ပြည်သူ့လွှတ်တော်တွင် စီမံကိန်းများနှင့် ပတ်သက်သည့် အရေးကြီးအဆို ဆွေးနွေးရာတွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ လက်ပံတောင်းတောင် စီမံကိန်းနှင့် ကပစ(၂၀) တပ်မြေ ကိစ္စအကြောင်း ထည့်သွင်း ဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ညွှန်ကြားပြီးဖြစ်ကြောင်း မတ် ၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ ကြေညာခဲ့သည်။
ပုလဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းသည့် "နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီး နောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း" အရေးကြီးအဆို တင်သွင်းခဲ့သည်။
အဆိုပါ အဆိုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာ၌ စေတုတ္တရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဆိုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ကပစ (၂၀) တပ်မြေကိစ္စနှင့် ပတ်သက်၍ အချက်အလက်အဟောင်း အချို့အား ထည့်သွင်းဆွေးနွေးမှုအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ် ကန့်ကွက်ခဲ့သည့်အပြင် ဆွေးနွေးချက်များထဲမှ အထက်ပါ ကိစ္စရပ်နှင့် သက်ဆိုင်သည့် ဆွေးနွေးချက်များအား ပယ်ဖျက်ပေးရန် ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
"၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၁၅၈)၊ နည်းဥပဒေခွဲ (ဂ) ၌ အဆိုတစ်ရပ်ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသော စည်းကမ်းချက်နှင့် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်သည် ကိုက်ညီမှု မရှိသည့်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တင်ပြလာသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကပစ(၂၀)၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ပြည်သူ့လွှတ်တော် မှတ်တမ်းမှ ထုတ်နုတ်ပယ်ဖျက်ရန် ရုံးအဖွဲ့သို့ ညွှန်ကြားပြီးဖြစ်ကြောင်း အသိပေး တင်ပြပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က တင်သွင်းသည့်စာတွင် ပြည်သူ့လွှတ်တော ဥက္ကဋ္ဌက အဆိုကို မဆွေးနွေးမီ ကြိုတင်သတိပေးထားခြင်း၊ ဆွေးနွေးနေစဉ်မှာပင် နှစ်ကြိမ်သတိပေးခဲ့ သော်လည်း အလေးထားခြင်း မရှိဘဲ စေတုတ္တရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင် အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းနှင့် ကပစ(၂၀)၏ တပ်မြေကိစ္စများကို ဆွေးနွေးခြင်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တပ်မတော်တို့၏ ဥပဒေနှင့်အညီ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထု အနေဖြင့် အထင်လွဲမှားမှုများ ဖြစ်စေနိုင်ခြင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း စတင်ချိန်ကာလ အစမှာပင် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အမြင်သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် ဆွေးနွေးချက်များတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကပစ (၂၀) ၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ကန့်ကွက်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော် မှတ်တမ်းများမှ ပယ်ဖျက်ပေးနိုင်ပါရန် ကန့်ကွက်လွှာ တင်သွင်းကြောင်း ဖော်ပြထားသည်။
စီမံကိန်းများနှင့် ပတ်သက်သည့် အရေးကြီးအဆို ဆွေးနွေးရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်များထဲမှ လက်ပံတောင်းတောင် စီမံကိန်းနှင့် ကပစ (၂၀) တပ်မြေအကြောင်း ဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ















