မြန်မာ စံတော်ချိန် ည ၇ နာရီ ၁၉ မိနစ်အချိန်က လှုပ်ခတ်ခဲ့သော အင်ဒိုနီးရှား ငလျင်ကြောင့် ဆူနာမီလှိုင်းများ ပေါ်လာပါက မြန်မာနိုင်ငံ တင်္နသာရီ၊ ဧရာဝတီနှင့် ရခိုင်ကမ်းရိုးတန်းများသို့ ရောက်လာနိုင်သည်ကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး ထုတ်ချက် ထုတ်ပြန်ခဲ့သည်။
"ဒေသစံတော်ချိန် ၆နာရီ ၄၉မိနစ် ၄၈ စက္ကန့် (မြန်မာစံတော်ချိန် ၇နာရီ ၁၉မိနစ် ၄၈စက္ကန့်)က အင်ဒိုနီးရှား အနောက်ဖက်၊ ဆူမတြားကမ်းလွန်မှ ပမာဏ ၇.၉ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အကယ်၍ ဆူနာမီလှိုင်းများ ထွက်ခဲ့လျှင် မြန်မာကမ်းရိုးတမ်းများသို့ နောက်ထပ် ၅နာရီမှ ၈နာရီအကြား ရောက်ရှိလာနိုင်ပါတယ်။ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတမ်းရှိ လှေများ၊ ကမ်းခြေနေ ထိုင်သူများ သတိရှိကြပါ" ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း အနောက်တောင်ဘက် ပင်လယ်ပြင် မြေအောက် ၆ မိုင်ခန့်တွင် အင်အား ၇ ဒသမ ၉ အဆင့်ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆူမတြား ကမ်းရိုးတန်း ဒေသများ အပါအဝင် အာချေး၊ Bengkulu နှင့် Lampung ကမ်းရိုးတန်းဒေသများတွင် ဆူနာမီ ဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှား ဒေသ အာဏာပိုင်များကလည်း သတိပေးချက်များ ထုတ်ပြန်ထားပါသည်။
အင်ဒိုနီးရှား ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်က လှုပ်ခတ်ခဲ့သော အဆိုပါ ငလျင်၏ ဗဟိုချက်သည် Mentawai ကျွန်းစုနှင့် ကီလိုမီတာ ရာဂဏန်းခန့်သာ ကွာဝေးပြီး ထိုကျွန်းစုသည် အင်ဒိုနီးရှား၏ အနောက်တောင်ဘက်တွင် ရှိသော ဆူမတြားကျွန်း၏ အနောက်ဘက်တွင် တည်ရှိပါသည်။















