တရုတ်မယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီး တစ်ဦးက ကိုယ်ဝန်လေးလခန့်နှင့် ထွက်ပြေးလာပြီးနောက် ၎င်းအား ရောင်းစားခဲ့သူ သုံးဦးကို အမှုဖွင့်

တရုတ်မယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီး တစ်ဦးက ကိုယ်ဝန်လေးလခန့်နှင့် ထွက်ပြေးလာပြီးနောက် ၎င်းအား ရောင်းစားခဲ့သူ သုံးဦးကို အမှုဖွင့်
Published 10 February 2016
ကျော်မျိုး

တရုတ်မယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီး တစ်ဦးက ကိုယ်ဝန်လေးလခန့်နှင့် ထွက်ပြေးလာပြီးနောက် အမှုဖွင့် တိုင်တန်းခဲ့သဖြင့် ၎င်းအား ရောင်းစားခဲ့သူ သုံးဦးကို မိုးကောင်း မြို့မ ရဲစခန်းတွင် (ပ)၁၂/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ (က) ဖြင့် အရေးယူထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။၂၀၁၄ ခုနှစ် သြဂုတ်လပိုင်းက ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် -- ကျေးရွာတွင် လူကုန်ကူးခံရသော အမျိုးသမီးနှင့် တစ်ရွာတည်းနေသူဖြစ်သည့် ကိုမွန်းအောင် (ခ) မူအောင်၊ ဒေါ်မေဦးနှင့် အစ်မအဖြစ် တော်စပ်ပြီး တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုထားသည့် ဒေါ်အားရီတို့က တရုတ်နိုင်ငံတွင် တစ်ရက်လျှင် အလုပ်လုပ်ခ ယွမ်ငွေ ၁၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။ထို့နောက် ကန်ပိုက်တည်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံရှိ ဒေါ်အားရီ နေထိုင်ရာ လုခူးမြို့အနီး ရွာတစ်ရွာတွင် မြေသယ်သည့် အလုပ်ကို လုပ်ခမရဘဲ ခုနစ်ရက်ခန့် လုပ်ခဲ့ရပြီး ဒေါ်အားရီ၏ ခင်ပွန်းဖြစ်သူ လီဆူးတိုင်းရင်းသားနှင့် ဒေါ်မေဦးတို့က ကျေးရွာတစ်ရွာရှိ တရုတ်အမျိုးသား တစ်ဦးထံ ယွမ်ငွေခုနစ်သောင်းဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။   အရောင်းစားခံရသူ အမျိုးသမီးမှာ တရုတ်အမျိုးသားနှင့် ခြောက်လခန့် ပေါင်းသင်းခဲ့ရကာ ကိုယ်ဝန် လေးလခန့်ရရှိပြီးနောက် ယင်းအိမ်မှ ထွက်ပြေးကာ မိခင်နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ၎င်းအား ရောင်းစားခဲ့သည့် ကိုမွန်းအောင်၊ ဒေါ်မေဦးနှင့် ဒေါ်အားရီတို့အား အရေးယူပေးရန် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က အမှုဖွင့် တိုင်တန်းခဲ့သဖြင့် မိုးကောင်းမြို့မ ရဲစခန်းမှ အရေးယူထားကြောင်း၊ ကျန်ရှိသော တရုတ်နိုင်ငံနေ ဒေါ်အားရီအား ဖမ်းမိရေးအတွက်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နယ်စပ်ဆက်ဆံရေး အရာရှိရုံး၊ လွယ်ဂျယ် (BLO) မှ တစ်ဆင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent