မြို့နယ်တရားရုံး အသီးသီးမှ တရားစွဲဆိုထားမှု ၈၀ မှုရှိသည့် ကိုနန္ဒစစ်အောင်၊ ၂၅ မှုရှိသည့် မဖြိုးဖြိုးအောင် အပါအဝင် ဗကသ ကျောင်းသား ခေါင်းဆောင်များအား ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မငါးခုဖြင့် ဆက်လက်ရုံးထုတ်၍ တရားလိုရဲမှူးနှင့် တရားလိုပြ သက်သေတို့ကို စစ်ဆေး
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြမှုဖြင့် သာယာဝတီ တရားရုံး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲဆိုခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းသွေးသစ်၊ ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ မဖြိုးဖြိုး အောင်၊ ကိုလင်းထက်နိုင်(ခ)ဂျိမ်း၊ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ဖေ ဖော်ဝါရီ ၁၁ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။
၂၀၁၅ ခုနှစ်မတ် ၁၀ ရက်က ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖြိုခွဲခဲ့မှုကို ရှုတ်ချကန့်ကွက်ကြောင်း ဆန္ဒပြမှု၌ ပါဝင်သဖြင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုနန္ဒစစ်အောင်၊ ကျောင်းသူမပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅(ခ)၊ပုဒ်မ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့်ထားမှုအတွက် ဖေဖော်ဝါရီ ၁၁ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ကမာရွတ်မြို့နယ် အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူအား စစ်ဆေးခဲ့သည်။
ထို့နောက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြ တောင်းဆိုရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ ရန်ကုန်တက္ကသိုလ်အရှေ့နှင့် အင်းလျားကန်ပေါင်တို့အား လမ်းလျှောက် ဖြတ်သန်းရာတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ကိုကျော်ကိုကို၊ နန္ဒစစ်အောင်၊ မင်းသွေးသစ်နှင့် ဖြိုးဖြိုးအောင်တို့အား ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားမှုအတွက် တရားလို ဒုရဲမှူးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲဆိုခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နှင့် မပိုပိုတို့အား တွေ့ရစဉ်
“ဒီနေ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ကျောင်းသားတွေ တရားစွဲဆိုခံထားရမှု လေးမှုရှိတဲ့အနက် နှစ်မှုကို စစ်ဆေးခဲ့တယ်။ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကို အပြန်အလှန် စစ်ဆေးတဲ့အခါ သူတို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက လူ့အခွင့်အရေးသင်တန်းတွေ မပေးထားပေမယ့် သူ့ဟာသူ အနည်းကျဉ်းတော့ လေ့လာထားတာရှိတယ်ပေါ့။ အခင်းဖြစ်နေ့မှာ စိန်ဂေဟာ ပိတ်ထားတယ်၊ တခြားဈေးဆိုင်လေးတွေ ပိတ်တယ်လို့ ပြောပေမယ့် အများပြည်သူ ကြောက်လန့်မှုတွေ၊ ထိတ်လန့်မှုတွေကတော့ မရှိဘူးပေါ့။ သူ့အနေနဲ့ ရဲတွေကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရတာ ကြားတယ်။ ဒါပေမဲ့ ဘယ်သူရိုက်လဲတော့ မသိဘူးလို့ ထွက်ဆို တယ်။ ပြီးတော့ အခင်းဖြစ်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မနက် ၉ နာရီကနေ ညနေအထိ တစ်ပြားတစ်ချပ်မှ မပေးဘဲနဲ့ ခေါ်ထားတာလည်းရဲ့စည်းမျဉ်းစည်းကမ်း မညီဘူး။ ကျောင်းသားတွေကိစ္စမှာလည်း ကျောင်းသားတွေက တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ပြီး လာတာလည်း မဟုတ်ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ကျူးကျော်ဖျက်တဲ့ နေရာတွေမှာလည်း လိုသလို ခေါ်ခိုင်းနေတာတွေက မဖြစ်သင့်ဘူး။ ပြည်သူတွေ ရွေးချယ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကိုယ့်ရပ်ကွက်အကျိုး အတွက်ပဲ အဓိက အလေးထား လုပ်ဆောင်သင့်ပါတယ်”ဟု စွပ်စွဲခံရသူတို့၏ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
“ဖြိုးဖြိုးအောင် လက်ရှိရုံးတင် စစ်ဆေးခံနေရတာကတော့ ခုနှစ်မှု၊ တခြားရုံးမတင်ရသေးတဲ့ အမှုတွေကဆို နှစ်ဆယ့်ငါးမှုလောက်ရှိမယ်။ ကျန်တဲ့ ကိုကျော်ကိုကို၊ မင်းသွေးသစ်တို့ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အခု ကျောင်းသားတွေကို မြို့နယ်အသီးသီးမှာ ကားမှတ်တိုင်ရှိရင် ရှိသလောက်ကို တရားစွဲနေသလို ဖြစ်နေတယ်။ တရားစွဲခံရသူတွေ လည်း အရမ်းကို ပင်ပန်းနေပြီဘာလို့ အခုမှများ အမှုဟောင်းတွေနဲ့ ပြန်စွဲနေလဲမသိဘူး။ အခုကျောင်းသားတွေက သူတို့ကိုလက်စားချေနေတယ်လို့ ခံစားနေရတယ်။ ဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီကိစ္စတွေနဲ့ပတ်သက်လို့ တစ်မြို့နယ်တည်းမှာ စုပြီး စစ်ဆေးပေးဖို့ကို ကိုယ်ပိုင် မူလဘူတအာဏာအရ ခွင့်ပြုပေးသင့်တယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မဖြိုးဖြိုးအောင်မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှုဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ၁၄၃ ၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ စုစုပေါင်းနှစ်မှုဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရကြောင်း သိရသည်။
“လက်ရှိ ကိုနန္ဒစစ်အောင်ကို မြို့နယ်အသီးသီးမှာ စွဲထားတဲ့ အမှုပေါင်း ၈၀ အထိ ရှိတယ်။သက်ဆိုင်ရာရဲစခန်းက လာအကြောင်းကြားပါတယ်။ လက်ရှိ တရားရုံးတက်နေရတာက ခုနှစ်ရုံးပါ။ တချို့အမှုတွေက တရားရုံးမတက်ရသေးဘူးပေါ့။ အများဆုံး အဖွင့်ခံထားရတာကတော့ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တွေနဲ့ပါ။ ဒီလိုကျောင်းသားတွေကို အမှုတွေ အများကြီး၊ ပုဒ်မတွေအများကြီးနဲ့ အမှုဖွင့် တရားစွဲဆိုမှုတွေ ပြုလုပ်နေတာတွေက လာမယ့်သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါ အခက်အခဲရှိအောင် ရည်ရွယ်ပြီး လုပ်နေတယ်လို့ထင်တယ်။ အခုက တိုင်းဒေသကြီးလေးခုမှာ အမှုဖွင့် တရားစွဲဆိုခံနေသလို ဖြစ်နေတယ်။ အခုပဲခူးတိုင်း၊ ရန်ကုန်တိုင်းတရားရုံးတွေမှာ တရားရင်ဆိုင်နေရတယ်။ မကွေးတိုင်းက သူတို့ကို တရားစွဲတင်ပြီဆိုတာနဲ့ ကျွန်တော်တို့ရှေ့နေတွေအနေနဲ့ တိုင်းဒေသကြီး လေးခုမှာရှိတဲ့ အမှုတွေကို တစ်ပေါင်းတည်း ရန်ကုန်မှာ စစ်ဆေးပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ လျှောက်ထားမှာပါ”ဟု ကိုနန္ဒစစ်အောင်၏ ရှေ့နေ ဦးဌေးက ပြောကြားသည်။
ကိုနန္ဒစစ်အောင်မှာ သာယာဝတီမြို့ နယ်တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ၁၈ စုစုပေါင်း သုံးမှုဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တာမွေမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရကြောင်း သိရသည်။
ကိုကျော်ကိုကိုမှာ သာယာဝတီမြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့ နယ်တရားရုံးတွင် ပုဒ်မ ၁၈၊ စုစုပေါင်းနှစ်မှုဖြင့် လည်းကောင်း၊ ကျောက်တံတားမြို့နယ်တွင် ပုဒ်မ ၁၈ နှစ်မှုဖြင့်လည်းကောင်း တရားစွဲဆိုခံထားရကြောင်း သိရသည်။
ကိုမင်းသွေးသစ်မှာ သာယာဝတီမြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇တို့ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တရားစွဲဆိုခံထားကြောင်းနှင့် ကိုလင်းထက်နိုင်(ခ) ဂျိမ်းမှာ ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈၊ စုစုပေါင်းသုံးမှုဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။















