ပန်းတနော်မြို့နယ် ခနွှဲခဘိုကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဓားဖြင့်အထိုးခံရ

ပန်းတနော်မြို့နယ် ခနွှဲခဘိုကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဓားဖြင့်အထိုးခံရ
Published 4 February 2016
ရှိုင်းလင်းအောင်

ပန်းတနော်မြို့နယ် ခနွှဲခဘိုကျေးရွာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် အမျိုးသားတစ်ဦးဓားဖြင့် ထိုးခံရမှု ဖေဖော်ဝါရီ ၃ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ခနွှဲခဘိုကျေးရွာအတွင်း နေထိုင်သူများ ကိုဖိုးလမင်းကုမ္ပဏီမှ ၎င်းတို့ပိုင်ဆိုင်သည့် အင်းလုပ်ငန်းများပေါ်တွင် ငါးများ ဝင်ရောက်ဖမ်းဆီးသည်ဟုဆိုကာ နယ်မြေရဲစခန်းတွင် အမှုများဖွင့်ထားကြောင်း သိရပြီး ဖေဖော်ဝါရီ  ၃ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ပုဒ် မ ၃၇၉ဖြင့် အမှုဖွင့်ခံထားရသော အမျိုးသားတစ်ဦးအား နေအိမ်တွင် အိပ်နေစဉ်ဝင်ရောက် ဖမ်းဆီးခဲ့သည့်အတွက် ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ယင်းသို့ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား တင်းမာမှုများ ဖြစ်ပွားစဉ်တွင် ဖေဖော်ဝါရီ ၃ ရက် ည၈နာရီခန့်တွင် ရဲအင်အား ၃၀ အပါအဝင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူးများ ပါဝင်သောအဖွဲ့နှင့် ခနွှဲခဘိုကျေးရွာရှိ ပြည်သူ ၁၀၀ကျော်တို့သည် ကျေးရွာအတွင်း ဘုရားနှစ်ဆူရှိရာ တာပေါင်ရိုးပေါ်တွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာသို့ လာရောက်လည်ပတ်သည့် အမျိုးသားတစ်ဦးမှာ ဓားဖြင့်အထိုးခံခဲ့ရကြောင်း သိရသည်။“အုပ်ချုပ်ရေးမှူးရဲ့ အိမ်ရှေ့တည့်တည့်မှာ ရွာသူရွာသားတွေနဲ့ ရဲတွေ ပဋိပက္ခတွေ ဖြစ်နေကြတယ်။ ကျွန်တော်က ဘာအပြစ်မှမရှိတဲ့သူဆိုတော့ အဲဒီနားကို ဖြတ်လျှောက်သွားတဲ့အချိန် ရဲသုံးယောက် ကျွန်တော့်အနားကိုလာပြီး ဓားနဲ့ထိုးတယ်။ ဓားနဲ့အထိုးတဲ့သူတွေက ရဲဝတ်စုံဝတ်ထားကြတယ်။ ရုပ်တွေကို မသဲကွဲပေမယ့် ယူနီဖောင်း ဝတ်ထားတာတော့ အမှန်ပဲ။ ကျွန်တော်က ပဋိပက္ခထဲမှာလည်း မပါဘူး။ အစ်မဆီကို လာလည်ရင်း ဓားနဲ့ထိုးခံရတာ။ ကျွန်တော်နဲ့ သူတို့နဲ့ ဘာမှမဆိုင်ဘူး။ ခေါင်းကိုလည်း တုတ်နဲ့သုံးချက် အရိုက်ခံရတယ်”ဟုဓားဖြင့်ထိုးခံခဲ့ရသူ အမျိုးသားကပြောကြားသည်။ ဓားဖြင့်အထိုးခံရသူအမျိုးသားမှာ ဘယ်လက်ချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိတွင် ပန်းတနော်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ခနွှဲခဘိုကျေးရွာ နယ်မြေရဲစခန်းမှ ရဲအုပ်စန်းယုနိုင်က “ရွာသားတွေက ဖိုးလမင်းပိုင်တဲ့ အင်းထဲမှာ သမလိုက်ပြီး ငါးတွေကို ကျော်ကျော်ပြီး ဖမ်းတဲ့အတွက် အမှုဖွင့်ထားတာတွေ ရှိတယ်။ ၃ ရက်နေ့ နံနက် ၄ နာရီက အင်းချောင်းထဲမှာ ငါးခိုးဖမ်းတဲ့ အတွက် ပုဒ်မ ၃၉၇ နဲ့ ဖွင့်ထားတဲ့ ရွာသားနှစ်ယောက်ကို ဖမ်းလိုက်တယ်။ ၃ ရက်နေ့ညမှာ လှည့်ကင်းလှည့်တော့  ‘သူခိုး...သူခိုး’ဆိုပြီး သံပုံးတွေတီးပြီး ငြာသံပေးပြီး ရောက်လာကြတယ်။ တုတ်တွေ ခဲလုံးတွေ လေးခွတွေနဲ့ ပစ်တော့ မိုးပေါ်ထောင်ပြီး သေနတ်တစ်ချက် ဖောက်လိုက်တယ်။ အနားကို ကပ်လိုက်လို့ ခြောက်လှန့်ပစ်ခတ်တာ လူစုကို ပစ်တာမဟုတ်ဘူး” ဟုဆိုသည်။အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ ဓားဖြင့်ထိုးခဲ့ခြင်းရှိ၊ မရှိမေးမြန်းရာတွင်“ကျွန်တော်တို့ဆီမှာ ဓားမပါပါဘူး။ လုံးထွေးနေတဲ့အချိန်မှာ သူတို့အချင်းချင်းပဲ ထိမလားတော့မသိဘူး။ ကျွန်တော်တို့ကတော့ ပြေးလွှားနေရလို့ ဓားနဲ့ ထိုးမိလားဆိုတာ ကြည့်လည်း မကြည့်မိဘူး။ တွေ့လည်း မတွေ့မိဘူး။ သတိလည်း မရဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ခနွှဲခဘိုကျေးရွာ နယ်မြေရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိက မိုးပေါ်သို့ သေနတ်တစ်ချက် ထောင်ပစ်ပါသည်ဟု ဖြေကြားခဲ့သော်လည်း ရွာသားများနှင့် အခင်းဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူများမှမူ သေနတ်သုံးချက် ပစ်ဖောက်သည်ဟု ဆိုကြသည်။ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားမှု အနီးနားတွင် နေထိုင်သူတစ်ဦးဖြစ်သူ မသန်းသန်းဌေးက “ညက တီဗွီကြည့်နေတုန်း ရဲ ၃၀ လောက် ရွာထဲကို လူဖြန့်ပြီး ဝင်သွားတယ်။ ပထမနေ့ကလည်း ကောင်လေးတစ်ယောက်ကို ဖမ်းသွားတယ်။ ဖမ်းတုန်းက သူ့အိမ်က တံခါးမဖွင့်ပေးဘူးပြောတာကို သူတို့က မဖွင့်ရင် ရိုက်ချိုးတက်မယ်လို့ပြောလို့ ဖွင့်ပေးလိုက်ရတယ်။ အဲဒီလို ညဘက်တွေမှာ ရွာထဲကလူတွေကို အိမ်ပေါ်တက်တက်ပြီး ဖမ်းနေတာ။ အဲဒီညက ရွာသားတွေကလည်း ခဲတွေတုတ်တွေနဲ့ပစ်တယ်။ သူတို့ဘက်ကားနဲ့ ထိုးလိုက်တော့ တစ်ယောက် ထိုးခံလိုက်ရတယ်။ ရဲတွေဘက်က  သေနတ်နဲ့ သုံးချက်ပစ်တယ်။ ကျွန်မတောင် သေနတ်မှန်မှာစိုးလို့ ကလေးတွေကိုခေါ်ပြီး ဗီရိုနောက်မှာ သွားပုန်းနေရတယ်”ဟု ပြောကြားသည်။    ခနွှဲခဘိုကျေးရွာရှိ ပြည်သူများနှင့် အဆိုပါ ကျေးရွာအနီးတွင် အင်းလုပ်ငန်းလုပ်ကိုင်နေသော ဖိုးလမင်းကုမ္ပဏီတို့သည် ၂၀၁၃ ခုနှစ်မှ စပြီး လယ်ယာမြေများ အင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုမှုများ ရှိခဲ့ပြီး ရွာသူရွာသားအချို့မှာ ဖိုးလမင်းကုမ္ပဏီက တရားစွဲဆိုမှုကြောင့် ထောင်ချခံရဖူးသူများလည်း ရှိနေသည်။ ၂၀၁၆ ခုနှစ်နှစ်စမှ ယခုအချိန်အထိ ဖိုးလမင်းကုမ္ပဏီမှ ရွာသားများအား တရားစွဲဆိုမှု ၁၅ မှုအထိ ရှိနေကြောင်း သိရသည်။            

Most Read

Most Recent