CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် ကောင်းမြန်မာအောင်ကုမ္ပဏီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုရှိ လယ်ယာမြေများ သိမ်းဆည်းထားမှုအပေါ် နစ်နာသည့် ဒေသခံလယ်သမားများမှ ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ MJN ရုံး ခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နဂါးမောက်ကျေးရွာအုပ်စုရှိ (ထုံးဘိုကျေးရွာ၊ နဂါး မောက်ကျေးရွာ၊ ရေအိုးစင်ကျေးရွာ၊ ကြက်ချေးချောင်းကျေးရွာ) ဒေသခံလယ်သမား၂၀၁ ဦး၊ မိသားစုဝင် ၁၀၀၅ ဦးခန့်တို့ ကိုယ်စားဒေသခံလယ်သမား ၁၀ ဦးခန့်က သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီး အဓမ္မအကြမ်းဖက်ခံရမှု၊ ဥပဒေမဲ့သိမ်းပိုက်ခံရမှု၊ တရားစွဲဆိုခံရမှုနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (တောင်ငူမြို့ နယ်)မှ ၎င်းတို့အပေါ် လုပ်ဆောင်မှုများအပေါ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။“ကျွန်တော်ဆိုရင် ပုဒ်မသုံးခုနဲ့ တရားစွဲ ခံထားရတယ်။ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် ကောင်းမြန်မာအောင်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးသောင်းညွန့်က တရားလိုလုပ်ပြီး စွဲတယ်။ ကျွန်တော်တို့မြေအတွက် ဆန္ဒအကြိမ်ကြိမ် ဖော်ထုတ်ခဲ့တယ်။ ဒါပေမဲ့ တရားစွဲခံရတာပဲရှိတယ်။ အဲဒါကြောင့် အခုအစိုးရရော၊ နောင်တက်လာမယ့် အစိုးရရောကို နဂါးမောက်ဒေသခံတွေကိုယ်စား ပြောချင်ပါတယ်။ သိမ်းဆည်းခံထားရတဲ့မြေတွေ လက်ဝယ်အမြန်ဆုံး ပြန်ရအောင် ဖြေရှင်းပေးပါလို့ မေတ္တာရပ်ခံပါရစေ။ ဘာလို့လဲဆိုရင် လယ်ယာမြေဆိုတာ ကျွန်တော်တို့ တောသူတောင်သားအတွက် ဘဝပါ။ စွဲဆိုထားတဲ့ ပုဒ်မတွေကိုလည်း ပြန်ရုပ်သိမ်းပေးစေချင်တယ်။ နောက်ပြီး သူတို့ဖျက်ဆီးခဲ့တဲ့ သီးပင်စားပင်တွေကို လျော်ကြေးပေးစေချင်ပါတယ်” ဟု ၂၀၁၃ ခုနှစ်တွင် ၎င်းပိုင်လယ်ယာမြေများ ဖျက်ဆီးခံခဲ့ရသော စောခါဖောက ရှင်းလင်းပြောကြားသည်။ကောင်းမြန်မာအောင်ကုမ္ပဏီမှ နဂါးမောက်ကျေးရွာအုပ်စုရှိ ဒေသခံ တောင်သူလယ်သမား ၁၂ ဦးကို လယ်ယာမြေများနျှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး တောင်သူလယ်သမားများမှာ ယခုအချိန်အထိ တရားရင်ဆိုင် နေရဆဲဖြစ်ကြောင်း သိရသည်။“၂၀၀၉ ခုနှစ်မှာ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်တဲ့ ကောင်းမြန်မာအောင် ကုမ္ပဏီက မြေလွတ်မြေရိုင်းဆိုပြီး ဧက၂၄၀၀ ကျော်ကို လျှောက်ထားခဲ့တယ်။ အဲဒီလိုလျှောက်ထားတဲ့အခါ ကျွန်တော်တို့ဆီကို ဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း တစ်ခုမှ မရှိပါဘူး။ အဲဒီလို ပြောရခြင်းက ကန့်ကွက်စာခေါ်တာတို့၊ လယ်သမားတွေရဲ့ လုပ်ကွက်ရှိရင် ချန်ထားပေးရမှာတို့၊ ညှိနှိုင်းဆွေးနွေးတာတို့ မရှိခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ဒေသခံတွေ ဘာဖြစ်သလဲဆိုရင် အိမ်တွေ အတင်းအဓမ္မ ရွှေ့ပြောင်းခံရ တယ်။မပြောင်းရင် ရဲစခန်းတိုင်ခံရတယ်။ သီးပင်စားပင်တွေ ဖျက်ဆီးကြတယ်။ ဒါတွေကို နိုင်ငံတော်အစိုးရကို စာ (၇) ကြိမ်လောက် စာတင်ခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့တဲ့အတွက် ထွန်းတုံးတိုက်ပွဲ တစ်ခါနဲ့ ဆန္ဒထုတ်ဖော်ပွဲ သုံးခါလုပ်ခဲ့တယ်။ သူတို့က ပြန်ပေးပါမယ်လို့ ပြောတယ်။ နှုတ်နဲ့ပြန်ပေးတာ မလိုချင်ပါဘူး။ စာရွက်စာတမ်း ခိုင်ခိုင်မာမာနဲ့ ပြန်ပေးတာ လိုချင်တာပါ။ ပါးစပ်နဲ့ပေးတာကို ယုံကြည်မှုမရှိဘူး”ဟု နဂါးမောက်ကျေးရွာအုပ်စုနေ စောဒိုထူးက ပြောကြားသည်။ထို့ပြင် ၎င်းက “ တောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (တောင်ငူမြို့နယ်) က ဒီလယ်ယာမြေတွေကို ကူညီပေးမယ်ဆိုပြီး သိမ်းဆည်းခံ ၂၄၀၀ထဲမှာပါတဲ့ ဒေသခံတွေဆီ ကနေ ၁၅၀၀ တောင်းတယ်။ ၂၀၀၀ တောင်းတယ်။ ကူညီမယ်လို့ ပြောသော်ငြားလည်း ဒေသခံတွေကို ကူညီပြီး စာတင်တဲ့ လက်ခံ ကျွန်တော်တို့ဆီမှာမရှိဘူး။ ဒါကြောင့်မို့ တကယ်တင်လား၊ မတင်လား လက်ခံမပေးတဲ့အတွက် ကျွန်တော်တို့က အယုံအကြည်မရှိဘူး။ နောက်ပြီး လယ်သမားပါတီက ဦးဆောင်ပြီး ကောင်းမြန်မာအောင်ကို ဆန္ဒထုတ်ဖော်မယ်ဆိုပြီးမှ ရုပ်သိမ်းလိုက်တယ်။ ဦးခင်မောင်အေးနဲ့ တွေ့ပြီး ရုပ်သိမ်းလိုက်တာ။ အဲဒါကြောင့် ပိုပြီးတော့ ယုံကြည်မှု မရှိတော့ဘူး။ ပြီးတော့ ကျွန်တော်တို့ တောင်းဆိုချက်နဲ့ ကုမ္ပဏီကပေးတဲ့ အချက်တွေက ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုရင် ကုမ္ပဏီက ပါတီကို တာဝန်ပေးလိုက်တာက လယ်သမားတွေကို တစ်ဧက သုံးသိန်းပေးမယ်။ ယူချင်ယူ မယူရင် ကုမ္ပဏီအတွက် ကျွန်းစိုက်ပေး။ မစိုက်ရင် မဝင်နဲ့။ ဝင်ရင် တရားစွဲမယ်။ ဒါဟာ ကုမ္ပဏီ ဘက်ကပြောတယ်လို့ ခံစားရတယ် ” ဟု ပြောကြားသည်။မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (တောင်ငူမြို့နယ်) မှ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ကောင်းမြန်မာအောင် ကုမ္ပဏီနှင့် မြေသိမ်းခံတောင်သူများအကြား မြေယာပြဿနာအငြင်းပွားမှုများနှင့် ပတ်သက်၍ သတင်းများရေးသားခဲ့သော Eleven Media Group ၏ တောင်ငူမြို့နယ် အခြေစိုက်သတင်းထောက် ကိုဇော်ဝင်းချစ်ကို အလိုမရှိကြောင်း ယင်းမြို့နယ်အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။နဂါးမောက်ကျေးရွာအုပ်စု ဒေသခံ တောင်သူလယ်သမားများသည် ယင်းကဲ့သို့ မြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး ကောင်းမြန်မာအောင်ကုမ္ပဏီမှ ပြန်လည်စွန့်လွှတ်မည့် လယ်ယာမြေတွင် လုပ်ကိုင်ခွင့် အမည်ပေါက်သူ ဦးခင်မောင်အေးကိုယ်တိုင် လက်မှတ်ထိုးပြီး သက်ဆိုင်ရာအစိုးရဌာန အသီးသီးမှ သက်သေယူပြီး တရားဝင်စွန့်လွှတ်ကြောင်း စာထုတ်ပြန်ပေးရန် အချက်အပါအဝင် အချက် ၁၂ ချက်ဖြင့် ဖြေရှင်းပေးရန် တောင်းဆိုထားသည်။
CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် ကောင်းမြန်မာအောင်ကုမ္ပဏီက တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စုရှိ လယ်ယာမြေများ သိမ်းဆည်းထားမှုအပေါ် ဒေသခံလယ်သမားများ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်း















