မြန်အောင်မြို့နယ်အတွင်း ရေနံရှာဖွေရေး စမ်းသပ်မှုများကြောင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်နေပြီး စမ်းသပ်ဧရိယာ၌ ထူအင်းမကြီး ပါဝင်နေသဖြင့် ဒေသခံများ ကန့်ကွက်ထား

မြန်အောင်မြို့နယ်အတွင်း ရေနံရှာဖွေရေး စမ်းသပ်မှုများကြောင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်နေပြီး စမ်းသပ်ဧရိယာ၌ ထူအင်းမကြီး ပါဝင်နေသဖြင့် ဒေသခံများ ကန့်ကွက်ထား
Published 5 February 2016
အောင်ကျော်မျိုး (ဟင်္သာတ)

မြန်အောင်မြို့နယ်အတွင်း ရေနံရှာဖွေရေး စမ်းသပ်မှုကြောင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်နေကြပြီး စမ်းသပ်ဧရိယာ၌ ရှားပါး သဘာ၀ သယံဇာတ ပေါများသော ထူအင်းမကြီး ပါဝင်နေသဖြင့် ဒေသခံများက ကန့်ကွက်ထားကြောင်း သိရသည်။
“ကျေးရွာပေါင်း ၂၀ မှ ဒေသခံတွေက ထူအင်းမကို မှီခို စားသောက်နေကြရတာ။ ပိန်းရိုးကို နိုင်ငံခြား ပို့တယ်။ သိန်းပေါင်းထောင်ချီပြီး နှစ်တိုင်းဝင်ငွေရတယ်။ အမိုးအကာအနေနဲ့ သက်ကယ်တို့ ဝက်လာတို့ ထွက်တယ်။ အခင်းလုပ်တဲ့ ကျူထွက်တယ်။ စရစ်၊ ဂုံမင်း၊ နွယ်နီနဲ့ ရှားပါး အပင်မျိုးစိတ်တွေ၊ ဆေးဖက်ဝင် အပင်တွေ၊ ရေနေသတ္တဝါ ဇီဝမျိုးစိတ်တွေလည်း အများကြီးရှိတယ်။ ထူအင်းက သဘာ၀ သစ်ဆွေးမြေအဖြစ် နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိမယ်လို့ မလေးရှား သစ်ဆွေးမြေ လေ့လာစောင့်ကြည့်ရေး အဖွဲ့လာတုန်းကပြောတယ်။ ဓာတုအဆိပ်ကင်းတဲ့ အင်းတစ်ခုလို့ သုံးသပ်မှုတွေလည်း ရှိထားတယ်။ ရေနံရှာဖွေရေးကုမ္ပဏီက ပေ ၁၈၀ တစ်ပတ်လည်မှာ လေးကျင်းတူးမယ်။ ရေအောက်မှာ ဖောက်ခွဲမှုလုပ်ပြီး စမ်းသပ်မယ်လို့ ပြောတယ်။ ရေအဆိပ်သင့်ခဲ့ရင် အင်းကို မှီခိုနေတဲ့ရွာတွေ ဒုက္ခရောက်နိုင်တယ်။ ပြီးတော့ ထူအင်းက ခွဲထွက်နေတဲ့ အင်းပေါင်း ၂၀ လည်း ထိခိုက်နိုင်တယ်။ ရေချိုကြောင့် ထူအင်းမှာပေါက်နေတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ ရှားပါးမျိုးစိတ်တွေလည်း မျိုးသုဉ်းပျောက်ကွယ်နိုင်တယ်။ ထူအင်းမ ထိခိုက်ပျက်စီးမှာကို ကျွန်တော်တို့ဒေသခံတွေ လုံးဝမလိုလားဘူး”ဟု သဘာ၀ ထူအင်းမကန်ကြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။
“ရွာထဲနဲ့ အိမ်ခြံတွေ၊ လယ်တွေထဲမှာ တိုင်လာစိုက်တယ်။ ငုတ်လာရိုက်ပြီးမှ ကုမ္ပဏီက ရေနံရှာဖွေရေးအတွက် အမှတ်အသား လုပ်တယ်ဆိုတာသိရတာ။ နစ်နာကြေး မရသေးတဲ့သူတွေ ရှိနေတယ်။ အပြာကြိုးဆွဲတာ လယ်တိုင်းပြီးသွားပြီ။ အနီကြိုးသတ်မှတ်ပြီးရင် တူးတယ်။ ကျွန်တော်တို့ရွာမှာ ရေနံရှာဖွေရေးအတွက် တွင်း ၁၂ တွင်း တူးပြီးသွားပြီ။ ထောက်ကြံ့ကွင်း ရွာမှာဆို ရေနံရှာဖွေရေး မိုင်းကြောင့် ဘုန်းကြီးကျောင်း အဆောက်အအုံ အက်ကွဲသွားတယ်။ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း မလုပ်ဘဲ ပေလျှော့တူးတဲ့အကြောင်း ကုမ္ပဏီဝန်ထမ်းတွေ ပြောတာလည်း ရှိနေတော့ မြေအောက်မှာ မိုင်းခွဲပြီး ရေနံရှာဖွေရေးလုပ်တဲ့အခါ သီးနှံတွေပျက်စီးပြီး မြေဆီလွှာနဲ့ ပတ်ဝန်းကျင် ထိခိုက်မှာကို အရမ်းစိုးရိမ်တယ်”ဟု ဖက်ဝင်းကုန်းကျေးရွာမှ တောင်သူ စောကလယ်ထူးက ပြောကြားသည်။
လက်ရှိတွင် မြန်အောင်မြို့နယ် တွင်းကျေးရွာအုပ်စု ၂၃ အုပ်စု၌ ရေနံရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကို သိရကြောင်း၊ သုံးနှစ်အတွင်း ရေနံစမ်းသပ် ရှာဖွေခွင့်ကို Petronas ကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားခြင်းဖြစ်ပြီး Cilopat ကုမ္ပဏီကို ငှားရမ်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိပြီး တစ်နှစ်ကျော်အကြာတွင် စမ်းသပ်ရှာဖွေမှုများ စတင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရေနံတွေ့ရှိမှုအပေါ် မူတည်ကာ ကုမ္ပဏီက ဆက်လုပ်မည်၊ မလုပ်မည်ကို အစိုးရနှင့် ပြန်လည် ဆွေးနွေးမည်ဟု သိရှိထားကြောင်း၊  ဒေသခံများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေကြပြီး သဘာ၀ သယံဇာတတစ်ခုဖြစ်သည့် ထူအင်းကိုလည်း ရေနံရှာဖွေရေး စမ်းသပ်ဧရိယာတွင် ထည့်သွင်းထားမှုကြောင့် ကန့်ကွက်မှုများလည်း ရှိနေကြောင်း၊ ယခုကဲ့သို့ စီမံလုပ်ဆောင်မှုမှာ မြန်အောင်ရေနံမြေကို တိုးချဲ့ပြီး ရေနံထွက်နှုန်းတက်အောင် လုပ်ဆောင်မည့် သဘာပင်ဖြစ်ကြောင်း တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး(EITI)အဖွဲ့ မှ ကိုပြည့်ဖြိုးအောင်က ပြောကြားသည်။
 “မိုင်းခွဲမယ်ဆိုရင် ဘယ်လိုဖြစ်နိုင်လဲလို့ ဒေသခံတွေက မေးလာလို့ ကုမ္ပဏီကို ခေါ်မေးပေးတယ်။ ကျေးရွာထဲ ထိခိုက်နိုင်တဲ့ နေရာတွေမှာ မိုင်းမခွဲပါဘူး။ ထိခိုက်မှု လွတ်ကင်းမယ့် နေရာတွေမှာပဲ မိုင်းခွဲပါမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီကတစ်ဆင့် ဒေသခံတွေကိုလည်း ပြန်လည်ရှင်းပြထားပါတယ်”ဟု မြန်အောင်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးအောင်ဝင်းက ဖြေကြားသည်။ဒေသခံတို့၏ဆန္ဒကို ဦးစားပေးစဉ်းစားရန်နှင့် ဒေသခံများ လက်မခံပါက ဇွတ်အတင်းမလုပ်ရန် ကုမ္ပဏီကို မှာကြားထားကြောင်း၊ ပြည်ထောင်စုအစိုးရ၏ သဘောတူညီစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက်လည်း နိုင်ငံတော်လည်း အကျိုးရှိအောင်၊ ပြည်သူလည်း အကျိုးရှိအောင် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
        အဆိုပါ ရေနံရှာဖွေရေးကိစ္စရပ်များနှင့် ပတ်သက်၍ Petronas ကုမ္ပဏီမှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ မိမိတို့ဖြေကြားခွင့် မရှိကြောင်းနှင့် ဖြေကြားနိုင်မည့်သူတို့နှင့် ချိတ်ဆက်ပေးမည်ဟု ဆိုသော်လည်း ပြန်လည် ဆက်သွယ်မှု မရှိခဲ့ပေ။

Most Read

Most Recent