ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲ

ငြိမ်းချမ်းရေး အလှမ်းဝေးနေဆဲ
Published 27 February 2016
မြတ်သစ်

စစ်ပွဲဖြစ်ပွားနေခဲ့သည်မှာ ငါးနှစ်ရှိခဲ့ပြီ။ လူထောင်ပေါင်းများစွာ အသက်သေဆုံးခဲ့ပြီ။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆီးရီးယားနိုင်ငံမှ ရွှေ့ပြောင်း ဒုက္ခသည်အရေအတွက်မှာ တစ်စထက်တစ်စ ပိုမိုများပြားနေသည်။ ဖေဖော်ဝါရီ တစ်လတည်းတွင် ဂရိကျွန်းစုသို့ ရွှေ့ပြောင်း အခြေချဒုက္ခသည် ၃၅၀၀၀ ခန့် ရှိသည့်အနက် ထက်ဝက်ခန့်မှာ ဆီးရီးယားများ ဖြစ်နေသည်။ငါးနှစ်သက်တမ်း ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့် ရုရှားတို့က အဆိုပြုခဲ့သော အပစ်အခတ် ရပ်စဲရေးအစီအစဉ်ကို အတိုက်အခံ လက်နက်ကိုင် အင်အားစုများနှင့် သမ္မတ ဘာရှားအယ်လ်အာဆတ်တို့က သဘောတူကြောင်း နှစ်ဖက်စလုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သမ္မတအိုဘားမားသည် ဆီးရီးယား အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားသမ္မတပူတင်နှင့် ယခုသီတင်းပတ် အစောပိုင်းက သဘောတူညီမှုရရှိခဲ့သည်။ သဘောတူညီချက်အရ စနေနေ့မှစတင်ကာ အစိုးရနှင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုများသည် ရက်သတ္တပတ် နှစ်ပတ်တိတိ ရပ်စဲကြမည်ဖြစ်သည်။ အစိုးရဘက်က မည်သည့် အတိုင်းအတာအထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံမလဲအချက်ကို အတိုက်အခံ လက်နက်ကိုင်အဖွဲ့များက စောင့်ကြည့်နေကြမည် ဖြစ်ပေမယ့် ရက်သတ္တပတ် အပစ်အခတ်ရပ်စဲရေးကို လက်ခံမည်ဟု ကြေညာထားသည်။ ဆီးရီးယားအစိုးရသည် IS နှင့် အယ်လ်ကေးဒါး အကြမ်းဖက်သမားများကို တိုက်ခိုက်မှုများ သက်သက်ပြုလုပ်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ပြည်တွင်းစစ်ကို အမှန်တကယ် အဆုံးသတ်ပေးနိုင်မည်လောဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ အိုဘားမားက မိမိတို့အနေနှင့် သတိထား စောင့်ကြည့်နေကြောင်း ဂျော်ဒန်သမ္မတ အဗ္ဗဒူလာ ၂ နှင့် အိမ်ဖြူတော်နှင့်တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစိုးရဆန့်ကျင်ရေး တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆီးရီးယားအစိုးရတို့သည် စစ်ရေးအရ အသာစီးရယူရန် ကြိုးပမ်းနေကြ ခြင်းကိုရပ်တန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်မှသာလျှင် ဆီးရီးယား ပြည်တွင်းစစ်သည် အဆုံးသတ်နိုင်မည်ဟု အိုဘားမားက ထုတ်ဖော်ပြောကြားထားသည်။ဆီးရီးယားအစိုးရနှင့် လက်နက်ကိုင် အင်အားစုများကြားတွင် အပစ်အခတ်ရပ်စဲရေးမှာ အမှန်တကယ်ပဲ ဖြစ်ပေါ်နိုင်မည်လောဆိုသည့် မေးခွန်းထွက်ပေါ်လျက်ရှိသည်။ အမေရိကန်အစိုးရအနေဖြင့် စနေနေ့တွင်  သေနတ်သံများအမှန်တကယ်ပဲ တိတ်ဆိတ် ငြိမ်သက်မည်ဟု မှတ်ထင်မထားကြ။ အပစ်အခတ်ရပ်စဲရေးသည် ရုရှားအတွက် ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသလား မလိုလားဘူးလားဆိုခြင်းကို စမ်းသပ်မှုဖြစ်ရပ်ဟု အမေရိကန်အစိုးရက ယူဆထားသည်။အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အမေရိကန်က အစီအစဉ် (က) အဖြစ် သဘောထားနေသည်။ အကယ်၍ ယင်းအစီအစဉ် မဖြစ်လာဘူးဆိုပါက စစ်အေးနည်းလမ်းတစ်ရပ်ဖြစ်သော အစီအစဉ် (ခ) ကို အသုံးပြုဖို့ ရည်ရွယ်ထားသည်။ဤအချက်ကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ငြိမ်းချမ်းရေးမရခဲ့လျှင် ဖြစ်စေ၊ နိုင်ငံရေးနည်းလမ်းအရ အကောင်အထည်ဖော်မှု မဖြစ်လျှင်ဖြစ်စေ ရုရှားအပေါ် အမေရိကန်၏ ယုံကြည်မှုက ပို၍လျော့ပါးသွားမည်ဖြစ်သည်။ဆီးရီးယားနိုင်ငံ၏ ပကတိအခြေအနေအရ အကြမ်းဖက်အဖွဲ့အစည်းမဟုတ်သော အာဆတ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် သူပုန်တပ်ဖွဲ့သည် အမေရိကန်၊ တူရကီနှင့် ဆော်ဒီအာရေဗျတို့၏ ထောက်ပံ့မှုရနေသည်။ ထို့ပြင် ဆီးရီးယားတွင် အကြမ်းဖက်လက်နက် ကိုင်များကလည်း လက်နက်စွဲကိုင်နေမှု ရှိနေခြင်းကြောင့် အပစ်အခတ်ရပ်စဲရေးဆိုသည် လက်တွေ့ဖြစ်နိုင်ပါ့မလားဟု ယူဆစရာရှိနေသည်။ အကြမ်းဖက်လက်နက်ကိုင်များက အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်မည်မမဟုတ်ဟု အမေရိကန်က ယူဆထားနေသည်။ထို့ပြင် ရုရှားနှင့် ဆီးရီးယားတပ်တွေကလည်း အပစ်အခတ်ရပ်စဲရေးကို အချိန်မရွေးချိုးဖောက်နိုင်သည်။လက်ရှိအခြေအနေတွင် အကောင်းမြင် အယူအဆကို လက်ခံဖို့လိုသည်ဟု အမေရိကန် ထိပ်တန်းအရာရှိကြီးတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရုရှားသည် ဂျော်ဂျီယာနှင့် ခရိုင်းမီးယားအရေးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ချိုးဖောက်မှုတွေ ရှိခဲ့ပေမယ့် ဆီးရီးယားအရေးတွင်မူ ဤသို့မလုပ်တန်ရာဟု ယူဆထားဖို့လိုသည့်သဘော ဖြစ်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးလက်ရော့ဖ်နှင့်တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးခဲ့သည်။ အကယ်၍ ရုရှားဘက်မှ ချိုးဖောက်ခဲ့ပါက အမေရိကန်အနေဖြင့် အစီအစဉ် (၂) ကို လုပ်တတ်မည်ဆိုသော အချက်ကို ကယ်ရီက ထုတ်မပြောခဲ့။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မဖြစ်လာပါက အမေရိကန်တို့ဘက်မှ စစ်ရေးအရ ပါဝင်မှုများပြုလုပ်မည်ဖြစ်သည်။ ရုရှားကျောထောက်နောက်ခံ ပြုထားသော အာဆတ်အစိုးရတပ်ဖွဲ့လို လက်နက်ကိုင် တိုက်ခိုက်နေသည့် သူပုန်တပ်များလို အမေရိကန်က စစ်ရေးအကူအညီများ ပေးအပ်မည်ဖြစ်သည်။ အမေရိကန်မဟာမိတ် ဆော်ဒီအာရေဗျ၊ ကာတာနှင့် တူရကီတို့ကလည်း အမေရိကန်ဘက်မှ ရပ်တည်ပြီး သူပုန်တပ်ဖွဲ့များဘက်မှနေ၍ ပါဝင်မည်ဖြစ်သည်။အာဆတ်အာဏာရရှိနေမှုကို ဆော်ဒီ၊ ကာတာနှင့် တူရကီတို့က ဆန့်ကျင်နေမည်ဖြစ်သဖြင့် စစ်ပွဲက ဘယ်နည်းနှင့်မျှ အဆုံးသတ်ရာ လမ်းမရှိပေ။ဆီးရီးယားပြည်တွင်းစစ်သည် အင်အားကြီး နှစ်နိုင်ငံ၏ နိုင်ငံရေး ပါဝါလုပွဲတစ်ရပ်ဖြစ်နေသည်။ အိမ်ဖြူတော်အနေဖြင့် ပူတင်နှင့် အာဆတ်တို့အပေါ် ဖိအားပေးခြင်းမျိုး ရှိ၊ မရှိနှင့် အကယ်၍ ငြိမ်းချမ်းရေး စကားဝိုင်း ပေါ်ပေါက်ရေးအတွက် ပထမခြေလှမ်းပြင်သော အပစ်အခတ်ရပ်စဲရေးကို ရုရှားနှင့်အာဆတ်တို့က ချိုးဖောက်ခဲ့လျှင် စစ်ရေးအရ အရေးယူမည့်လုပ်ငန်းကို အိုဘားမားအနေဖြင့် လုပ်ဆောင်ရန်စိတ်ကူးရှိ၊ မရှိမှာ မသေချာသေးပေ။  ရုရှားက ဗုံးကြဲမှုတွေ မရပ်သရွေ့ အာဆတ်ကလည်း နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဆင်ရန် ဆုံးဖြတ်ထားသရွေ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေမည်သာ ဖြစ်သည်။ ထိုအခါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် စာရွက်ပေါ်မှာသာ ရှိနေတော့မည်မှာ မလွဲပေ။