ဂျပန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကြောင့်ဟု ဆိုကာ မြန်မာနိုင်ငံကို စုစုပေါင်း ဂျပန်ယန်း ဘီလျံ ၁၀၀ ကျော် တန်ဖိုးရှိ ထောက်ပံ့ငွေနှင့် ချေးငွေ ပေးအပ်ရန် စဉ်းစားနေ

ဂျပန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကြောင့်ဟု ဆိုကာ မြန်မာနိုင်ငံကို စုစုပေါင်း ဂျပန်ယန်း ဘီလျံ ၁၀၀ ကျော် တန်ဖိုးရှိ ထောက်ပံ့ငွေနှင့် ချေးငွေ ပေးအပ်ရန် စဉ်းစားနေ
Published 8 March 2016

ဂျပန် အစိုးရ အနေဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကို တုံ့ပြန်သည့် အနေဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးနှင့် မြို့ပြ စီမံကိန်း အစရှိသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံကို အကြီးစား အကူအညီများ ပေးအပ်ရန် စဉ်းစားနေကြောင်း ဂျပန် အစိုးရ သတင်းရင်းမြစ်က မတ် ၆ ရက်တွင် ပြောကြားမှုကို ကိုးကားပြီး KYODO သတင်းတွင် ဖော်ပြထားသည်။ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို တရားဝင် ဖွံ့ဖြိုးရေး အကူအညီ အောက်တွင် စုစုပေါင်း ဂျပန်ယန်း ဘီလျံ ၁၀၀ ကျော် တန်ဖိုးရှိ ထောက်ပံ့ငွေနှင့် ချေးငွေ ပေးအပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရ တာဝန်ကို ဧပြီလတွင် တာဝန်ယူချိန်မှ စပြီး မြန်မာနိုင်ငံတွင် အပြောင်းအလဲကြီးများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။ဂျပန်နိုင်ငံ အနေဖြင့် တိကျသည့် အကူအညီ ပေးရေး အစီအစဉ်များကို အခြားနိုင်ငံများထက် ဆောလျင်စွာ ရှိချင်သည့် မျှော်လင့်ချက်နှင့် NLD ပါတီ နိုင်ငံရေး အာဏာ ရလာပြီးနောက် အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုကို အရှိန်မြှင့်လိုပြီး ဇွန်လ ပတ်ဝန်းကျင် နောက်ဆုံးထားကာ အသေးစိတ် အစီအစဉ်ကို ပြုစုချင်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အထူးအကြံပေး ဟီရိုတိုအီဇုမိ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလက လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ အကူအညီနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် အစိုးရ သတင်းရင်းမြစ်က ပြောကြားသည်။မြန်မာနိုင်ငံ မြစ်များတွင် ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ်များ တည်ဆောက်ရန် စိတ်ကူးကိုလည်း အီဇုမိအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၁ ခုနှစ်မှ စပြီး မြန်မာနိုင်ငံသို့ ဘဏ္ဍာရေး အကူအညီ ပေးမှုများကို ဂျပန်နိုင်ငံက တိုးမြှင့်ခဲ့သည်။

Most Read

Most Recent