မြနန္ဒာဆည်အနီးတွင် တော့ရွိုင်ရယ်စတားကုမ္ပဏီမှ ဆောင်ရွက်နေသည့် မြေလွတ်မြေရိုင်းဖော်ထုတ်ရေး စီမံကိန်းအပြီး ရပ်ဆိုင်းပေးရန် ဒေသခံများ ဆက်လက်ဆန္ဒပြ

မြနန္ဒာဆည်အနီးတွင် တော့ရွိုင်ရယ်စတားကုမ္ပဏီမှ ဆောင်ရွက်နေသည့် မြေလွတ်မြေရိုင်းဖော်ထုတ်ရေး စီမံကိန်းအပြီး ရပ်ဆိုင်းပေးရန် ဒေသခံများ ဆက်လက်ဆန္ဒပြ
Published 11 February 2016

မြင်းခြံမြို့နယ် ဆားခါးကျေးရွာတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေးအတွက် အားကိုးအားထားပြုနေရသည့် မြနန္ဒာဆည်အနီးတွင် ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်လျက်ရှိသော မြေလွတ်မြေရိုင်း ဖော်ထုတ်ရေးစီမံကိန်းအား အပြီးရပ်ဆိုင်းပေးရန် ဒေသခံရွာသူရွာသားများက စီမံကိန်းအနီးတွင် ဖေဖော်ဝါရီ ၁၁ ရက်က ဆက်လက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၀ ရက်က စီမံကိန်း ရပ်ဆိုင်းပေးရန်အတွက် တောင်သူ ၅၀၀ ခန့်က မြင်းခြံမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆားခါးကျေးရွာ မြနန္ဒာဆည်အနီး စီမံကိန်းနေရာအနီးတွင် ဆက်လက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ဆားခါးကျေးရွာအနီးရှိ “တာ့ရွိုင်ရယ်စတား” ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းအနီးတွင် တောင်သူများက အဆိုပါစီမံကိန်းအား အပြီးတိုင်ရပ်ဆိုင်းပေးရန် ကုမ္ပဏီအား ဆန္ဒပြခဲ့ကြောင်း သိရသည်။“မနေ့က မြင်းခြံမှာ ဆန္ဒဖော်ထုတ်တယ်။ ဒီနေ့ စီမံကိန်းကကုမ္ပဏီနားမှာ ဆန္ဒဖော်ထုတ်တယ်။ မြနန္ဒာကန် မပျက်စီးရေး ၊ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်မတွေ့စေဖို့ ဆန္ဒပြရတာဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ထွေးက ဆိုသည်။ဆန္ဒထုတ်ဖော်မှုအား တရားဝင်ခွင့်ပြု ချက်ရယူခဲ့ပြီး ဒေသခံတောင်သူ ၅၀၀ ခန့်က ကုမ္ပဏီအား တစ်နာရီကြာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ဒေသခံတောင်သူ ၅၀၀ ခန့်က“မြနန္ဒာဆည်အတွင်း မြေလွတ်မြေရိုင်း ဖော်ထုတ်မှုများ ရပ်ဆိုင်းရေး ဒို့အရေး”၊ “ဆားခါးကျေးရွာသောက်သုံးရေ မပျက်စီးရေး-ဒို့အရေး”၊ “ဆားခါးကျေးရွာ မြနန္ဒာဆည် မပျက်စီးရေး - ဒို့အရေး” အစရှိသည့် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြနန္ဒာဆည်မှ စီမံကိန်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent