှင် စာရွက်ပေါ်မှာ ပေါ်လာသော စာသားများသည် ဘဝသစ်ဖြစ်သည်။ ဘဝဟောင်းမှ မတည့်မမှန်ကြောင်း ပြန်ဖြစ်နေသော စာသားများသည် ဘဝသစ်တွင် အတည့်အမှန်စာသားများ ဖြစ်ဖို့လိုပါသည်။
လူသားသည် အမှားလုပ်တတ်ကြသည်။ မှားတတ်သည်။ ထိုအမှားများသည် အာရုံကြောင့်၊ ဆင်ခြင်တုံတရားကြောင့်၊ ခံစားမှုကြောင့်၊ ဆန္ဒနှင့် အတ္တကြောင့် မှားတတ်ပါသည်။ အချုပ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟဆိုသည့် အဝိဇ္ဇာကြောင့် မှားတတ်ကြသည်။ ဘဝမှာ အမှားများလေ အဆင်မပြေ မှုကြုံရလေဖြစ်သည်။ အမှားတစ်ခုသည် မိသားစု၊ အဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံအတွက် ဖြစ်နိုင်သလို တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာ၊ မျိုးဆက်တစ်ခု၊ မျိုးဆက်များစွာကိုလည်း သက်ရောက်နိုင်ပါသည်။ ထို့ကြောင့် အမှားနည်းအောင်၊ ကင်းအောင်၊ သေးအောင် လုပ်နိုင်မှ ဘဝတစ်ခု အဆင်ပြေကောင်းမြတ် လိမ့်မည်။ ပလေတိုကလည်း ပြောဖူးသည်။ ကောင်းမြတ်တဲ့ဘ၀ တစ်ခုမှာ ရှိရမည့် အရည်အချင်းကတော့ ဆင်ခြင်မှုနှင့် ခံစားချက် (Reason and Feeling) ကို တညီတညွတ် ပေါင်းစပ်နိုင်ဖို့ ဖြစ်သည်ဟု။
မြန်မာနိုင်ငံ၏ မတည့်မမှန်ပြောင်းပြန် ဖြစ်နေသည့် အနေအထားများကို အတည့်အမှန်ဖြစ်အောင် ရိုက်နှိပ်ရတော့မည်ဖြစ်သည်။ သစ်ပင်ပန်းမန် ကျေးငှက်သာရကာ တို့နှင့် ပြည့်စုံထုံမွမ်းထားသည့် တောတောင် များအစား တောပြုန်းတောင်ကတုံးနှင့် လွင် တီးခေါင်များ၊ ကောက်ကွေ့သောင်ထွန်း ကမ်းပါးပြိုကျ၍ ရုပ်ပျက်ဆင်းပျက် အလှပျက် နေသော မြစ်ချောင်းများ၊ စိုပြည်စိမ်းလဲ့ညီ ညာပြန့်ပြူးသည့် မြေလွှာအစား ခြောက်သွေ့ အက်ကွဲအရုပ်ဆိုး အကျဉ်းတန်လှသည့် ပပ် ကြားအက်များ၊ ကိုယ့်မြေ ကိုယ်ရေ ကိုယ်အမေနှင့် လုံခြုံစိတ်ချ ကောင်းမှုပွားရမည့်အစား သူ့မြေသူ့ရေသူ့အမေတို့ထံမှ ကျီးလန့်စာစား သောကပွားနေရသည့် မြန်မာများ၊ လယ်လုပ်သူ လယ်မပိုင်၊ လယ်မလုပ်သူ လယ်ပိုင် ဖြစ်နေသည့် အဖြစ်များ၊ မြင်သာမြင်ရ မကြင်ရသည့် အဖြစ်များ၊ ကိုယ်ကျင့်တာ ကိုယ့် တရားဟု အမှန်အမှား၊ အကောင်းအဆိုး ခွဲခြားဝေဖန်မရမှုများ စသည့် ဘဝဟောင်းမှ ပြောင်းပြန်ဖြစ်နေသည်များကို အတည့်အမှန် ဖြစ်ကြောင်းဖို့ ကြိုးစားရမည့် အချိန်အခါ ရောက်နေပြီ ဖြစ်ပါသည်။
ယနေ့မြန်မာပြည်သူများတွင် အပြစ်အနာအဆာ ပေါင်းစုံနှင့် အဘက်ဘက်က ချွတ်ခြုံကျနေသည့် နိုင်ငံကို ကောင်းမွန်တိုးတက် စေချင်သည့် စိတ်စေတနာရှိသူ များပါသည်။ အနည်းစုကသာ ကိုယ့်အရေး၊ ကိုယ့်အတ္တ၊ ကိုယ့်အတွေးနှင့် ကျင့်ကြံနေသူလည်း ရှိပါသည်။ မြန်မာတို့ တစ်ခုသတိထားဖို့တော့ လိုလိမ့်မည်။ ရှေးပညာရှိ လူကြီးသူမများ မှတ်သားဖွယ် ချန်ထားခဲ့သော စကားမှာ စေတနာ၌ ဉာဏမပါလျှင် (သို့မဟုတ်) စေတနာ၌ အသိဉာဏ်ပညာ၏ စောင့်ရှောက်မှုပေါင်းယှဉ်မှု မရှိလျှင် စေတနာကောင်းပင် ဖြစ်သော်လည်း အကျိုးမရှိနိုင်ဟူ၍ ဖြစ်သည်။ စေတနာကောင်း အကျိုးမဖြစ်တာက တော်ပါသေးသည်။ ဝေဒနာဖြစ်မှာတော့ စိုးလှသည်။

Most Read

Most Recent