၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုမှာ ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။“မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းက အဆက်မပြတ် တိုးတက်နေပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်က ၄ ဒသမ ၆၈ သန်း ဝင်ရောက်ထားပါတယ်။ အရင်ကထက် ဧည့်သည် ဝင်ရောက်မှုက ၅၂ ရာခိုင်နှုန်း တိုးတက်မှုရှိပါတယ်။ နောက်ပြီး အခုလို ဧည့်သည် ဝင်ရောက်မှု တိုးတက်လာတာနဲ့အတူ ဒေသခံ ပြည်သူတွေရဲ့အပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းကနေ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။မြန်မာနိုင်ငံရှိ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ဆောင်မှုလုပ်ငန်းများလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပြီး ဒေသအလိုက် မိမိတို့၏ ဇုန်နယ်မြေများတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။
ထို့ပြင် ဝန်ကြီးဌာန အနေဖြင့်လည်း ယခင်နှစ် နိုဝင်ဘာမှစ၍ ပုဂံမြို့အနီး မြိုင်မြို့နယ်တွင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရာတွင်လည်း ရေးဆွဲခဲ့ပြီးသော ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းပါ မဟာဗျူဟာ ခြောက်ချက်အပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာနိုင်ခြင်း၊ မိမိတို့ဒေသ ရိုးရာယဉ်ကျေးမှုများကို မျှဝေသိရှိ ခံစားစေနိုင်ခြင်းအပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်မှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းကို အဆိုပါစီမံကိန်းဖြင့် ကယားပြည်နယ်တွင် လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် အခြားသင့်တော်သည့် ဒေသများတွင်လည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း သိရသည်။
ထို့ပြင် ပုဂံမြို့အနီး မြိုင်မြို့နယ်တွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည့် အချိန်မှစ၍ ၂၀၁၅ နှစ်ကုန်အထိ ယင်းဒေသသို့ ခရီးသွားဧည့်သည် ၂၀၀ နီးပါး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ခရီးသွားဧည့်သည် ၁၅၀၀ ကျော် လာရောက်လည်ပတ်မည်ဟု ခန့်မှန်းထားကြောင်းနှင့် စီမံကိန်းမှ ရရှိသည့် ဝင်ငွေများကိုလည်း ကျေးရွာ အကျိုးပြုလုပ်ငန်းများတွင် ပြန်လည် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာလည်း ခရီးသွားလုပ်ငန်း အောင်မြင်စေရန်အတွက် အခြေခံ အရင်းအမြစ်များနှင့် အလှအပများ ပြည့်စုံလျက်ရှိသဖြင့် ယခုသာမက နောင်လာမည့် နှစ်များတွင်လည်း နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုမှာလည်း ဆက်လက် တိုးတက်နေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆက်လက် ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်း တိုးလာ















