NLD ပါတီမှ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောအား ရှမ်းတိုင်းရင်းသားမဟုတ်ဟုဆိုကာ ကန့်ကွက်လွှာတင်သွင်းမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပလပ်

NLD ပါတီမှ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောအား ရှမ်းတိုင်းရင်းသားမဟုတ်ဟုဆိုကာ ကန့်ကွက်လွှာတင်သွင်းမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပလပ်
Published 25 February 2016
ယဉ်မျိုးသွယ်

ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းကျော်ဇောအား ရှမ်းတိုင်းရင်းသား မဟုတ်ဟုဆိုကာ ကန့်ကွက်ခဲ့မှုကို ဖေဖော်ဝါရီ ၂၃ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပလပ်သည့် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဦးစိုင်းကျော်ဇော၏ မှတ်ပုံတင်တွင် ရှမ်းတိုင်းရင်းသားဟု မဖော်ပြထား၍ ရှမ်းတိုင်းရင်းသားမဟုတ်သူ ဝန်ကြီးဖြစ်လာပါက တိုင်းရင်းသားအရေးတွင် နစ်နာနိုင်သည်ဟု ဆိုကာ SNLD ပါတီ မန္တလေးတိုင်းဒေကြီး အတွင်းရေးမှူး ဦးစိုင်းဆိုင်လင်းက ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။ထိုသို့ ကန့်ကွက်လွှာ တင်သွင်းခြင်းခံရသလို ရွေးကောက်ပွဲ မကျင်းပမီကလည်း ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းစဉ်ကတည်းက ရှမ်းတိုင်းရင်းသား မဟုတ်ဟုဆိုကာ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အယူခံဝင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။“ကျွန်တော့်ရဲ့ မှတ်ပုံတင်မှာ ဗမာ/ဗုဒ္ဓ ဖြစ်နေတာကြောင့် ရှမ်းတိုင်းရင်းသားမဟုတ်ပါဘူးဆိုပြီး အဓိကကန့်ကွက်တာပါ။ ကိုယ်စားလှယ်လောင်းတင်သွင်းစဉ် ကတည်းက ကန့်ကွက်မှုခံခဲ့ရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့လို့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပြီး နိုင်ခဲ့တာပါ။ ဒါကိုထပ်ပြီး ကန့်ကွက်တာပါ။ ဒါပေမဲ့ အဲဒီကန့်ကွက်လွှာကို ပလပ်လိုက်ပါတယ်” ဟု ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောက ဆိုသည်။ဦးစိုင်းကျော်ဇောသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် သဘာပတိအဖြစ် ရွေးချယ်ခံရသူဖြစ်သည်။           

Most Read

Most Recent