ဗိုလ်အောင်ကျော် သို့မဟုတ် ရှင်သန်နေဆဲ ခွပ်ဒေါင်းသွေး

ဗိုလ်အောင်ကျော် သို့မဟုတ် ရှင်သန်နေဆဲ ခွပ်ဒေါင်းသွေး
Published 28 February 2016
အောင်ကျော်မျိုး (ဟင်္သာတ)

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် သည် ပထမဦးဆုံး အသက်စတေးခံ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ဖြစ်သည်။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးအပါဆုံး လူထုလှုပ်ရှားမှုဖြစ်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် အသက်ကို ပေးလှူခဲ့သူဖြစ်သဖြင့် ကိုအောင်ကျော်ကို ပြည်သူများ၏ ရင်ထဲတွင် ယနေ့ထိတိုင် မမေ့နိုင်ကြသေး။ကျွန်ပညာရေးစနစ်ကို တိုက်ဖျက်လိုပြီး တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်စေလိုသည်က ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော်၏ သန္နိဋ္ဌာန်ပင် ဖြစ်သည်။ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌတာဝန်တို့ကို ထမ်းဆောင်ခဲ့သူ ကိုအောင်ဆန်း (နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း)နှင့်အတူ သမဂ္ဂလုပ်ငန်းများတွင် တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့သူလည်းဖြစ်သည်။မြန်မာ့လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံအတွက် “သေရဲ သတ်ရဲသော လူငယ်များ အလိုရှိသည်”ဟု ရဲသတင်းစာ၌ ဖိတ်ခေါ်ကြော်ငြာခဲ့ရာ စာရေးဆရာကြီးမဟာဆွေထံ သွားရောက်၍ စာရင်းပေးသွင်းသူများထဲတွင် ကိုအောင်ကျော် အပါအဝင်ဖြစ်ခဲ့၏။၁၃၀၀ ပြည့်အရေးတော်ပုံနှင့် ဆက်စပ်ပြီး ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ရန်ကုန်တက္ကသိုလ် အပါအဝင် ရန်ကုန်ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများအတွင်း ဝန်ရုံးကိုဝိုင်းပတ်ကာ သပိတ်တားဆန္ဒပြရာတွင် ဂျပ်ဆင်ကောလိပ် ကျောင်းသား ကိုအောင်ကျော် ရှေ့တန်းမှ အလံကိုင်၍ ဦးဆောင်ပါဝင်ခဲ့သည်။သပိတ်တားမှုအောင်မြင်ခဲ့ပြီး ပြန်မည်အပြုတွင် ဂေါ်ရာမြင်းစီးပုလိပ်များက ကျောင်းသားများကြားထဲကို မြင်းစီးဝင်ရောက်ပြီး လူစုခွဲခဲ့သည်။ မြင်းနှင့်တိုက်၊ မြင်းခွာနှင့်ပေါက်၊ ကြာပွတ်နှင့်ရိုက်၊ နံပါတ်တုတ်နှင့် ရိုက်ခဲ့သဖြင့် ကျောင်းသားအများအပြား ဒဏ်ရာရရှိခဲ့ကြသည်။၏
နယ်ချဲ့စစ်ပုလိပ်၏ ရိုက်နှက်မှုကြောင့် ကျောင်းသူတစ်ဦး လဲကျသွားခဲ့ရာ လူအုပ်ကြီးထဲ တိုးဝင်၍ ကိုအောင်ကျော်က ကိုယ်ဖြင့်ကာပေးခဲ့သည်။ ထို့နောက် ပုလိပ်တို့၏ ရိုက်နှက်မှုက နံပါတ်တုတ်ပင် နှစ်ခြမ်းကွဲခဲ့သည်အထိ ပြင်းထန်သည့်အလျောက် ကိုအောင်ကျော်၏ ဦးခေါင်းမှာလည်း ပြင်းထန်စွာဒဏ်ရာရရှိကာ သွေးမြေကျခဲ့ရတော့သည်။ ရန်ကုန်ဆေးရုံကြီးနှင့် ဆနစ်တိုရီယံ (ခေါ်) တက္ကသိုလ်ဆေးရုံတို့တွင် ဆေးကုသခဲ့သော်လည်း ပြင်းထန်လှသော ဒဏ်ရာကြောင့် ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ရသည်။ကွယ်လွန်ချိန်တွင် ကိုအောင်ကျော်၏ အသက်မှာ ၂၂ နှစ်သာ ရှိသေး၏။ကိုအောင်ကျော်၏ ရုပ်အလောင်းကို ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် တက္ကသိုလ်သမဂ္ဂအသင်းရုံးမှ ကြံတောသုသာန်သို့ ဈာပနကော်မတီအဖွဲ့မှ ဦးဆောင်၍ ပြည်သူများက ခမ်းနားစွာ ဂုဏ်ပြုပို့ဆောင်ကာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပြီး “နေမျိုးသီဟသူရ ဗိုလ်အောင်ကျော်”ဘွဲ့ဖြင့် ကမ္ပည်းမှတ်တမ်း တင်ခဲ့ကြသည်။နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် ရှေးဦးတပ်ထွက်ခဲ့သူ “ဗိုလ်အောင်ကျော်သည် ကျောင်းသားလှုပ်ရှားမှု သမိုင်းတစ်လျှောက် နေမျိုးသီဟသူရဘွဲ့ ချီးမြှင့်ခံရသည့် တစ်ဦးတည်းသော ကျောင်းသား အာဇာနည်အဖြစ် ထင်ရှားခဲ့သည်က ယနေ့ထိ တိုင်ပင်။ဗိုလ်အောင်ကျော် အသက်ပေးလှူခဲ့သည့် ၁၉၃၈ ခုနှစ်၊ တတိယကျောင်းသားသပိတ်မှာ ချောက်ရေနံမြေ အလုပ်သမားအရေးမှ အစပြုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဘီအိုစီကုမ္ပဏီ ထိပ်ပိုင်းအရာရှိများ လစာ သုံးထောင်မှ ရှစ်ထောင်အထိ ရနေချိန်တွင် အောက်ခြေအလုပ်သမားများမှာ လစာ အလွန်နည်းပါးသဖြင့် ရသင့်သည့် လစာ၊ ခွင့်ရက်နှင့် ခံစားခွင့်များ တောင်းဆိုခဲ့ကြသည်။
နယ်ချဲ့လက်ပါးစေ၊ အာဏာရှင်လက်ပါးစေတို့သည် ပြည်သူကို ဖိနှိပ်၍ အုပ်စိုးခဲ့ကြသည်သာ။ စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်း လက်ရှိအစိုးရ လက်ထက်တွင်လည်း အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲ ဖြစ်သည်။ သပိတ်စခန်းများဖွင့်ကာ တောင်းဆိုခြင်း၊ အစာငတ်ခံတောင်းဆိုခြင်းတို့ ရှိခဲ့သည့်တိုင် ပြည်သူ့အရေးကို အစိုးရက အကြမ်းဖက်ဖြိုခွင်းသည့် နည်းဖြင့် ဖြေရှင်းခဲ့သည်။ တစ်ရက် လုပ်ခလစာ ငွေကျပ် ၁၀၀၀ တိုးမြှင့်ရရှိရန် ဖိနှိပ်မှုများကြားက တောင်းဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။ မိမိတို့ နိုင်ငံသားခေါင်းဆောင်များ အုပ်ချုပ်နေချိန် ပြည်သူများ၏ လုပ်အားနှင့် အခွင့်အရေးကို ခေါင်းပုံဖြတ်ပြီး နိုင်ငံခြားသားများအပါအဝင် လုပ်ငန်းရှင်တို့ အခွင့်သာနေဆဲဖြစ်သည်က အလွန်ရင်နင့်စရာ ကောင်းလှသည်။အစိုးရက ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေပါသည်ဟု ဆိုနေချိန် ဒီမိုကရေစီပညာရေးစနစ်ကို တောင်းဆိုမိသည့် ကျောင်းသားတို့မှာလည်း အကြမ်းဖက်ဖမ်းဆီးခံရသည့် အဖြစ်နှင့်ရင်ဆိုင်ခဲ့ရသည်။ သန့်ရှင်းသောအစိုးရ  Clean Government ၊ ကောင်းမွန်သော အုပ်ချုပ်မှု Good Govermance ဟူသော ကြေးကြော်သံများအောက်တွင် ခိုးဆိုးလုယက် လူသတ်မှုများ ကျူးလွန်သူတို့ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ကျောင်းသားများ အကျဉ်းကျနေရသည်က လက်တွေ့အခြေအနေပင်ဖြစ်၏။နိုင်ငံအနှံ့ ကျောင်းသားခေါင်းဆောင်များနှင့် ဝန်းရံသူများကို ဖမ်းဆီးကာ ငြိမ်းစုစီဥပဒေပုဒ်မအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ပါ တရားစွဲဆိုလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးတွင် ထပ်တိုးပုဒ်မများဖြင့်ပါ တရားစွဲဆိုခံနေရပြီး လူ့အခွင့်အရေးကိုပင် ထောင်နံရံတွင်းမှ တောင်းဆိုနေရကြရသည်က ယနေ့အချိန်ထိပင်။ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် အသက်ပေးခဲ့သည်မှာ နှစ်ကာလ ကြာမြင့်ပြီဖြစ်သော်လည်း ဗိုလ်အောင်ကျော်၏ သတ္တိသွေးတို့မှာမူ ကျောင်းသားအစဉ်အဆက် ယနေ့ထိတိုင် စီးဆင်းနေဆဲ၊  ပြည်သူများ၏ ရင်ထဲတွင်လည်း ယနေ့ထိတိုင် စွဲထင်နေဆဲဖြစ်သည်။ ယခု ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဗိုလ်အောင်ကျော်၏ မွေးနေ့ နှစ် ၁၀၀ ပြည့်တိုင်ခဲ့ပြီ ဖြစ်သည်။  ရာပြည့်ပွဲကို ဗိုလ်အောင်ကျော်၏ ဇာတိဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၌ ပြည်သူများက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဗိုလ်အောင်ကျော်၏ ဇာတိရုံးဇင်ရွာရှိ နေအိမ်ခြံဝင်းအတွင်း မော်ကွန်းကျောက်စာနှင့် မဲဇလီကုန်းမြို့ရှိ ဗိုလ်အောင်ကျော်ခန်းမရှေ့တွင် ကိုယ်တစ်ပိုင်းပုံတူရုပ်တုကိုလည်း ရာပြည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ စာပေ၊ ပန်းချီ၊ ဂီတတင်ဆက်မှုများနှင့် ဗိုလ်အောင်ကျော်၏ ရှားပါးလှသည့် မှတ်တမ်းမှတ်ရာများက မျိုးဆက်သစ်တို့အတွက် စံနမူနာပြုသင့်သည့် သတ္တိသွေးတို့ ထင်ဟပ်လှသည်။
ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၅  နှစ်ပြည့် အခမ်းအနား မဲဇလီကုန်းဒေသ၌ ကျင်းပခဲ့စဉ်က တက်ရောက်ခဲ့သည့် ကျောင်းသားအများစုကို ဗိုလ်အောင်ကျော်မွေးနေ့ နှစ်တစ်ရာပြည့်ပွဲ ကျင်းပချိန်၌ မတွေ့ခဲ့ရပေ။ ထိုသူတို့သည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အသက်သွေးကြော၊ နိုင်ငံတော်၏ ပင်မရေသောက်မြစ်ဖြစ်သည့် ပညာရေးစနစ် ကောင်းမွန်စေရန် တောင်းဆိုမိသဖြင့် အစိုးရ၏ အကြမ်းဖက်ဖမ်းဆီးခံနေမှုကြောင့် မတက်ရောက်နိုင်ကြခြင်းဖြစ်သည်က စိတ်မကောင်းဖွယ်ရာပင်။ပထမဦးဆုံး အသက်စတေးခံ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်သည် လွတ်လပ်ရေးအတွက် တပ်လှန့်ခဲ့သလို လက်ရှိ ဖမ်းဆီးခံကျောင်းသားတို့သည်လည်း ဒီမိုကရေစီရေးအတွက် တပ်လှန့်ခဲ့သည်ဟုဆိုလျှင် မှားမည်မထင်။ စနစ်ဆိုး၏ ဆိုးမွေကို မီးမောင်းထိုးပြခဲ့သည့် ကျောင်းသားတို့၏ လှုပ်ရှားမှုက ၂၀၁၅ ရွေးကောက်ပွဲကြီး၌ စစ်မှန်သော ဒီမိုကရေစီစနစ်ကို ကူးပြောင်းနိုင်ရန် ပြည်သူတို့ကို တပ်လှန့်နိုင်ခဲ့ပြီ ဖြစ်သည်။၁၉၂၀ ပြည့်နှစ် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်သော ပထမအကြိမ် ကျောင်းသားသပိတ်မှစတင်၍ ၁၉၃၆၊ ၁၉၃၈ ကျောင်းသားသပိတ်များသည် ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးခရီးအတွက် လှေကားထစ်များ ဖြစ်ခဲ့သည်ဟုဆိုလျှင် လက်ရှိ ဖမ်းဆီးခံ ကျောင်းသားတို့၏ စတုတ္ထကျောင်းသားသပိတ်သည်လည်း ဒီမိုကရေစီအစိုးရသစ် အပြောင်းအလဲအတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့သည်ဟု ဆိုရမည်သာ။လက်ရှိအစိုးရမှ ကျောင်းသားများနှင့် ဝန်းရံသူများကို ဖမ်းဆီးထားသည်မှာ တစ်နှစ်တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ အာဏာရှင်အစိုးရအဆက်ဆက် ကျောင်းသားများကို အကြမ်းဖက်ဖမ်းဆီး၊ ထောင်သွင်းအကျဉ်းချရုံမက  အသက်ကိုပင်  နုတ်ယူစေကာမူ ကျောင်းသားတို့၏ သွေးမှာ ဇီဝိန်ကြြွေခင်း မရှိခဲ့။ ကျောင်းသားတို့၏ သွေးမှာ အသက်တွင်မတည်။ အာဏာမြူးသည့် ဥပဒေများ ရှိနေသရွေ့ ဖိနှိပ်မှုများရှိနေသရွေ့ ကျောင်းသားအစဉ်အဆက် စီးဆင်းနေဦးမည်သာ။ သို့တည်းတစ်မူ အသက်ပေးဆပ်ခဲ့ပြီးသော ကျောင်းသားအာဇာနည်များနှင့် အညတရ သူရဲကောင်းတို့လည်း အရိုးတွန်နေကြဦးမည်သာ။