ရှေးဟောင်းပုဂံဒေသရှိ ပြဿဒ်ကြီးဘုရားပေါ်တွင် ဆေးကုမ္ပဏီတစ်ခုက လူအုပ်စုလိုက် ဆူညံစွာ ကခုန်ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံများ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် ရက်မကြာမီ ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်မှ စတင်ပြီး ပုဂံရှိဘုရားများနဲ့ ပစ္စယာများပေါ်သို့ တက်ရောက်ခွင့် မပြုတော့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြခဲ့ပါတယ်။အဲဒီသတင်းမီဒီယာများက ကိုးကားဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသဖြစ်တဲ့ ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းစတဲ့ အဆောက်အအုံများဟာ နှစ်ကာလရှည်ကြာလာတဲ့ အဆောက်အအုံတို့ရဲ့ ခံနိုင်ရည်လျော့နည်းလာတဲ့အပြင် လူ အများအပြား တက်ရောက်မှုအတွက် ဘုရားများ၊ ရှေးဟောင်းအဆောက် အအုံများရဲ့ရေရှည်တည်တံ့မှုကို အန္တရာယ်ဖြစ်စေပြီး တက်ရောက်သူတို့အတွက်လည်း အန္တရာယ်များကြောင်းနဲ့ တက်ရောက်သူလူအများရဲ့ မလျော်ကန်တဲ့ ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်ခြင်းများဟာ သတိပေး တားမြစ်တဲ့ကြားကပင် မလိုလားအပ်တဲ့ ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားလျက် ရှိနေခြင်းများ အပါအဝင် အကြောင်းများကြောင့် မတ်လ ၁ ရက်မှစပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ မည့်သည်ဘုရား ပစ္စယာများပေါ်သို့မျှ တက်ရောက်ခွင့် ပြုတော့မှာ မဟုတ်ကြောင်း အသိပေးကြေညာအပ်တယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။ခုတ်ရာတခြား ရှရာတခြားဒီလိုပုဂံ ဘုရားတွေအပေါ် တက်ရောက်ခွင့် ပိတ်ပင်တာနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီလိုခွင့်မပြုတာဟာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ကို ဖြေရှင်းရာမှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ အများအပြား ပါဝင်ခဲ့ပါတယ်။ဘုရားပေါ်မှာ မသင့်တော်တဲ့ အပြုအမူ ပြုလုပ်သူတွေကို ထိထိရောက်ရောက် အရေးမယူဘဲ ဘယ်သူမှမတက်နဲ့ဆိုတဲ့ တားမြစ်ချက် ထုတ်ပြန်တဲ့အပေ ါ်မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ အချို့ကလည်း ဖွံ့ဖြိုးဖို့အားယူနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ရပ်အပေါ် ဖြေရှင်းတဲ့နည်းလမ်းဟာ ပြေလည်ဖို့ထက် အခက်အခဲတွေ ထပ်မံဖြစ်ပေါ်စေတဲ့ လုပ်ဆောင်ချက်လို့ ရှုမြင်သူတွေကလည်း သူတို့ရဲ့အမြင်ကို လူမှုကွန်ရက်တွေမှာ ရေးသားကြပါတယ်။သင့်လျော်ရဲ့လားတကယ်တမ်း ပြန်စဉ်းစားကြည့်ရင်လည်း လူတစ်စုတစ်ဖွဲ့ရဲ့ စည်းကမ်းမဲ့ပြုကျင့်မှုကြောင့် အများအပေါ် သက်ရောက်နိုင်တဲ့ တားမြစ်ချက်ထုတ်ဖို့ဆိုတာ သေသေချာချာ ဆန်းစစ်ပြီးမှ ထုတ်ပြန်သင့်ပါတယ်။ တကယ်ဆိုရင် ဘုရားပေါ်မှာ အများအမြင် မသင့်လျော်ဘဲ အဆောက်အအုံရဲ့ ကြံ့ခိုင်မှုကို သက်ရောက်မှုရှိစေနိုင်တဲ့ သီဆိုကခုန်ခဲ့တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီလောက်အထိ ရဲတင်းစွာ၊ စည်းကမ်းမဲ့စွာနဲ့ ဘုရားပေါ်မှာ ကခုန် အော်ဟစ်နေသူတွေဟာ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဘာကြောင့် ဒီလိုလုပ်ဆောင်ခဲ့တာလည်းဆိုတာကိုသာ ဖော်ထုတ်ရမှာဖြစ်ပါတယ်။စည်းကမ်းမဲ့ ပြုကျင့်သူတွေကို ထိထိရောက်ရောက် အရေးယူမှသာ နောက်လူတွေက သတိပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ လူတစ်စုရဲ့စည်းကမ်းပျက်မှုကြောင့် ဘယ်သူမှ မတက်ကြနဲ့ဆိုတာဟာ သင့်လျော်တဲ့အရာလို့ မဆိုနိုင်ပါဘူး။စီမံပေးသူမရှိဘုရားတွေ ပစ္စယာတွေပေါ် မတက်ဖို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့ အကြောင်းရင်းတွေထဲမှာ ဘုရားများ၊ ရှေးဟောင်း ဆောက်အအုံတွေရဲ့ရေရှည်တည်တံ့မှုကို အန္တရာယ်ဖြစ်စေပြီး တက်ရောက်သူတို့ အတွက်လည်း အန္တရာယ်များကြောင်း ဖော်ပြထားပါတယ်။ ပြောရရင် ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလက ပုဂံသွားရင်း အဲဒီပြဿဒ်ကြီး ဘုရားကို ရောက်ခဲ့ပါတယ်။ အပေါ်ကို တက်ကြသူတွေ ရာနဲ့ချီရှိတာ တွေ့ခဲ့ရပါတယ်။ အပေါ်ကိုတက်တဲ့ ကျဉ်းမြောင်းတဲ့ လှေကားလေးထဲမှာ အတက်အဆင်း လူတွေပြည့်သိပ်ပြီးနေတာ တွေ့ခဲ့ရပါတယ်။ အပေါ်က ဆင်းလာတဲ့သူအချို့ရဲ့အဆိုအရ အပေါ်မှာ လူများလွန်းလို့ အတက်အဆင်းမှာ လူတွေ တိုးကြဝှေ့ကြလို့ အချို့ဆိုပြုတ်ကျမယ့် အန္တရာယ်တောင် ကြုံရတယ်လို့ သိခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို အများအပြား တက်နေကြတာကို ဘယ်သူကမှ အဆောက်အအုံကို ထိခိုက်နိုင်တယ်ဆိုပြီး လာပြီးတားမြစ်တဲ့သူ မရှိပါဘူး။ အပေါ်တက်မယ့်သူတွေကို စည်းကမ်းတကျ တက်လို့ရအောင် စီမံပေးသူတွေလည်း မတွေ့ခဲ့ရပါဘူး။ ဒီလိုပဲ တိုး ကြဝှေ့ကြနဲ့ အပေါ်ကို တက်နေတဲ့သူတွေပဲ တွေ့ခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေက ရှေးဟောင်း အဆောက်အအုံတွေရဲ့ ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းနေတယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်ရတာပါ။တိတိကျကျတကယ်တော့ ပုဂံဒေသမှာ အပေါ်ကို တက်ခွင့်ပြုထားတဲ့ ဘုရားငါးဆူသာ ရှိတယ်လို့သိရပါတယ်။ အမှန်တကယ်ဖြစ်သင့်တာက အပေါ်တက်ခွင့် ပြုထားတဲ့ဘုရားတွေမှာ စည်းကမ်းတကျ တက်ရောက်နိုင်အောင် စီမံပေးဖို့ပဲ လိုပါတယ်။ အဆောင်အအုံတွေရဲ့ ကြံ့ခိုင်မှု အခြေအနေက စနစ်တကျ တွက်ချက်ထားပြီး ဘယ်အချိန်အတိုင်းအတာ အတွင်းမှာ ဘယ်နှယောက်တော့ တက်ခွင့်ပြုမယ်၊ တက်ရင်လည်း ဘယ်လိုအပြုအမူတွေကိုတော့ လုပ်ခွင့်မပြုဘူးဆိုတာတွေကို တိတိကျကျ သတ်မှတ်ထားပြီး သတ်မှတ်ချက်ကို မလိုက်နာသူတွေကို ထိထိရောက်ရောက် အရေးယူမယ့် အစီအမံတွေသာ လိုပါတယ်။ ဒါမှသာ ပုဂံရှုခင်း ကြည့်ချင်သူတွေလည်း အဆင်ပြေ၊ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကိုလည်း စိတ်ချရပြီး စည်းကမ်းမဲ့ဖြစ်စဉ်တွေကိုလည်း ထိန်းသိမ်းပြီးဖြစ်မှာပါ။ တချို့က ပုဂံရှုခင်းကြည့်ချင်ရင် မိုးပျံပူဖောင်း စီးပါလား၊ နန်းမြင့်မျှော်စင်က သွားကြည့်ပါလား ဆိုသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မိုးပျံ ပူဖောင်း စီးရတဲ့စရိတ်ကို လူအများလက်လှမ်းမမီကြဘဲ နန်းမြင့်မျှော်စင်ဆိုတာကလည်း ရှေးဟောင်းအဆောက်အအုံ နယ်မြေတွေထဲမှာ ခေတ်သစ်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားခဲ့တာကြောင့် ယခင်ကတည်းက ဝေဖန်မှုခံထားရတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ပုဂံလို ခရီးသွားဒေသမှာ ပုဂံရဲ့နေထွက်ချိန်နဲ့ နေဝင်ချိန်ရှုခင်းကို ခံစားကြည့်ရှုနိုင်ဖို့ အပေါ်စီး ရှုခင်းကနေကြည့်ရှုဖို့ ခရီးသွားတိုင်း နှစ်သက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းက ခရီးသွားဖြစ်ဖြစ်၊ ပြည်ပက ခရီးသွားတွေဖြစ်ဖြစ် ပုဂံကိုရောက်ရင် အပေါ်စီးက မြင်ရတဲ့ရှုခင်းကို ကြည့်ရှုခံစားချင်ကြတာ ဖြစ်ပါတယ်။ ဒီလို ခရီးသွားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်းနဲ့ ရှေးဟောင်း အဆောက်အအုံတွေကိုလည်း ထိန်းသိမ်းနိုင်တဲ့ သင့်လျော်တဲ့ အစီအမံတွေကို ချမှတ်ရမှာက သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ဘယ်သူမှ မတက်ကြနဲ့ပြောလိုက်ရုံနဲ့ ပြီးသွားတဲ့ကိစ္စ မဟုတ်ပါဘူး။ အခုဆိုရင် နိုင်ငံရဲ့ကမ္ဘာလှည့် ခရီးသွားကဏ္ဍက ဒီထက် ဖွံ့ဖြိုးဖို့ တာစူနေပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ပြည်ပကခရီးသွားတွေ တိုးပြီး ဝင်ရောက်နေပါတယ်။ ဒီလိုအခြေအနေမှာ သက်ဆိုင်ရာ မူဝါဒချမှတ်သူတွေ အနေနဲ့ အရာရာတိုင်းကို သေချာစွာ ဆန်းစစ်လေ့လာပြီးမှ ဆောင်ရွက်သင့်ပါတယ်။ ပြဿနာ တွေကို ဖြေရှင်းဖို့ကြိုးစားရင်း ပြဿနာအသစ်တွေ ဖန်တီးစေတဲ့ အဖြစ်မျိုးတွေ မဖြစ်အောင်လုပ်ဖို့ အရေးကြီးလှပါတယ်။တကယ်တမ်းပြောရရင် ပုဂံဒေသနဲ့ပတ်သက်ပြီး ရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းရေးမှာ အရေးကြီးနေတာက ဘုရား၊ ပုထိုးတွေကိုပါ ဟိုတယ်မြေထဲထည့်ပြီး ဆောက်လုပ်ထားတဲ့ လုပ်ရပ်တွေ၊ အခုတိုင်အောင် ဆောက်လုပ်နေကြတဲ့ လုပ်ရပ်တွေကို ထိထိရောက်ရောက် တားဆီးဖို့ဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြတဲ့ ဘုရားတွေရဲ့ဝတ္တကမြေတွေကိုပါသိမ်းပြီး ဟိုတယ်တွေ တိုးချဲ့နေကြတာ၊ ရှေးဟောင်းဘုရားတွေနဲ့ မနီးမဝေးမှာ ရေကူးကန်ဆောက်ပြီး ရေကူးဝတ်စုံတွေနဲ့ ရေကူးနေကြတာ၊ ဟိုတယ်ခန်းက ထွက်လိုက်တာနဲ့ ရှေးဟောင်း ဘုရားစေတီကို မြင်ရတဲ့ ရှုခင်းလိုချင်လို့ ဘုရားတွေကိုပတ်ပြီး ဟိုတယ်ဝင်းကြီး တည်ဆောက်ထားတာတွေကိုသာ ဘယ်လိုတားဆီးရမလဲဆိုတာတွေကသာ အရေးတကြီး လုပ်ဆောင်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ဖို့ လိုအပ်ချက်တွေဖြစ်အောင် လုပ်ထားပြီးတဲ့ ဖြစ်ရပ်တွေ၊ လုပ်နေကြတဲ့ဖြစ်ရပ်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကသာ ကမ္ဘာကျော်ပုဂံရဲ့အနာဂတ်အတွက် ပိုအရေးကြီးတာ ဖြစ်ပါတယ်။ ဒါတွေကို မလုပ်နိုင်သရွေ့တော့ ပုဂံဒေသ ရှေးဟောင်းနယ်မြေ ထိန်းသိမ်းရေး ဆိုတာဟာလည်း အခုလိုပဲ တစ်ပွဲထိုး ကြေညာချက်လေးတစ်ခု ထုတ်လိုက်ရုံနဲ့ ပြီးမြောက်သွားမယ့် ကိစ္စရပ်လို့ မဆိုနိုင်ပါဘူး။










