လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့ ဆန္ဒပြရာ၌ ပါဝင်သည်ဟုဆိုကာ ၂၀၁၅ခုနှစ် အောက်တိုဘာလအတွင်းမှ စတင်၍ ဒဂုံမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅ (ခ)အပါအဝင် ပုဒ်မခုနစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ စစ်ဆေးရန် တရားလိုပြသက်သေ မလာသဖြင့် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပြီး စွပ်စွဲခံရသူ၏ ရှေ့နေက အမှုကြန့်ကြာနေသဖြင့် လိုပြသက်သေအား ပယ်ဖျက်ရန် လျှောက်လဲချက်ပေးခဲ့ကာ တရားရုံးက တရားလိုပြသက်သေနှစ်ဦးကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။“တရားလိုပြသက်သေ မလာလို့ ရုံးချိန်းကို ၁၈ရက်ကို ပြန်ချိန်းလိုက်တယ်။ ပြီးတော့ အမှုက ကြန့်ကြာနေတဲ့အပေါ် ကျွန်တော်က ပြစ်မှုကျင့်ထုံးဥပဒေနဲ့အညီ တရားလိုပြသက်သေတွေကို ပယ်ဖို့ လျှောက်လဲချက်ပေးလိုက်တယ်။ တရားရုံးက တရားလိုပြသက်သေနှစ်ယောက်ဖြစ်တဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ အရပ်သားတစ်ဦးကို ပယ်လိုက်ပါတယ်”ဟု ဒေါက်တာမြတ်နုခိုင်၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။ဒေါက်တာဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြရာ၌ ပါဝင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၉၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
ပုဒ်မခုနစ်ခုဖြင့်် တရားစွဲခံထားရသည့် ဒေါက်တာ ဒေါ်မြတ်နုခိုင်၏အမှု တရားလိုပြသက်သေ မလာသဖြင့် ရုံးချိန်း ပြန်လည်ချိန်းဆို















